မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ် ၆ ရက်မြောက်နေ့မြင်ကွင်း
ဖေဖေါ်ဝါရီ ၆ ရက် - ရခိုင်စစ်ပွဲ တကျော့ပြန်လာမလား ၊ စစ်မျက်နှာတွေများလာမယ့် ၂၀၂၂
၂၀၂၀ ခုနှစ်နှောင်းပိုင်းကတည်းက တိုက်ပွဲတွေ လျော့နည်းသွားခဲ့ရာက ရွေးကောက်ပွဲအပြီး နှုတ်ကတိနဲ့ အပစ်အခတ်ရပ်စဲခဲ့တဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်း AA တပ်တွေ နဲ့ အစိုးရစစ်တပ်တို့အကြားက နှုတ်နဲ့ အပစ်ရပ်စဲရေးဟာ ပြီးခဲ့တဲ့ ၂ ရက် ဖေဖေါ်ဝါရီလ ၄ ရက်နေ့ကမောင်တောမှာ ဖြစ်ပွားတဲ့ တိုက်ပွဲကြောင့် ပျက်ပြယ်သွားပြီလားလို့ တွေးစရာရှိလာနေပါတယ်။ ဒီနေ့ ဖေဖေါ်ဝါရီလ ၆ရက်နေ့မှာလည်း မောင်တော ဒေသက တနေ့ကတိုက်ပွဲဖြစ်ပွားခဲ့တဲ့ တပ်ရင်းနဲ့ AA လက်နက်ကိုင်တပ်တို့ တိုက်ပွဲထပ်မံဖြစ်ပွားခဲ့တာကြောင့် နှုတ်နဲ့ သဘောတူထားခဲ့တဲ့ အပစ်အခတ်ရပ်စဲမှုက အဆုံးသတ်သွားတော့မလားဆိုတဲ့ ယူဆမှုတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်မှာတင် AA တပ်ဖွဲ့ဝင်တွေနဲ့ အခြားဆက်စပ်သူတွေကို ကိုဗစ်ကူးစက်ရောဂါ ကာကွယ်ရေးထိုးတဲ့ အစီအစဥ်တရပ်ကို စစ်ကောင်စီကျန်းမာရေး ဌာန၊ အုပ်ချုပ်ရေးဌာနတို့နဲ ဆက်သွယ်ပြီး စတင်ခဲ့ကြပါသေးတယ်။ အရေအတွက်အားဖြင့် ဘယ်လောက်ထိထိုးမယ် ဆိုတာ မသိရသေးပေမယ့်လို့ ကျန်းမာရေးဌာနက တာဝန်ရှိသူတဦးက လူဦးရေ ၈ သောင်းခန့်အထိထိုးပေးမယ်လို့ သတင်းမီဒီယာကို ထုတ်ပြောထားပါသေးတယ်။
အခု သေနတ်သံပေါက်ခြင်းဟာ ၂၀၁၁ ခုနှစ် ကချင်ပြည်နယ် မှာ အစိုးရစစ်တပ်နဲ့ ကေအိုင်အေတို့အကြား ဆယ်စုနှစ်ချီကြာတဲ့ အပစ်ရပ်အဆုံးသတ်သွားစေတဲ့ သေနတ်သံပေါက်မှုမျိုးလားလို့ နှိုင်းယှဥ်စဥ်းစားစရာလည်း ရှိပါတယ်။
ရခိုင့်တပ်တော်လို့ ခေါ်ဆိုတဲ့ Arakan Army ဟာ ပြီးခဲ့တဲ့ ၆ နှစ် ကျော် ၇ နှစ်ဝန်းကျင် အတွင်း စစ်သား အင်အားအဆပေါင်းများစွာ တိုးပွားခဲ့ပြီး ရခိုင်ပြည်နယ်ရဲ့ ဒေသအတော်များများမှာ Shadow Government “နောက်ကွယ်ကအစိုးရ”လို့ ဆိုရလောက်အောင် စစ်ရေးအပြင် အုပ်ချုပ်ရေး ၊ အခွန်အကောက်၊ တရားစီရင်မှု စတာတွေကို တည်ဆောက်ဖို့ တိုက်ပွဲတွေ တိတ်ဆိတ်နေတဲ့ လွန်ခဲ့သော ၁နှစ်ကျော်ကာလ အတွင်း အရှိန်အဟုန်နဲ့ လုပ်ဆောင်နေခဲ့တာဖြစ်ပါတယ်။ ရခိုင်လူမျိုးတွေရဲ့ အမျိုးသားရေးစည်းလုံးမှုအားကို ယူပြီး အခုလို အသံသိပ်မထွက်စေပဲ စစ်ရေးနဲ့ အုပ်ချုပ်ရေးတွေအထိ အရှိန်အဟုန်လျင်မြန်စွာ စည်းရုံးနိုင်ခဲ့သလို စစ်ကောင်စီအဖို့ ပြည်မက တိုင်းဒေသတွေ၊ မြို့ကြီးတွေ၊ တိုင်းရင်းသား ပြည်နယ်အချို့မှာ စစ်မျက်နှာဖွင့်ပြီး အာဏာကို ကာကွယ်နေချိန် AA အနေနဲ့ တန်ဖိုးရှိတဲ့ အခြေအနေနဲ့ အချိန်ကို အသုံးချ လုပ်ဆောင်အောင်မြင်ခဲ့တယ်လို့ အများက အကဲဖြတ်ကြမှာ ဖြစ်ပါတယ်။
၂၀၂၂ခုနှစ် စစချင်း ဒုတိယမြောက်လ မှာပဲ စစ်ကောင်စီအဖို့ စစ်မျက်နှာတခုကို ထပ်မံဖွင့်လှစ်လိုက်ပြီလားလို့ ယူဆစရလည်း ရှိနေသလို ခုနှစ် ၂၀၂၂ ခုနှစ်ဟာ ကေအန်ယူ/ ကေအန်အယ်အေ နဲ့လည်း တိုက်ပွဲတွေဆက်လက်ကျယ်ပြန့်လာစရာ လက္ခဏာတွေ အများကြီးတွေ့လာနေရပါတယ်။ ယမန်နေ့က ရန်ကုန် မော်လမြိုင်/ ဘားအံ ကားလမ်းနဘေး ဘီးလင်းနဲ့ သထုံအကြား မှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး နာရီအနည်းငယ်အကြာ ကားအသွားအလာ ရပ်နားခဲ့ရပါတယ်။ မြဝတီမြို့နယ် လေးကေ့ကော်က နေစဖြစ်တဲ့ တိုက်ပွဲတွေဟာလည်း ပြီးဆုံးသွားတာ မဟုတ်သေးသလို တပ်မဟာ ၅ ဧရိယာ ဖာပွန်ခရိုင်မှာလည်း ကေအန်ယူက စစ်ကောင်စီရဲ့ အုပ်ချုပ်ရေး ပညာရေး၊ ကျန်းမာရေး ဝန်ထမ်းအားလုံး ခုလ ၁၀ ရက်နေ့ နောက်ဆုံးထား ထွက်ခွာဖို့ သတိပေးထုတ်ပြန်ထားသလို စစ်ကောင်စီတပ်တွေကလည်း ယမန်နေ့ကပဲ ဖာပွန်ခရိုင်ထဲက ကျေးရွာတရွာကို လေယာဥ်နဲ့ ဗုံးကြဲ ခဲ့ပါသေးတယ်။ ကရင်ပြည်နယ်ရဲ့ ဖာပွန်ဒေသ၊ သထုံ၊ ဘီးလင်းဒေသ၊ မြဝတီမြို့နယ်၊ ကော့ကရိတ်မြို့နယ်တို့မှာ လတ်တလော တိုက်ပွဲတွေ ဖြစ်ပွားနေတာဖြစ်ပြီး နောက်ဆက်စပ်နေတဲ့ တပ်မဟာ ၆ ရဲ့တောင်ပိုင်းဒေသတွေလို တပ်မဟာ ၄ ရဲ့ တနင်္သာရီဒေသတွေဆီလည်း တိုက်ပွဲတွေ ပျံ့နှံ့ကောင်း ပျံ့နှံ့လာနိုင်ပါတယ်။
ဒါက ကရင်ပြည်နယ် ဖြစ်ပြီး ကယားပြည်နယ်မှာတော့ ခုလပိုင်းတွေမှာ တောက်လျောက်ဆိုသလို တိုက်ပွဲတွေ ဖြစ်ပွားနေခဲ့တာပါ။ လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို၊ ဖယ်ခုံ၊ မိုးဗြဲဒေသတွေမှာ တိုက်ပွဲတွေ၊ KNDF လို့အမည်ပေးထားတဲ့ စစ်အာဏာသိမ်းပြီး အသစ်ဖွဲ့စည်းတဲ့ ကာကွယ်ရေးတပ်တွေနဲ့ ကရင်နီတပ်မတော်တို့ ပူးပေါင်းတိုက်ခိုက်တဲ့ တိုက်ပွဲတွေ နဲ့ တိမ်းရှောင်ရသူစစ်ဘေးရှောင် သိန်းဂဏန်းလောက်ထိ ရောက်ရှိနေတာလည်း ဖြစ်ပါတယ်။
ကယားစစ်မျက်နှာ အပြီးမှာ နောက်ပြင်းထန်တဲ့ စစ်မျက်နှာ တခုက စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်း မြောက်ပိုင်း ဂန့်ဂေါဒေသတွေ ဖြစ်ပါတယ်။ ပုလဲ၊ ကနီ၊ ယင်းမာပင်၊ ရွှေဘို၊ မုံရွာ၊ ဝက်လက်၊ မင်းကင်း၊ ချောင်းဦး၊ ရေဦး၊ တန့်ဆည် စတဲ့ မြို့နယ်တွေ ခရိုင်တွေမှာ တိုက်ပွဲတွေ တနေရာပြီးတနေရာ လှည့်ပြီးဖြစ်ပွားနေသလို တပြိုင်နက်ထဲ ဖြစ်ပွားနေတဲ့ နေရာတွေလည်း ရှိပါတယ်။
စစ်ကိုင်းတိုင်းပြီးနောက် ကျယ်ပြန့်တဲ့ ဒေသနဲ့ သဘာဝ တောင်တွေအတားအဆီးတွေ ရှိပြီး လူဦးရေကျဲပါးတဲ့ ချင်းပြည်နယ် စစ်မျက်နှာမှာလည်း စစ်ကောင်စီတပ်တွေ ဖြန့်ပြီး ရှင်းလင်းရေးတွေလုပ် တိုက်ပွဲတွေ ဖြစ်ပျက်နေတာ ဖြစ်ပါတယ်။ ချင်းပြည်နယ် အနေနဲ့ဆိုရင်လည်း တီးတိန်၊ ရိဒ်ခေါဒါ၊ နယ်စပ် တမူးဒေသလိုမြို့တွေအပြင် မင်းတပ် ၊မတူပီ ဒေသတွေမှာလည်း ပြင်းထန်သလို ချင်းတောင်ခြေရဲ့ မြို့ စစ်ကိုင်းတိုင်းထဲက ကလေးတဝိုက်မှာလည်း တိုက်ပွဲတွေ ပစ်ခတ်မှုတွေ အမြဲလိုလို ရှိနေတာ ဖြစ်ပါတယ်။
အထက်က ပြည်နယ်တွေအပြင် ကချင်ပြည်နယ်မှာလည်း ခုနှစ်ထဲ တိုက်ပွဲတွေ ပိုကျယ်ပြန့်လာနိုင်ပြီး ပူတာအိုလို ဒေသကစလို့ ဖားကန့် ဒေသ၊ စစ်ကိုင်းတိုင်း အစပ် ကောလင်း တို့လိုဒေသတွေအထိ ကေအိုင်အေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲတွေ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။
ဒီနေ့နေ့စွဲနဲ့ သတင်းဖေါ်ပြမှုတွေအနက် သတင်းအချို့ကို ကောက်နှုတ်တင်ပြရရင်တော့ ဖေဖေေါ်ဝါရီ ၅ ရက်နေ့ညက စစ်ကိုင်းတိုင်း ပုလဲမြို့ရဲ့ ထွေအုပ်ရုံး၊ ရဲစခန်းကို PDF အဖွဲ့တွေ စုပြီးတိုက်ခိုက်ခဲ့ကြပြီး ခရိုင်အုပ်ချုပ်ရေးမှူး အိမ်အပါအဝင် ရုံးအချို့ကို မီးရှို့ခဲ့ကြတယ်လို့ ဆိုပါတယ်။ မြို့သိမ်းတိုက်ပွဲ သဘောလို့ သတင်းထဲ ပြောဆိုထားသော်လည်း မြို့ရဲ့ အဓိက ရုံးနဲ့ ရဲစခန်းကို တိုက်ခိုက်ပြီး ပြန်ဆုတ်သွားတဲ့ သဘောလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းမှာ စစ်ကောင်စီတပ်တွေက ပုလဲမြို့နယ်ထဲက ကျေးရွာတွေ တခုပြီးတခု ဝင်ရောက်ကာ နေအိမ်တွေ မီးရှို့နေခဲ့တာကြောင့် အခုလို PDF တပ်ဖွဲ့တွေက လက်တုံ့ပြန်တိုက်ခိုက်တာလို့ ဆိုပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar