Breaking News

ညိုထွန်းလူ — ရေးဖြစ်တဲ့ ဝတ္ထုလေးတပုဒ်


ညိုထွန်းလူ — ရေးဖြစ်တဲ့ဝတ္ထုလေးတပုဒ်

(မိုးမခ) ဖေဖော်ဝါရီ ၇၊ ၂၀၂၂

တနည်းအားဖြင့် မီးရထားနှင့် ခရီးသွားလာကြသူများ....

လွန်ခဲ့သည့် နှစ်သုံးဆယ်လောက်က ဖြစ်ပါ၏။ ကျွန်တော် လိုက်ပါလာသည့် မီးရထားသည် မြို့ငယ်လေးတမြို့ ၏ ဘူတာရုံရှေ့သို့ ထိုးဆိုက်လိုက်သည်။ နေ့ရထားဖြစ်၍ ခရီးသည်တွေ သိပ်မပါ။ မီးရထားက ဘူတာမှာ တစ်မိနစ်လောက်ပဲ ရပ်နားသည်မို့ ရထားတွဲ အဆင်း အတက်ကို မြန်မြန်သွက်သွက် လှုပ်ရှားကြရသည်။

ကျွန်တော်နှင့် မျက်နှာချင်းဆိုင် ထိုင်ခုံလွတ်နေရာမှာ စိန့်မျိုးနွယ် ခရီးသည်လူငယ်စုံတွဲတတွဲ ရောက်လာကြသည်။ သူတို့ကို မသိမသာ အကဲခတ်ကြည့်လိုက်သည်။

မင်္ဂလာဆောင်ပြီးစ အသစ်စက်စက် ဇနီးမောင်နှံ ဖြစ်ပြီး သတို့သား ခေါ်ရာနောက်သို့ သတို့သမီးက လိုက်ပါလာခဲ့ရခြင်း ဖြစ်သည်ကို ခန့်မှန်းမိလိုက်သည်။

လူသွားစင်္ကြံလမ်းပေါ်မှာ ရပ်နေသော မိခင်တရုတ်မကြီးသည် ရထားတွဲဆီသို့ လျင်မြန်စွာ ချဥ်းကပ်၍ ပြတင်း ပေါက်အပြင်သို့ ခေါင်းပြူထွက်လာသည့် သမီးကလေးကို တတွတ်တွတ် ပြောနေ၏။ တရုတ်လို ပြောနေကြ၍ ဘာတွေ ပြောနေကြမှန်း ကျွန်တော်လည်း မသိပေ။

ထိုအခိုက် မီးရထားစက်ခေါင်းဆီမှာ ဘော်ဝေါ်ဝေါ် ဥသြဆွဲသံ ကြားလိုက်ရသည်။ ရထားထွက်တော့မည်။ သမီးကလေးက ငိုသံတွေဖြင့် အံမား အံမားဟု အော်လိုက်၍ မိခင်ကြီးခမျာ ပျာယာခတ်သွားရလေပြီ။ စကားပြောရင်း အထစ်ထစ်အငေါ့ငေါ့ ဖြစ်ကုန်ပြီး ငိုချင်စိတ်ကို မနည်းထိန်းချုပ်ထားရရှာသည်။

ကျွန်တော်သည် အပူမီးတွေ တောက်လောင်နေရသည့် မိခင်တယောက်၏ သောကကို မြင်တွေ့လိုက်ရ၍ သက်ပြင်းတချက် မှုတ်ထုတ်လိုက်မိသည်။ ကလေးမကလေးအနားမှာ ထိုင်နေသည့် အသစ်စက်စက် သတို့သားက တော့ ဘာဖြစ်နေသည် မသိ။ ယောက္ခမဖြစ်သူ စိတ်ချမ်းသာအောင်​ စကားတခွန်းတလေမျှ ဝင်ရောက်ပြောဖော်မရ။ သူနှင့်မသက်ဆိုင်သည့်အလား စောင်းငဲ့၍ပင် မကြည့်။ ရထားတွဲကြမ်းပြင်ပေါ်သို့ ခြေချထားရင်း ထိုင်ခုံပေါ်မှာ မသက်မသာ ထိုင်နေသည့် သူ့ခန္ဓာကိုယ်အပေါ်ပိုင်းသည် မတ်မတ်တောင့်တောင့်ကြီးဖြစ်နေသည်။ 

တဖန် သူသည် ဒူးခေါင်းနှစ်ဖက်ပေါ်သို့ လက်အစုံကို တင်၍သကာလ ရှေ့ဆီသို့ မျက်လုံးငယ်ကြောင်တောင် တောင်ဖြင့် ငေးမောကြည့်နေချေ၏။

မီးရထားသည် ဥသြသံပေးပြီး ဘူတာမှ ငြိမ့်ခနဲ ထွက်ခွာသွားလေ့ရှိသော်လည်း ယခုတော့ တုတ်တုတ်မျှ မလှုပ်သေးပေ။ ဘယ့်နှာကြောင့်ပါလိမ့်။ 

ဟော- တွေးရင်းဖြင့် မီးရထားစက်ခေါင်းဆီမှ ဘော်ဝေါ်ဝေါ် ဥသြဆွဲသံကို ဒုတိယမ္ပိ ကြားရပြန်လေပြီ။ သည်တခါမှပဲ ရထား တကယ်ထွက်တော့မည်။

မီးရထားဥသြဆွဲသံသည် မိခင်တရုတ်မကြီးအတွက် မကောင်းဆိုးရွားအသံနှင့် မခြား။ သမီးကို စကားတွေ အဆက်မပြတ်ပြောရင်း စိတ်မထိန်းနိုင်တော့ဘဲ မျက်ရည်တွေ ပိုးပိုးပေါက်ပေါက် ကျဆင်းလာသည်။

သမီးကလေးကလည်း အံမား အံမားဟု အော်ရင်း တအိအိ ငိုနေလျက်။ စိတ်ဆင်းရဲသည့် မြင်ကွင်းကြောင့်မီးရထား မြန်မြန်ထွက်စေချင်မိသည်။

ခက်တာက မီးရထားက မထွက်နိုင်သေး။ ရထားတွဲထဲရှိ ခရီးသည်အချို့က ပြတင်းပေါက်အပြင်ဘက်သို့ ကိုယ်တခြမ်းထွက်ပြီး စက်ခေါင်းဆီသို့ လှမ်းမျှော်ကြည့်ကြကုန်၏။ တယောက်နှင့် တယောက် မေးမြန်းကြရင်း ထင် မြင်ချက်အမျိုးမျိုး ပေးကြလေ၏။ ဆယ့်ငါးမိနစ်ခန့်အကြာမှာတော့ စက်ခေါင်းပျက်သွားတာ စက်ခေါင်းအသစ်ကို လှမ်းမှာထားတယ်ဆိုသည့် ခိုင်မာသည့် သတင်းထုတ်ပြန်ချက်ကို အတိအကျ သိလိုက်ရ၏။

ကဲ- ဘာလုပ်ကြမလဲဟု မအူမလည်ဖြင့် ကျွန်တော် တွေးလိုက်သည်။

တကယ်တော့ သည်လမ်း သည်ခရီးမှာ ခရီးသွားကြရင်း သို့ကလိုမျိုး တကြိမ် တခါလောက်တော့ ကြုံရစမြဲဖြစ် သည်မို့ မည်သူမျှ ရေးကြီးခွင်ကျယ် လုပ်မနေကြပေ။ 

ငိုပွဲဆင်နေသည့် သားအမိနှစ်ယောက်ကတော့ ရထားမထွက်နိုင်သည့် အကြောင်းရင်းကို သတိမထားနိုင်။မျက်ရည်တတွေတွေ ကျဆင်းရင်း ရှိုက်ငိုနေကြဆဲ။ သူ့ရို့စိန့်တိုင်းပြည်ဘာသာစကားကို နားမလည်မိ၍ ကံ ကောင်းသွား၏။ နို့မဟုတ်လျှင် ကျွန်တော်သည်လည်း ရောယောင်င်ိုမတော့မည် ထင်၏။

သို့ဖြင့် မနေသာတော့ဘဲ "အဒေါ် ရထားစက်ခေါင်းပျက်သွားတာ။ တော်တော်ကြာဦးမယ်တဲ့၊ မတ်တတ်ရပ်နေရတာ ​ညောင်းပါတယ်၊ ရထားတွဲထဲမှာ လာထိုင်လှည့်ပါ"ဟု တရုတ်မကြီးကို ပြောရင်း ထိုင်ရာမှ မတ်တတ်ထလိုက်ရတော့သည်။

ဘူတာရုံ စင်္ကြံလမ်းပေါ်မှာ အညောင်းအညာပြေ လမ်းလျှောက်သည်။ ထို့နောက် ကုက္ကိုပင်ကြီးအောက်ကထိုင်ခုံပေါ်မှာ ထိုင်ပြီး အမောဖြေသည်။

စိတ်အာရုံထဲတွင် ဘဝင်မကျမှုဖြင့် အတွေးတွေ ရှုပ်ထွေးနေလျက်။

ကျွန်တော်တို့နိုင်ငံသည် ကမ္ဘာပေါ်မှာ လူဦးရေအများဆုံး နိုင်ငံကြီး နှစ်နိုင်ငံကြားမှာ တည်ရှိနေသည်။ အဆိုပါနိုင်ငံကြီး နှစ်နိုင်ငံမှာ နေထိုင်ကြသူတို့သည် တနိုင်ငံနှင့်တနိုင်ငံ လူမျိုးတမျိုးနှင့်တမျိုး အသားအရောင် ကိုးကွယ်သည့်ဘာသာတွေ မတူညီကြ။ ဘဝနေထိုင်မှုပုံစံလည်း ကွဲပြားသည်။ သို့ရာတွင် သမီးမိန်းကလေးကို မလိုချင်၊ သားယောကျ်ားကလေးကို တန်ဖိုးထားကြတာချင်းတော့ တူသည်။ လူချင်း အတူတူ ကျား၊ မ ခွဲခြားထားတာကတော့ တော်တော်ဆိုးသည်။

ထိုစဥ်က ကျွန်တော်သည် လူ့အခွင့်အရေးဆိုသဟာကို မသိသေး။ ယနေ့ ခေတ်စားနေသည့် ဂျန်ဒါ ဆိုသည့်စကားလုံးကိုလည်း ကြားတောင်မကြားဖူးသေး။ မိမိခံစားချက်နှင့် အသိအမြင်ကို နားလည်သလို ဆင်ခြင်သုံး သပ်လိုက်ခြင်းသာ ဖြစ်သည်။

အချိန်တွေ တရွေ့ရွေ့ ကုန်ဆုံးသွားသည်။ ကျွန်တော်တို့ မီးရထားတွဲတွေကို ချိတ်ဆွဲမည့် စက်ခေါင်း ရောက်မလာသေး။ တရုတ်မကြီးလည်း ငိုရတာ အားရသွားသည်ထင့်၊ သမီးနှင့် သမက်ကို နှုတ်ဆက်၍ အိမ်သို့ပြန်သွားခဲ့လေပြီ။

ကျွန်တော်တို့ စီးလာသည့် ရထားက ဘူတာမှာ ရပ်တန့်နေရသော်လည်း ပုံမှန်အချိန်အတိုင်း ထွက်လာကြသည့်မီးရထားတွေကတော့ အစုန်အဆန် ခုတ်မောင်းနေလျက်။ ခရီးသည်တွေ တင်ဆောင်သွားသည့် မီးရထားတွေကို ကျွန်တော် ငေးကြည့်နေမိသည်။ မီးရထားတွဲတွေထဲက ခရီးသည်တွေ။ ဘဝတွေ။ ခံစားချက်တွေ။ မျှော်လင့် ယုံကြည်မှုတွေ။ တစ်ယောက်နှင့် တစ်ယောက် မတူညီကြ။ မီးရထားကြီးကတော့ သည်အရေးကို တွေးနေမည် မဟုတ်ပါ။ သူ့တာဝန်အတိုင်း ခုတ်မောင်းနေလျက်ရှိသည်။

သံသရာရထားကြီးကလည်း ထိုနည်းတူပဲ ဖြစ်ပါသည်။ လမ်းခုလပ်တွင် သည်ရထားကြီးပေါ်မှ ဆင်းသူလည်း ရှိ တက်လာကြသူလည်း ရှိ။ မရေမတွက်နိုင်သည့် ဘဝပေါင်းများစွာကို သယ်ဆောင်ပြီး ပုံမှန်အရှိန်နှုန်းဖြင့် ခုတ်မောင်းနေလျက်။

* * *

စားပွဲပေါ်က မင်္ဂလာဆောင်ဖိတ်စာကို ကြည့်ရင်း အမှတ်မထင် ပြုံးလိုက်မိသည်။ ကျွန်တော့်မိတ်ဆွေ ဒေါ်ခင်စန်းမြင့်၏ သမီးမင်္ဂလာဆောင်မို့ သွားရောက်ချီးမြှင့်ပေးရပေဦးမည်။ ဒေါ်ခင်စန်းမြင့် ဆိုတာကလည်း တခြားသူ မဟုတ်ပါ။ လွန်ခဲ့သည့် နှစ်သုံးဆယ်က မီးရထားပေါ်မှာ ခင်မင်ခဲ့သည့် ကလေးမလေး။ ယခုတော့လည်းမိခင်နေရာသို့ ရောက်နေပြီပေါ့။

သူက ဖိတ်စာမပို့ခင်ကတည်းက ကိုဗစ်ရှိနေလို့ လူရင်းတွေပဲ ဖိတ်လိုက်တာ။ လေးလေး လာဖြစ်အောင် လာခဲ့နော်ဟု တယ်လီဖုန်းဆက်၍ ပြောထားသည်။ သူ့သမက်တော်ရမည့် သတို့သားက မီးရထားလမ်းပဲရှိသည့် မြို့ကလေးတမြို့မှာ နေသည်။ သို့ဖြင့် သမီးကို ဘူတာရုံသို့ လိုက်ပို့ရင်း တခါက သူ့မိခင်ကြီးလိုပဲ ငိုပွဲဆင်ရဦးမည်လား။

ကျွန်တော့်အတွေး မှားချင်လည်း မှားနိုင်သည်။ နှစ်ကာလတွေ အများကြီး ကွာခြားသွားခဲ့ပြီပဲ။ ပြီးတော့ မနှစ် ဖေဖော်ဝါရီလကတည်းက မီးရထားတွေခမျာ ကျန်းမာရေးမကောင်း၍ သံလမ်းပေါ်မှာ ခုတ်မောင်းမသွားလာနိုင်ကြတော့။ သူတို့ခမျာများ လူတွေ၏ဘဝတွေကို သယ်ဆောင်ပေးဖို့ နေနေသာသာ သူတို့ကိစ္စ သူတို့အရေးနှင့် ကြုံတွေ့နေရသည့် အခက်အခဲတွေကိုပဲ ရင်ဆိုင်ဖြေရှင်းကြရင်းဖြင့် ကြံ့ကြံ့ခံနိုင်အောင်ကြိုးစားနေကြရှာ သည်။

ဘဝက တိုသည်။ သံသရာက ရှည်လျားသည်မို့ ပျော်ရွှင်ခြင်း၊ ဝမ်းနည်းကြေကွဲရခြင်းတို့ဖြင့် လုံးထွေးနေကြရင်း နှလုံးသားရှိကြသူတိုင်း မျှဝေခံစားကြရစမြဲ။

မည်သို့ပင်ဖြစ်စေ တံတားအောက်မှ ရေသည် အဆက်မပြတ် စီးဆင်းနေလျက် ရှိသည်။

ညိုထွန်းလူ


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar