မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ် ၂၆ ရက်မြောက်နေ့မြင်ကွင်း
(မိုးမခ) ဖေဖေါ်ဝါရီ ၂၇၊ ၂၀၂၂
◾️ခိုးဝင်ကြတဲ့မြန်မာရွှေ့ပြောင်းအလုပ်သမားနဲ့ တိုင်းပြည်ရဲ့ စီးပွားရေး
ယခုလပိုင်းတွေမှာ နေ့စဉ်သတင်းတွေထဲ ထိုင်းနယ်စပ်မှာ တရားမဝင်ဝင်ရောက်တဲ့ မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမား နေ့စဉ်ရာနဲ့ချီ ဖမ်းဆီးခံနေရတဲ့ သတင်းတွေဖတ်ရှုနေကြရမှာပါ။ ပြီးခဲ့တဲ့ တလကို စာရင်းချုပ်ကြည့်တဲ့အခါ တရားမဝင်ဝင်ရောက်တဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၅၀၀၀ လောက်ထိုင်းနယ်စပ်မှာ အဖမ်းခံကြရတယ်ဆိုတဲ့ သတင်းဖေါ်ပြထားတာ တွေ့ရပါတယ်။ ဝင်ရောက်ဖို့ ကြိုးစားသူအားလုံးအဖမ်းခံရတာတော့ မဟုတ်ပဲ လွတ်မြောက်သွားသူတွေလည်း အများအပြားရှိနိုင်ပါတယ်။ တလတလကို ဝင်ရောက်ဖို့ကြိုးစားသူ သောင်းဂဏန်းနဲ့ ရှိနေနိုင်တယ်လို့ ခန့်မှန်းရပါတယ်။ တရားမဝင်ဝင်ရောက်ဖို့ ကြိုးစားသူတွေအနေနဲ့ မိမိဘာသာ ကြိုးစားတာထက် လူမှောင်ခိုသယ်ယူသူ ပွဲစားတွေကို ချိတ်ဆက်ကြပြီး လူမှောင်ခိုသွင်းပေးသူတွေက အခကြေးငွေယူပြီး စီစဉ်ကြတာလို့ သတင်းတွေထဲမှာလည်း ပါရှိပါတယ်။ လူမှောင်ခိုသွင်းပေးသူကို ပေးရတဲ့ပမာဏကလည်း မြန်မာငွေနဲ့ ၉ သိန်းလောက်ကနေ ၁၀ သိန်း ၁၂ သိန်းအထိ ပေးကြရတာဖြစ်ပါတယ်။
ဘာကြောင့် အခုလောက်ပမာဏကို ပေးပြီးထိုင်းနိုင်ငံမှာ တရားမဝင် အလုပ်လုပ်ဖို့ ကြိုးစားနေကြတာလဲလို့ မေးစရာရှိပါတယ်။ စစ်အာဏာမသိမ်းမီကတည်းက မြန်မာနိင်ငံက ရွှေ့ပြောင်းအလုပ်သမားတွေ ထိုင်းမှာသန်းနဲ့ချီ အလုပ်လုပ်ကိုင်နေကြတာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်နှစ်ခန့်အတွင်း ကိုဗစ်ကူးစက်မှု၊ ကန့်သတ်မှုတွေကြောင့် ထိုင်းနိုင်ငံမှာလည်း အလုပ်အကိုင်အခွင့်အလမ်းလျော့ကျလာရာမှာ အလုပ်အကိုင်မရှိလို့ မြန်မာနိုင်ငံကိုပြန်လာခဲ့ကြသူတွေ အများအပြားရှိခဲ့ပါတယ်။ အဲဒီနောက် မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုဖြစ်ပွားပြီး စီးပွားရေး အလုပ်အကိုင်အခွင့်အလမ်းတွေ ဆုံးရှုံးတာ ငွေကြေးဖောင်းပွပြီး မြန်မာကျပ်ငွေတန်ဖိုး လျော့ကျလာတာတွေနဲ့ ထိုင်းနိုင်ငံက ကိုဗစ်ကာကွယ်ဆေးတွေထိုးတဲ့ လုပ်ငန်းစဉ်တွေ ပိုမိုဆောင်ရွက်လာပြီး ထိုင်းနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းနဲ့ အခြားသောစီးပွားရေး လုပ်ငန်းတွေ ပြန်အရှိန်ရအောင် ကြိုးစားလာချိန် တိုက်ဆိုင်ပြီး မြန်မာနိုင်ငံက ထိုင်းကိုအလုပ်သွားရောက်ဖို့ ရတဲ့နည်းနဲ့ ကြိုးပမ်းလာကြတာ ဖြစ်ပါတယ်။ အိမ်နီးချင်းနိုင်ငံမှာ အလုပ်သွားရောက်လုပ်ကိုင်ခြင်းအားဖြင့် ပြည်တွင်းမှာကျန်ခဲ့တဲ့ မိသားစုဝင်တွေကို ထောက်ပံ့နိုင်ဖို့ အဖမ်းခံရနိုင်ခြေရှိလျက်နဲ့ လူမှောင်ခိုကူးသူတွေကို အခကြေးငွေပေးပြီး ဝင်ရောက်ဖို့ ကြိုးစားနေကြတာ ဖြစ်ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံရဲ့အချို့သောပြည်နယ်နဲ့ တိုင်းဒေသတွေမှာလည်း လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားနေတာ ဖြစ်ပြီး စစ်ဘေးတိမ်းရှောင်နေကြရတဲ့အခြေအနေကလည်း ပြည်ပမှာ အလုပ်သွားရောက်လုပ်ကိုင်ဖို့ တွန်းအားဖြစ်စေတဲ့ အချက်တချက်ဖြစ်ပါတယ်။ ထိုင်းနိုင်ငံကို သွားရောက်သူတွေအနက် ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းတို့က အများဆုံးပါဝင်ကြတာတွေ့ရမှာဖြစ်ပါတယ်။
ဒီအခြေအနေတွေ လက္ခဏာရပ်တွေကိုကြည့်ရင် မြန်မာနိုင်ငံရဲ့ စီးပွားရေး လူထုရဲ့ ဘဝလုံခြုံရေးက ကြီးကြီးမားမား ပြဿနာတွေရှိနေပြီး တဖြည်းဖြည်း တည်ငြိမ်တဲ့ ၊ မိမိခြေထောက်ပေါ်မိမိရပ်တည်နိုင်တဲ့ နိုင်ငံတနိုင်ငံအဖြစ်ကနေ ဆုတ်ယုတ်ကျဆင်းနေတယ်လို့ ဆိုရမယ့် အနေအထားမျိုးလည်း ဖြစ်ပါတယ်။
နိုင်ငံရေးအာဏာ ချုပ်ကိုင်နိုင်ဖို့ စစ်ရေးတိုက်ခိုက်မှု၊ လက်နက်ကိုင် ခုခံတိုက်ခိုက်မှု လမ်းစဉ်ကို ရွေးချယ်ကာ စစ်အာဏာရှင်ကို ဖြုတ်ချဖို့ လက်နက်ကိုင်အဖွဲ့အစည်းအသီးသီးက သူ့အမြင် သူ့အကဲဖြတ်မှုအသီးသီးနဲ့ လုပ်ဆောင်နေကြချိန် တိုင်းပြည်ရဲ့ စီးပွားရေး လူအများရဲ့ အသက်ရှင်သန်နေထိုင်ရေး ကြိုးပမ်းမှုတွေကလည်း တပြိုင်နက်ထဲ ဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။
အိမ်နီးချင်း ထိုင်းနိုင်ငံအနေနဲ့ အခုလို အိမ်နီးချင်းမြန်မာနိုင်ငံမှာ အလုပ်ရှင်ကြိုက်စျေးနဲ့ လုပ်သားတွေကို ရွေးချယ်နိုင်တဲ့အခွင့်အလမ်းဟာ ထိုင်းနိုင်ငံအဖို့ အခွင့်သာသော်လည်း နေ့စဉ် ရာနဲ့ ထောင်နဲ့ချီတဲ့သူတွေ သူတို့နိုင်ငံထဲ တရားမဝင်ဝင်ရောက်ဖို့ ကြိုးစားနေတဲ့ အခြေအနေ၊ အိမ်နီးချင်းနိုင်ငံရဲ့ လက်နက်ကိုင် ပဋိပက္ခ အကျိုးဆက်က သက်ရောက်လာနိုင်ခြေတွေကို စဉ်းစားရင်တော့ အခွင့်အလမ်းချည်း သက်သက်မဟုတ်ပဲ စိမ်ခေါ်မှုပါတွဲနေတဲ့ အခြေအနေမျိုးဖြစ်ပါတယ်။
ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံရေး အတိုက်အခံလှုပ်ရှားမှု၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချို့ရဲ့ လူမှုရေး အရ အခက်အခဲကျရောက်ချိန် လူသားချင်းစာနာမှုအကူအညီ လိုအပ်ချိန်မှာ အားပြုရတဲ့နယ်မြေတခု ဖြစ်သလို နိုင်ငံတကာဆက်သွယ်ရေး စခန်းထောက်နယ်မြေ တခုသဖွယ်လည်း ဖြစ်နေပါတယ်။ ၁၉၈၈ အရေးအခင်းအပြီး လှုပ်ရှားမှုတွေမှာလည်း ထိုင်းနိုင်ငံက အတိုင်းအတာတခုထိ နယ်မြေ ဖြတ်သန်းနေထိုင်ခွင့် ပြုခဲ့တဲ့ သာဓကတွေ ရှိပြီးအခု ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေး လှုပ်ရှားမှုမှာလည်း ထိုင်းနိုင်ငံက စခန်းထောက်နယ်မြေ သဖွယ်ဖြစ်နေတာ ဖြစ်ပါတယ်။ နွေဦးတော်လှန်ရေး စတင်ချိန် ၂၀၂၁ ဖေဖော်ဝါရီလဆန်းကတည်းက နယ်စပ်သို့ တိမ်းရှောင်သူများ တဖွဲဖွဲ ရောက်ရှိခဲ့ကြပြီးနောက် နယ်စပ်နဲ့ နယ်စပ်ဖြတ်ကျော် လှုပ်ရှားနေတာတွေ၊ တတိယနိုင်ငံများသို့ ထွက်ခွာကြတာတွေကိုလည်း ထိုင်းနိုင်ငံတာဝန်ရှိသူတွေက အနောက်နိုင်ငံများ ယူအန်အဖွဲ့အစည်းများနဲ့ အသိပေးတာ၊ အပြုသဘောလက်ခံဆောင်ရွက်မှုတွေ ဆွေးနွေးမှုတွေလည်း ရှိနေခဲ့တာ ဖြစ်ပါတယ်။ ကျန်တဲ့ အိမ်နီးချင်းနိုင်ငံ ၃/၄ နိုင်ငံအနက် ထိုင်းနိုင်ငံလောက် သွားလာဖြတ်သန်းခွင့် မပြုကြတာ တွေ့ရမှာလည်း ဖြစ်ပါတယ်။
တနည်းအားဖြင့် ပြန်ချုံ့ရရင် ရွှေ့ပြောင်းအလုပ်သမားအရေးဟာ မြန်မာ့နိုင်ငံရေးနဲ့စီးပွားရေး အခြေအနေတွေကို ပြသတဲ့ ပြဒါးတိုင်သဖွယ်ဖြစ်နေပြီး လူထုအနေနဲ့ ရှင်သန်နေထိုင်ရေး အတွက်၄င်းတို့ဘာသာ ၄င်းတို့ ထွက်ပေါက်ရှာ ရှင်သန်ဖို့ကြိုးစားနေတာကို ပြသတဲ့လက္ခဏာ တခုလည်း ဖြစ်ပါတယ်။ မြန်မာပြည်၏ လူ့အခွင့်အရေး၊ နိုင်ငံသားအခွင့်အရေး၊ စီးပွားရေးလူမှုရေးအဆင့်အတန်းများ နိမ့်ကျနေသည်နှင့်အမျှ ဆုံးရှုံးနေရသည်နဲ့အမျှ အိမ်နီးချင်းပြည်ပနိုင်ငံများသို့ ထွက်ပြေးရသူ နိုင်ငံစွန့်ခွာရသူ တိုးသည်ထက် တိုးလာမှာ ဖြစ်ပါတယ်။ ခုချိန်ထိ ပြည်ပနိုင်ငံများကိုယ်တိုင်က မြန်မာပြည်က နေရပ်စွန့်ခွာသူများအရေးကို ပြည်တွင်းနယ်နမိတ်အတွင်းမှာ ဖြစ်ပွားနေတာပဲ ဖြစ်တယ်၊ ပြည်ပသို့ နယ်စပ်ဖြတ်ကျော်ပြီး အလုံးအရင်း ထွက်ခွာနေကြတယ်၊ ထွက်ခွာလာကြတော့မယ်ဆိုတာကို တရားဝင် ခန့်မှန်းတာ၊ ပြင်ဆင်တာ၊ သတိပေးတာ မလုပ်ကိုင်ကြသေးတာကိုလည်း ထောက်ပြလိုပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar