ကိုအောင်မှိုင်း — မီးစလေးတွေရဲ့သမိုင်း
ကိုအောင်မှိုင်း — မီးစလေးတွေရဲ့သမိုင်း
(မိုးမခ) ဖေဖော်ဝါရီ ၅၊ ၂၀၂၂
ကြောက်စရာကောင်းအောင်
တိတ်ဆိတ်ငြိမ်သက်သွားမှုဟာ
ပေါက်ကွဲတော့မဲ့ မီးတောင်ကြီးနဲ့ တူတယ်။
မီးတောင်ကြီးအတွက်
လောင်စာစွမ်းအားတွေပေးဖို့
ငါတို့တွေဟာ ....
လက်ထိတ်တွေကို အန်တုခဲ့တယ်
တိုက်တွေပေါ်က ခုန်ချရင်း အန်တုခဲ့တယ်
အကျဥ်းစခန်းမှာ နှိပ်စက်ခံရင်း အန်တုခဲ့တယ်
ခေါင်းကို ရိုက်တဲ့ တုတ်ချက်တွေကို အန်တုခဲ့တယ်
ခေါင်းတည့်တည့်ပစ်မဲ့ သေနတ်တွေကို အန်တုခဲ့တယ်
ဒါတွေဟာ မီးစလေးတွေရဲ့ သမိုင်းအစပဲ။
အကောင်းအတိုင်း ပြန်လာမယ်လို့
အာမမခံနိုင်တဲ့လမ်းကို သွားတဲ့အခါ
နှောင်ကြိုးတွေက ခွင့်လွှတ်ပေးပါလို့
သဉ္ဇာဟိန်း ပြောခဲ့တာ ငါ သတိရနေတယ်။
မိန်းမ... ငါ့လို မသွားတဲ့လူ များလာရင်
ဒီမိုကရေစီမရဘဲ နေလိမ့်မယ်လို့
ကိုချစ်မင်းသူ ပြောသွားခဲ့တယ်။
ဆန္ဒထွက်ပြတာ
အမေမသိစေနဲ့နော် ဆိုတဲ့
ကိုဟိန်းသန့်ရေ...
အမေက သိခဲ့ပေမဲ့
မျက်ရည်တွေနဲ့ ခွင့်လွတ်ခဲ့ပါတယ်ဗျာ။
တို့က အဖြူနဲ့အစိမ်း ဝတ်ထားတာပဲ
မပစ်လောက်ပါဘူး ထင်တဲ့
ဆရာမဒေါ်တင်နွယ်ရီရေ...
ခွေးထက်မိုက်တဲ့ စစ်ခွေးတွေဗျ။
ခင်ဗျားတို့နဲ့ ကျနော်နဲ့ ကွဲလွဲခဲ့လဲ
ခင်ဗျားတို့အတွက် ကျနော်အသက်ပေးမှာပါပဲတဲ့
ခင်ဗျား တကယ် အသက်ပေးသွားခဲ့ပါတယ် ရဲဘော်ရေ...
ကဗျာဆရာကေဇဝင်း ဆိုတဲ့ သူရဲကောင်းရေ
အကြိမ်ကြိမ် ဦးညွှတ် အလေးပြုလျက်ပါဗျာ။
သူတို့က ခေါင်းကိုပစ်တယ်
တော်လှန်ရေးကနှလုံးသားမှာရှိတာ
သူတို့မသိကြဘူးလို့ ပြောခဲ့တဲ့
ကဗျာဆရာ ကိုခက်သီရေ...
နှလုံးသားက စီးဆင်းယိုဖိတ်လာတဲ့
တော်လှန်ရေးသွေးစက်တွေဟာ
နိုင်ငံအနှံ့ကို ခြေဆန့်နေပါပြီဗျာ။
ကျောက်ပန်းတောင်းက ကိုအောင်အောင်...
မီးတောက်ကြီးကို ကိုယ်မှာပတ်
စစ်အာဏာရှင် ကျဆုံးပါစေ
စစ်အာဏာရှင် ကျဆုံးပါစေ
စစ်အာဏာရှင် ကျဆုံးပါစေ
ကြွေးကြော်ရင်းက
အသည်းနှလုံးတွေ ပြုတ်ကျ
ခန္ဓာကိုယ်ကို မီးခပေမဲ့
ဒူးမထောက် လက်မမြှောက်
နွေဦးတော်လှန်ရေးတွက် အားမာန်
ပြင်းထန်လိုက်တဲ့ စိတ်ဓာတ်
အသွေးအသားတွေက သံမဏိလို
မီးပင်လယ်ကို ဖြတ်ကူးပြခဲ့
တော်လှန်သူအပေါင်းရဲ့ ရင်မှာ
အစဥ်ထာဝရဦးခိုက်ရမယ့် သမိုင်းသစ်ပါ။
သမိုင်းသစ်ကို ဦးခိုက်
လူမိုက်တွေရဲ့ ရာဇဝင်ကို
ပြောင်းပြန်လှန်ပစ်ဖို့
စစ်အင်အားတွေဖြည့်စို့
ဘဏ္ဍာငွေတွေဖြည့်စို့
မီးစကလေးတွေ စုလို့
မီးတောက်ကြီးတွေ မွှေးစို့။
လူ့လောကကို စောင့်ရှောက်ဖို့
ဘုရားသခင်တွေ အိပ်ရာမနိုးခင်မှာ
ကိုယ့်လမ်းကိုယ်ဖောက် ရှေ့ဆက်လျှောက်
နောက်ကျတဲ့ ခြေထောက် သစ္စာဖောက်
လွတ်မြောက်မှ အမျှဝေမယ်ဟေ့။
ကိုအောင်မှိုင်း
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar