မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ် ၄ ရက်မြောက်နေ့မြင်ကွင်း
မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ် ၄ ရက်မြောက်နေ့မြင်ကွင်း
(မိုးမခ) ဖေဖော်ဝါရီ ၅၊ ၂၀၂၂
ဖေဖော်ဝါရီ ၄ ရက် - သဘာဝပတ်ဝန်းကျင်ပျက်စီးခြင်းနဲ့ သယံဇာတဆုံးရှုံးခြင်းနဲ့ တရားဥပဒေ စိုးမိုးမှု
စစ်အာဏာသိမ်းမှုရဲ့ အကျိုးဆက် ဆန္ဒပြမှုတွေ၊ အသက်ဆုံးရှုံးရခြင်းတွေ၊ ခုခံမှုတွေ၊ လက်နက်ကိုင် တိုက်ခိုက်မှုတွေ မြို့၊ ကျေးရွာတွေမှာ နေထိုင်သူတွေ ထွက်ပြေးတိမ်းရှောင်ရခြင်းတွေ၊ နေအိမ်နဲ့ ပိုင်ဆိုင်တဲ့ ပစ္စည်းတွေ ဖျက်ဆီးလုယူခံရ မီးရှို့ခံရတဲ့ ဆုံးရှုံးမှုတွေက သတင်းတွေထဲ နေ့စဥ်လိုလို ပါရှိနေသော်လည်း ဒီအဖြစ်အပျက်ကြီးရဲ့ အကျိုးဆက်အနေနဲ့ လူသိပ်မသိတဲ့ အဖြစ်အပျက်တွေ ပျက်စီးဆုံးရှုံးမှုတွေ အများကြီးရှိပါတယ်။
မူးယစ်ဆေးဝါး ထုတ်လုပ်သယ်ယူမှုတွေလိုမျိုးက နေ့စဥ် သတင်းတွေထဲ ပါနေသော်လည်း သဘာဝသယံဇာတ ဆုံးရှုံးမှုတွေ၊ သဘာဝပတ်ဝန်းကျင် ပျက်စီးခြင်းလိုမျိုး ကိစ္စရပ်တွေက သတင်းတွေထဲ ဖော်ပြတာ နည်းပါးတာတွေ့ရပါတယ်။ လူ့အသက်ဆုံးရှုံးမှတော့ သဘာဝသယံဇာတတွေလို သဘာဝပတ်ဝန်းကျင်လို အရာတွေက အရေးကြီးနေသေးလားလို့ စောဒက တက်ကောင်းတက်ပါလိမ့်မယ်။ အခုလို သဘာဝပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးခြင်းတွေဟာ နောက်နှစ် ၁၀ နှစ်၊ နှစ် ၂၀၊ ၃၀ မကသောကာလတွေတိုင် ဒီမြေ ဒီရေပေါ်မှာ နေထိုင်နေကြသူတွေအတွက် ရာသီဥတုတွေ၊ ရေကြီးခြင်း၊ မြေပြိုခြင်း၊ ဂေဟစနစ်ပျက်စီးခြင်းတွေကို ဖြစ်ပွားစေမှာ ဖြစ်ပါတယ်။ နောက်ကြီးပြင်းလာမယ့် မျိုးဆက်တွေအထိ ဒီသယံဇာတပျက်စီးဆုံးရှုံးမှုတွေက အကျိုးဆက်သက်ရောက်စေတော့မှာ ဖြစ်ပါတယ်။
ဒီလိုအဖြစ်အပျက်တွေက အရင့်အရင် နိုင်ငံရေးမတည်ငြိမ်တဲ့ကာလ တရားဥပဒေ မစိုးမိုးတဲ့ကာလတွေမှာလည်း ဖြစ်ပျက်ခဲ့ဖူးတဲ့ သာဓကတွေ အများအပြားရှိပါတယ်။ ၁၉၈၈ အရေးအခင်းလိုကာလတုန်းက ရှေးဟောင်းမြို့ တမြို့ဖြစ်တဲ့ အင်းဝမြို့ရဲ့ မြေလွတ်တွေမှာ ရှေးဟောင်းပစ္စည်း တူးဆွရှာဖွေတာတွေ ဖျက်ပျက်ခဲ့ဖူးပါတယ်။ အင်းဝမြို့ကို ရောက်တဲ့အခါ ဒေသခံတွေက တူးဆွထားလို့ မညီမညာဖြစ်နေတဲ့ အင်းဝမြို့ဟောင်းနေရာတွေကိုပြပြီး အဲဒီလိုတူးဆွထားတာတွေဟာ ၁၉၈၈ အရေးအခင်းကာလတုန်းက တရားဥပဒေမစိုးမိုးချိန် မှာ တူးဆွပြိး ရှေးဟောင်းပစ္စည်းလို ရွှေထည် ငွေထည်လို ရှေးဟောင်းပစ္စည်းတွေ ရှာဖွေခဲ့ကြတာပါ။ အင်းဝမြို့ဟောင်းမှာ တူးဆွရှာဖွေကြတာက ရှေးဟောင်း ယဥ်ကျေးမှုအမွေအနှစ်တွေ မထိန်းသိမ်းနိုင်ပဲ ဆုံးရှုံးမယ့် ကိစ္စဖြစ်ပြီး အခုဒီနေ့ကာလမှာ ဖြစ်ပွားနေတဲ့ တရားဥပဒေ မစိုးမှုတဲ့ကာလမှာ ပျက်စီးနေတာက သယံဇာတလို သဘာဝပတ်ဝန်းကျင်တို့ ဖြစ်နေတာက လူတွေရဲ့ နေထိုင်မှုအပေါ် နောင်နှစ်များစွာအထိ သက်ရောက်မှု ရှိစေနိုင်ပါတယ်။
စစ်ကိုင်းတိုင်း အလောင်းတော်ကဿပ ဘေးမဲ့တောဧရိယာက သစ်တောတွေလည်း ခိုးထုတ်မှုတွေ ပြီးခဲ့တဲ့ နှစ်မှာကတည်းက ဖြစ်ပွားနေသလို ကသာခရိုင်လို ဒေသက အဖိုးတန်သစ်တွေ ဖြစ်တဲ့ကျွန်း၊ တမလန်းတွေလည်း အခုလို တရားဥပဒေမစိုးမိုးတဲ့ကာလမှာ နေ့ရောညပါ ခုတ်လှဲထုတ်ယူပြီး တရုတ်နိုင်ငံဘက် တင်ပို့နေကြတယ်လို့ သတင်းဖေါ်ပြမှု တခုမှာ ဖတ်ရှုရပါတယ်။ ဒီသယံဇာတ အရင်းအမြစ် ဆုံးရှုံးမှုတွေက ဆယ်စုနှစ်နဲ့ချီပြီး ပြန်လည်အစားထိုးနိုင်မှာ မဟုတ်တဲ့ ဆုံးရှုံးမှုတွေ ဖြစ်တဲ့အပြင် ရေကြီးမှု မိုးခေါင်မှု ရာသီဥတုပူလာခြင်းစတဲ့ အကျိုးဆက်တွေအထိ သက်ရောက်စေနိုင်တာလည်း ဖြစ်ပါတယ်။ အလားတူ ဖားကန့်နယ်မြေမှာလည်း ကျောက်စိမ်းသယံဇာတ အလွန်အကျွံ ထုတ်ယူမှုတွေ ပြီးခဲ့တဲ့ ၁ နှစ်နီးနီးကာလအတွင်း လူသိပ်မသိပဲ ဖြစ်ပျက်နေတာ ဖြစ်ပါတယ်။
ဒီအခြေအနေတွေကို ထိန်းသိမ်းနိုင်ဖို့ ဒေသတွေမှာ ရှိတဲ့ သြဇာ၊ အာဏာရှိတဲ့ အဖွဲ့အစည်းတွေ သတိပြုမိကြဖို့လည်း လိုအပ်မယ် ထင်ပါတယ်။ စစ်ရေး၊ နိုင်ငံရေးအာဏာ ထိန်းချုပ်နိုင်ဖို့က အရေးကြီးတာမှန်သော်လည်း အခြားသော တပြိုင်နက်ထဲ ထိန်းသိမ်း ဖြေရှင်းရမယ့် ကိစ္စရပ်တွေလည်း ရှိနေတာ ဖြစ်ပါတယ်။ ဒီမြေ ဒီရေမှာ နေထိုင်ရမယ့်သူတွေအတွက် ပျက်စီးနေတဲ့ သဘာဝပတ်ဝန်းကျင်နဲ့ ဂေဟစနစ်ကို အမွေပေးထားခဲ့သလို မဖြစ်ရအောင် လုပ်နိုင်တာတွေလည်း လုပ်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။
ဒီနေ့အဖို့အခြားသော သတင်းတွေထဲမှာတော့ မကွေးတိုင်းမြောက်ပိုင်း ဆောမြို့မှာဒေသပီဒီအက်ဖ် အဖွဲ့တွေက ယမန်နေ့က မြို့မှာရှိတဲ့အစိုးရရုံးတွေ၊ အုပ်ချုပ်ရေးရုံး၊ မီးသတ်နဲ့ ကြံ့ခိုင်ရေးပါတီရုံးတွေကို ဖေါက်ခွဲမီးရှို့ခဲ့တဲ့ သတင်းဖြစ်ပါတယ်။ ဆောမြို့ဟာ မင်းတပ်မြို့ရဲ့ အရှေ့တောင်ဘက် ကန်ပက်လက် နဲ့ ပိုနီးသလို ချင်းပြည်နယ်တောင်ပိုင်းနဲ့ ထိစပ်နေတဲ့ ဒေသဖြစ်ပါတယ်။
ယောနယ် ကလေးမြို့နယ်တွေမှာလည်း ဒေသခံပီဒီအက်ဖ်တွေက စစ်ကောင်စီတပ်တွေကို ကြားဖြတ်တိုက်ခိုက်တာ ကားလမ်းတွေမှာ စစ်ကောင်စီတပ်တွေ မလွှမ်းမိုးနိုင်အောင် မိုင်းဆွဲတိုက်ခိုက်တာတွေ ဖြစ်ပွားနေတဲ့ ဒေသလည်း ဖြစ်ပါတယ်။
မကွေးတိုင်းလိုပဲ နေ့စဥ် သတ်ဖြတ်ခံရမှု၊ တိုက်ခိုက်မှုနဲ့ လူနေအိမ်တွေ မီးရှို့ဖျက်ဆီးခံနေရတဲ့ စစ်ကိုင်းတိုင်းထဲမှာလည်း ပုလဲမြို့နယ်ထဲက မင်းတိုင်ပင် ကျေးရွာမှာ စစ်ကောင်စီတပ်တွေ ဝင်လာပြီး လူနေအိမ်တွေ ဆိုင်တွေကို ဖျက်ဆီးတာ တန်ဖိုးရှိတဲ့ ပစ္စည်းတွေ ယူဆောင်တာတွေ လုပ်နေတယ်လို့ သတင်းတွေထဲပါရှိပါတယ်။ မင်းတိုင်ပင် ကျေးရွာဟာ အရင် စစ်အစိုးရလက်ထက် ပြန်ကြားရေးဝန်ကြီး ဖြစ်သူ ဦးကျော်ဆန်းရဲ့ ဇာတိကျေးရွာလည်း ဖြစ်ပါတယ်။
မကွေးတိုင်း စစ်ကိုင်းတိုင်း တို့မှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင်တိုက်ပွဲတွေ ကျေးရွာမီးရှို့တာတွေ သတ်ဖြတ်ခံရတဲ့ သတင်းတွေအပြင် ကရင်ပြည်နယ် ဖာပွန်ဒေသကိုလည်း ကေအန်ယူ တပ်မဟာ ၅ က အစိုးရဝန်ထမ်းတွေ ဖေဖေါ်ဝါရီလ ၁၀ ရက်နောက်ဆုံးထား ထွက်ခွာဖို့ သတိပေးထားပြီး စစ်ကောင်စီရဲ့ အုပ်ချုပ်ရေး မရှိတော့အောင် လုပ်ဆောင်မယ့် လက္ခဏာတွေ့ရပါတယ်။ လက်ရှိအနေအထားမှာ ဖာပွန်မှာ စစ်ကောင်စီတပ်ရင်း အခြေစိုက်ထားတာတွေရှိနေပြီး မြို့အုပ်ချုပ်ရေးကို စစ်ကောင်စီဘက်က ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။