Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ် ၅ ရက်မြောက်နေ့မြင်ကွင်း



မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ် ၅ ရက်မြောက်နေ့မြင်ကွင်း
(မိုးမခ) ဖေဖော်ဝါရီ ၆၊ ၂၀၂၂



ဖေဖော်ဝါရီ ၅ ရက်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ရဲ့  လက်တွဲတိုက်ခိုက်မယ့် နှိုးဆော်မှု

ကချင်ပြည်နယ်က တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ကေအိုင်အေ ဥက္ကဋ္ဌဖြစ်သူ အင်ဘန်လက စစ်အာဏာရှင်စနစ် ပပျောက်ဖို့ NUG အပါအဝင် တော်လှန်နေတဲ့ လက်နက်ကိုင် အဖွဲ့တွေနဲ့ ပူးပေါင်းတိုက်ခိုက်သွားမယ်လို့ ကချင်တော်လှန်ရေးနေ့ မိန့်ခွန်းမှာ ပြောဆိုလိုက်ပါတယ်။
 
မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင် ၃ ဖွဲ့ကလည်း ကေအိုင်အေဥက္ကဌရဲ့ ပြောဆိုမှုနောက်မှာ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိတယ်ဆိုပြီး ပြောဆိုလိုက်တဲ့ သတင်းတွေလည်း ဖော်ပြလာတာ တွေ့ရပါတယ်။
ကေအိုင်အေ အဖွဲ့ဟာ စစ်အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်က စစ်ကောင်စီရဲ့ စစ်စခန်းအချို့ကို သိမ်းယူတာတွေ လုပ်ခဲ့သလို ပြီးခဲ့တဲ့နှစ်လယ်လောက်မှာ မိုးမောက်မြို့နယ်ထဲက မြို့သစ်၊ ကုန်းလော တို့ဘက်မှာ သီတင်းပတ်နဲ့ချီ ပြင်းထန်တဲ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး ကေအိုင်အေ အနေနဲ့ မန္တလေးနဲ့ အထက်ပိုင်းက PDF အဖွဲ့တွေကို လက်နက် အကူအညီ၊ စစ်သင်တန်းအကူအညီတွေ ပေးခဲ့တာဖြစ်ပါတယ်။
 
မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့မှာပါတဲ့ TNLA ၊ AA နဲ့ MNDAA လက်နက်ကိုင် အဖွဲ့တွေအနေနဲ့လည်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း AA အဖွဲ့က လွဲရင် ကျန်နှစ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တွေနဲ့ တိုက်ခိုက်မှုတွေ ဖြစ်ပွားနေခဲ့တာ ဖြစ်ပါတယ်။
 
မြန်မာနိုင်ငံမှာ ရှိပြီးဖြစ်တဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေ တပြိုင်နက်တည်း စစ်ကောင်စီကို စစ်မျက်နှာဖွင့် တိုက်ခိုက်မယ်ဆိုရင် စစ်ကောင်စီအနေနဲ့ တပြိုင်နက်တည်း စစ်မျက်နှာဖွင့် ခုခံနိုင်မှာ မဟုတ်ဘဲ ပြိုကျသွားလိမ့်မယ်ဆိုတဲ့ ယုတ္တိအယူအဆကို အားလုံး ကြားဖူးကြလိမ့်မယ် ထင်ပါတယ်။ အမှန်တကယ်လည်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အားလုံး တပြိုင်နက်တည်း တိုက်ခိုက်မယ်ဆို စစ်ကောင်စီတပ်တွေအနေနဲ့ တိုင်းရင်းသားနယ်မြေတွေအားလုံးမှာ နယ်မြေတွေကို ခုခံထိန်းသိမ်းထားနိုင်ဖို့ မလွယ်ပါဘူး။
 
သို့ပေမဲ့ အဲလိုအခြေအနေက လောလောဆယ် အနေအထားမှာ ဖြစ်လာနိုင်ခြေ မရှိသေးတာလည်း တွေ့ရမှာ ဖြစ်ပါတယ်။ ဝပြည်နယ်လို့ UWSA က ခေါ်ဆိုတဲ့ ဝ လက်နက်ကိုင်အဖွဲ့တွေ အုပ်ချုပ် လွှမ်းမိုးထားတဲ့ ဒေသဆိုရင် သူတို့နယ်ထဲမှာ စစ်ကောင်စီတပ် အခြေစိုက်တာလည်း မရှိသလို အုပ်ချုပ်ရေးလည်း အာဏာမသက်ရောက်ပါဘူး။ နိုင်ငံတကာ ဆက်ဆံရေးအရ မြန်မာနိုင်ငံထဲ ပါဝင်နေပေမယ့်လည်း ပြည်မအစိုးရတွေရဲ့ သြဇာမသက်ရောက်သလောက်နီးပါးဖြစ်ပြီး ကိုယ်ပိုင်တပ်မတော်နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရထားတဲ့ ဒေသ ဖြစ်နေတာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်က AA တို့အနေနဲ့ အနိမ့်ဆုံး ဝ ပြည်နယ်လောက် အဆင့်အတန်းမျိုး လိုချင်တာလို့လည်း ထုတ်ပြောဖူးပြီး ရခိုင်ပြည်နယ်မှာလည်း AA အနေနဲ့ စစ်အာဏာမသိမ်းမီ ၂ လ ၃ လ ဝန်းကျင်ကတည်းက စစ်ကောင်စီတပ်တွေနဲ့ နှုတ်အားဖြင့် အပစ်ရပ်ထားတာ အခုအချိန်ထိဖြစ်ပြီး ရခိုင်ပြည်နယ်မှာ အုပ်ချုပ်ရေးအပိုင်းမှာပါ သြဇာသက်ရောက်နိုင်အောင် တည်ဆောက်နေတာလည်း ဖြစ်ပါတယ်။
 
ရှမ်းပြည်နယ်ကို ကြည့်ရင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထဲ အင်အားကြီးတယ်လို့ ပြောနိုင်တဲ့ RCSS အဖွဲ့၊ ရှမ်းမြောက်ဘက်မှာ အခြေစိုက်တဲ့ SSPP အဖွဲ့ တို့လို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက စစ်အာဏာရှင်စနစ်နဲ့ စစ်ကောင်စီအစိုးရကို ဆန့်ကျင်ပေမယ့်လည်း စစ်အာဏာသိမ်းပြီးနောက်မှာ စစ်မျက်နှာဖွင့်တိုက်ခိုက်တာ သိမ်းယူတာတွေ မရှိသေးတာတွေ့ရပါတယ်။
 
အခြား တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တဖွဲ့ဖြစ်တဲ့ မွန်ပြည်သစ်ပါတီအနေနဲ့လည်း စစ်အာဏာမသိမ်းမီ ပိုနေမြဲ ကျားနေမြဲ အခြေအနေမျိုးကိုပဲ ထိန်းသိမ်းထားပြီး စစ်ကောင်စီတပ်တွေကို တိုက်ခိုက်တာတွေ ပြီးခဲ့တဲ့ တနှစ်အတွင်း မရှိခဲ့ပါဘူး။
  
ဒီအခြေအနေ အဖြစ်အပျက်တွေကို သုံးသပ်ရင် အချို့သော တိုင်းရင်းသားလက်နက်ကိုင်တွေအနေနဲ့ NUG နဲ့ ပီဒီအက်ဖ်တွေရဲ့ နိုင်ငံရေး ရည်ရွယ်ချက်၊ ပိုင်းဖြတ်မှု၊ တိုင်းရင်းသားအရေးကိစ္စတွေအပေါ် ကိုင်စွဲထားတဲ့ အယူအဆတွေအပေါ် ရာနှုန်းပြည့် ယုံကြည်ဖို့ လိုအပ်နေသေးတာကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
 
ဒီလိုသံသယတွေ ဝင်စရာအနေနဲ့လည်း မြန်မာနိုင်ငံရဲ့ ရှည်လျားလှတဲ့ ပြည်တွင်းစစ်သမိုင်းကြောင်းက ရှိခဲ့တာဖြစ်ပါတယ်။ စစ်တပ်ရဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေလိုလားတဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အပေါ် သဘောထားကတော့ ရှင်းလင်းပြီးသားဖြစ်ပါတယ်။ 

အခြားတဘက်မှာလည်း ပြည်မအစိုးရတွေအနေနဲ့ တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အပေါ် သဘောထားက ၁၀၀ ရာနှုန်း ယုံကြည်ဖို့ ခက်ခဲနေတဲ့ သမိုင်းအဖြစ်အပျက်တွေက အခုလို စစ်ကောင်စီဟာ ဘုံရန်သူလို့ သဘောထားပြီး အပြည့်အဝ စစ်ရေးအရ ပူးပေါင်းတိုက်ခိုက်ကြဖို့ အခက်အခဲဖြစ်နေကြတာမျိုးလို့ သုံးသပ်ရမယ် ထင်ပါတယ်။
 
ဒါကြောင့် စစ်ရေးလမ်းကြောင်းနဲ့ တနိုင်ငံလုံးက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအနေနဲ့ တပြိုင်တည်း တိုက်ခိုက်ဖို့အရေးက မအောင်မြင်နိုင်ရသေးတာလို့ ကောက်ချက်ချရမယ် ထင်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar