Breaking News

၅ နှစ်အကြာမှာ NUG အနေနဲ့ ပြန်လည်သုံးသပ်သင့်တဲ့ မူဝါဒနဲ့ အကောင်အထည်ဖော်မှုတွေ

မြန်မာနွေဦးခရိုနီကယ် - မေ ၁၃ မြင်ကွင်း

(မိုးမခ) မေ ၁၄ ၊ ၂၀၂၆


၅ နှစ်အကြာမှာ NUG အနေနဲ့ ပြန်လည်သုံးသပ်သင့်တဲ့ မူဝါဒနဲ့ အကောင်အထည်ဖော်မှုတွေ 

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် ပေါ်ထွက်လာတဲ့ နွေဦးတော်လှန်ရေး ၅ နှစ်ပြည့်မြောက်ပြီးနောက် သီတင်းပတ် အနည်းငယ် ကျော်လွန်လာပြီဖြစ်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့စည်းခဲ့တာ ဧပြီလထဲမှာ ၅ နှစ်ပြည့်ပြီး ဖြစ်သလို People’s Defense Force တပ် ဖွဲ့စည်းတာလည်း မေလတွင် ၅ နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။ 

အမျိုးသားညီညွတ်ရေးအစိုးရ သက်တမ်း ၅ နှစ်ပြည့်ချိန်နဲ့ PDF တပ်ဖွဲ့ ဖွဲ့စည်းပြီး ၅ နှစ်ပြည့်မြောက်လာချိန်မှာ နိုင်ငံတွင်းက အုပ်ချုပ်ရေး၊ စစ်ရေး နဲ့ အခြားသော စီမံခန့်ခွဲမှုတွေနဲ့ ပတ်သက်လို့ မူဝါဒတွေ အကောင်အထည်ဖေါ် လုပ်ဆောင်နိုင်မှုတွေကို ပြန်လည် သုံးသပ်ကြရမယ့် အမှတ်အသားအချိန်တခုလို့ ဆိုရင်မှားမယ် မထင်ပါ။ 

စစ်အာဏာရှင်စနစ်ကို ဖယ်ရှားမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လက်နက်ကိုင်လမ်းစဥ်နဲ့ PDF တပ်ဖွဲ့ဖွဲ့စည်းပြီး အာဏာရှင် စစ်အစိုးရ နဲ့ စစ်တပ်ကို တိုက်ခိုက်လာခဲ့တာ ၅ နှစ်ပြည့်မြောက်ချိန်မှာ စစ်ရေးအရ အောင်ပွဲတွေ ရှိခဲ့သလို နယ်မြေနဲ့ မြို့တွေ လက်လွှတ်ဆုံးရှုံးရတဲ့ တိုက်ပွဲတွေလည်း ရှိနေခဲ့တာ ဖြစ်ပါတယ်။ စစ်ရေးအခြေအနေ အနေနဲ့ သုံးသပ်ကြည့်မယ် ဆိုရင် လက်ရှိအချိန်ကာလဟာ ၂၀၂၃ အကုန် ၂၀၂၄ ခုနှစ်ကာလတွေနဲ့ နှိုင်းယှဥ်တဲ့အခါ အနည်းငယ်ပြန်ပြီး ကျဆင်းလာနေတဲ့ အနေအထားလို့ ဆိုရမှာ ဖြစ်ပါတယ်။ 

တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့အချို့လည်း ၂၀၂၃/၂၀၂၄ အမြင့်ဆုံး ရေချိန်ကနေ အနည်းငယ်ပြန်လည် ယုတ်လျော့သွားတဲ့ အနေအထားမျိုးနဲ့ ရင်ဆိုင်နေရတာ တွေ့ရပါတယ်။ အပစ်အခတ် ရပ်စဲတဲ့ သဘောတူညီတဲ့ အဖွဲ့ ၂ ဖွဲ့ အပြင် အပစ်အခတ် မရပ်စဲတဲ့ အဖွဲ့အချို့လည်း ထိန်းချုပ်ထားတဲ့နယ်မြေ အချို့ ပြန်ပြီး လက်လွှတ်ရတာမျိုး ရှိနေတာ ဖြစ်ပါတယ်။ 

အမျိုးသားညီညွတ်ရေး အစိုးရ ၅ နှစ်ပြည့် အထိမ်းအမှတ်နေ့က ယာယီသမ္မတ ဒူဝါလရှီးလက အများပြည်သူသို့ မိန့်ခွန်းပြောကြားရာမှာ “၅ နှစ်တာ အချိန်ကာလမှာ အောင်မြင်သော တော်လှန်ရေး ဖြစ်ရပ်တွေကို ဖန်တီးနိုင်ခဲ့သလို၊ အောင်မြင်ဖို့ ကြိုးစားနေဆဲ အခြေအနေတွေကိုလည်း ဖြတ်သန်းနေရပါတယ်။ တဖက်မှာလည်း ခရီးဆုံးပန်းတိုင် အထိရောက်အောင် လျှောက်လှမ်းရင်း စိမ်ခေါ်ချက် အမျိုးမျိုးနဲ့လည်း ကြုံတွေ့နေရကြောင်း ပြည်သူတရပ်လုံးကို ပွင့်ပွင့်လင်းလင်း ဝန်ခံလိုပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။ စိမ်ခေါ်မှုနဲ့ ပတ်သက်လို့ ဆက်လက် ပြောဆိုရာမှာ ”စစ်အုပ်စုက ဆယ်စုနှစ်ပေါင်းများစွာ တည်ဆောက်ခဲ့တဲ့ သွေးခွဲအုပ်ချုပ်မှု ယန္တရား၊ တိုင်းပြည်ရဲ့ အရင်းအမြစ် နဲ့ ငွေကြေး၊ အာဏာကို သုံးပြီး အမှားကို အမှန်လုပ်ခဲ့တဲ့ အမြစ်တွယ်နေတဲ့ စနစ်ဆိုးကြောင့်” လို့ ရည်ညွှန်းပြောဆိုခဲ့ပါတယ်။ 

စစ်အာဏာရှင်စနစ်ကို တော်လှန်ခြင်းဟာ အာဏာရှင် တဦးတယောက် ရာထူးကနေ ပြုတ်တဲ့ အဖြစ်မျိုးဆိုတာထက် စနစ်ကို ပြောင်းလဲအောင် လုပ်ဆောင်ရတာ ဖြစ်လို့ အစပထမပိုင်းမှာ ယူဆခဲ့ကြသလို လွယ်ကူတဲ့ တာဝန်တရပ်တော့ မဟုတ်တာကို တဖြည်းဖြည်းနဲ့ နားလည် သဘောပေါက်လာတာလို့ ဆိုရပါလိမ့်မယ်။ 

စစ်အာဏာရှင်စနစ်နဲ့ အတူ အခြားမည်သည့် အာဏာရှင်စနစ်မျိုးကိုမဆို တော်လှန်မဲ့ ရည်မှန်းချက် ထားရှိရမယ့် သဘောလည်း ဖြစ်ပြီး ခေတ်စနစ် ပြောင်းလဲဖို့ ရည်မှန်းချက် ပန်းတိုင်က နှစ် အနည်းငယ်နဲ့ အောင်ပွဲရချင်မှ ရမယ့် သဘောနဲ့ အဲလို အရိပ်လက္ခဏာလည်း တွေ့မြင်လာနေတယ်လို့ ဆိုနိုင်ပါတယ်။ 

ပြီးခဲ့တဲ့ နှစ်တွေအတွင်း ၁၀၂၇ စစ်ဆင်ရေး အရှိန်အမြင့်ဆုံးရောက်ခဲ့ချိန် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့အတူ တိုင်းရင်းသား နယ်မြေမဟုတ်တဲ့ မြန်မာနိုင်ငံ အလယ်ပိုင်း အညာဒေသ စတဲ့ ဒေသတွေမှာ စစ်ရေး အောင်မြင်မှုတွေ အမြင့်ဆုံးရရှိခဲ့တဲ့ ကာလတွေမှာ အမျိုးသားညီညွတ်ရေးအစိုးရ အနေနဲ့ တော်လှန်ရေး အောင်ပွဲက နီးကပ်နေပြီလို့ ယူဆကောင်း ယူဆခဲ့ကြပါလိမ့်မယ်။ 

သို့ပေမယ့် စစ်အာဏာရှင်တပ်၊ စစ်အစိုးရဟာ အကျပ်အတည်းကြားထဲက နေ အသက်ရှူပေါက်ရခဲ့ပြီး မန္တလေး၊ ပြင်ဦးလွင် တို့ကို ခြိမ်းခြောက်ခံနေရတဲ့ အနေအာထားကနေ ပြန်လည်ထူထောင် လာနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

စစ်ရေးရဲ့ သဘောသဘာဝ အရ အရှုံးအနိုင်၊ အတက်အဆုတ် ရှိကြတာ ထုံးစံလို့ ဆိုနိုင်ပေမယ့် အသည်းအသန် အခြေအနေကို ကျော်ဖြတ်နိုင်ခဲ့တဲ့ အာဏာသိမ်းစစ်တပ် အဖို့ သင်ခန်းစာရယူတာ ၊ အားနည်းချက်တွေကို ပြင်ဆင်တာတွေ လုပ်နိုင်ခဲ့ရာက အခြေပြန်တည်နိုင်လာခဲ့တာလည်း ဖြစ်ပါတယ်။ 

စစ်အာဏာရှင် စနစ် ဖြိုချရေး ကြိုးပမ်းတဲ့ ၅ နှစ်တာကာလမှာ ပြန်သုံးသပ်ကြည့်ရင် တော်လှန်ရေးက နေ့ချင်းညချင်း အောင်ပွဲခံဖို့ထက် မှန်မှန် ရှေ့ဆက်လျှောက်လှမ်းကာ ကျော်ဖြတ်ရမယ့် လက္ခဏာလည်း ဖြစ်လာနေတာပါ။ တော်လှန်ရေး အင်အားစုတွေ အနေနဲ့ အာဏာသိမ်းစစ်တပ် နဲ့ အရပ်သားအမည်ခံထားတဲ့ စစ်ဗိုလ်ချုပ်/ဟောင်းတွေ ဦးဆောင်တဲ့ အစိုးရနဲ့ စစ်ရေး၊ စည်းရုံးရေး၊ စီးပွားရေး နယ်ပယ်တွေမှာ ရင်ဆိုင်တိုက်ခိုက်ကြရမယ့် အနေအထားလို့ ဆိုရမှာ ဖြစ်ပါတယ်။ 

သမိုင်းမှာ စနစ်တရပ်ကို တော်လှန်ပြောင်းလဲဖို့ တော်လှန်ရေးဆင်နွှဲရာမှာ နေ့ချင်းညချင်း အောင်မြင်မှုရဖို့ မလွယ်ကူတာ သမိုင်းဖြစ်စဥ်တွေကို လေ့လာသုံးသပ်ကြည့်ရင် တွေ့ရမှာ ဖြစ်ပါတယ်။ အာဏာရှင် တယောက်ပြုတ်ကျဖို့ တနည်းလူတယောက် အပြောင်းအလဲဖြစ်ဖို့က လွယ်ကူကောင်းလွယ်ကူနိုင်ပေမယ့် စနစ်တရပ်ပြောင်းလဲဖို့ အတွက်တော့ အယူအဆတွေ ရှုမြင်တဲ့ အမြင်တွေ၊ ခံယူမှုတွေ၊ အစဥ်အလာတွေ ပြောင်းလဲဖို့ အတွက် ဆယ်စုနှစ်နဲ့ သို့မဟုတ် ဒိထက်လည်း ပိုပြီးအချိန်ကြာကောင်း ကြာနိုင်ပါတယ်။ 

နွေဦးတော်လှန်ရေး အစပိုင်းမှာ အချို့သော ခေါင်းဆောင်တွေ စည်းရုံးပြောဆိုခဲ့ကြသလို ၂လ ၃ လကနေ ၆ လ တနှစ်အတွင်း အောင်ပွဲခံလိမ့်မယ်ဆိုတဲ့ ပြောဆိုမှုတွေဟာ စနစ်ပြောင်း တော်လှန်ရေးမဟုတ်တာ သေချာပါတယ်။ လူပုဂ္ဂိုလ်တဦးတယောက် ပြုတ်ကျဖို့၊ ဖယ်ရှားဖို့ အဖြစ်အပျက်တရပ်ဆိုရင် ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် တိုင်းရင်းသားလူမျိုးတွေ တန်းတူညီမျှရေး (ဖက်ဒရယ် ဝါဒ) ၊ ကျားမ ခွဲခြားမှု၊ လူမျိုးရေးခွဲခြားဆက်ဆံမှု၊ လူနည်းစုကို လူများစုက လေးစားတန်းတူထား ဆက်ဆံမှုရှိတဲ့ လူ့အဖွဲ့အစည်းတရပ် တည်ဆောက်ဖို့ဆိုရင် အထက်က ပြောသလို အချိန်တိုအတွင်း၊ ကာလတိုအတွင်း နေ့ချင်းညချင်း အောင်မြင်ကာ ပြောင်းလဲဖို့ မဖြစ်နိုင်ဘူးလို့သာ ဆိုရမှာ ဖြစ်ပါတယ်။ 

ဒီအနေအထားတွေကို နားလည် သဘောပေါက်လာတဲ့နောက် NUG အစိုးရအနေနဲ့ ၅ နှစ်တာ ခရီးကို ပြန်လည်သုံးသပ်ပြီး ရှေ့ဆက်ရမယ့် အနာဂတ်ကာလအတွက် မိမိထိန်းချုပ်နယ်မြေ တွေ၊ စစ်အာဏာရှင်တပ်က ထိန်းချုပ်ထားတဲ့နယ်မြေတွေမှာ နေထိုင်နေတဲ့သူတွေ အသီးသီးရဲ့ နိုင်ငံရေး ရပ်တည်ချက်၊ အမြင်၊ ခံယူမှုတွေကိုလည်း ရေတို အမြင်နဲ့သာ မဟုတ်တော့ဘဲ ရေရှည်အမြင်အားဖြင့်ပါ ရှင်းပြစည်းရုံးဖို့ လိုအပ်မယ်လို့ ယူဆမိပါတယ်။ 

ပညာရေး၊ ကျန်းမာရေး ဝန်ဆောင်မှုတွေ ကို ရေရှည်အမြင်၊ ရေရှည်အစီအမံတွေနဲ့ ချဥ်းကပ်မှုတွေ လုပ်ဆောင်ရမှာ ဖြစ်သလို မူဝါဒချမှတ်ရုံနဲ့ သာမပြီးဘဲ အကောင်အထည်ဖော်နိုင်မှုကိုလည်း ပြန်လည်သုံးသပ်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ 

နွေဦးတော်လှန်ရေး စကာစ ကာလတွေမှာ ပညာရေးနဲ့ ပတ်သက်တဲ့ မူဝါဒတွေ၊ အကောင်အထည်ဖေါ်မှုတွေက ရေတိုအမြင်နဲ့ ချဥ်းကပ်ကာ လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။ အချို့သော မိဘတွေနဲ့ ကျောင်းသားတွေ ကိုယ်၌က တော်လှန်ရေးက မကြာခင် အောင်မြင်လိမ့်မယ်လို့ ယူဆ၊ ယုံကြည်ကြတာကြောင့် ပညာသင်ယူဖို့နဲ့ တော်လှန်ရေး အောင်မြင်မှုကို ချိတ်ဆက်ထားကြတာမျိုး ရှိခဲ့တာတွေ့ခဲ့ကြရတာပါ။ 

ဒီလို ယူဆခဲ့၊ ယုံကြည်ခဲ့ကြတာ အပြစ်မဆိုသာသည့်တိုင် အခုလိုကာလမှာ ဒီအမြင်တွေ၊ အယူအဆတွေဟာ လက်တွေ့မကျတာ သိမြင်လာကြပြီဖြစ်လို့ ရေရှည်မူဝါဒ၊ အကောင်အထည်ဖေါ်နိုင်မှုတွေကို ထည့်သွင်းစဥ်းစားပြီး လုပ်ဆောင်ကြရမယ့် အချိန်ရောက်နေပြီဖြစ်ပါတယ်။ 

ပညာရေး ကိစ္စလိုပဲ ကျန်းမာရေး စောင့်ရှောက်မှု၊ စီးပွားရေး မူဝါဒ စတာတွေလည်း အလားတူ ပြန်လည်သုံးသပ်ကြရမဲ့ အချိန်ရောက်နေပြီလို့ နှိုးဆော်တိုက်တွန်းချင်တာလည်း ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar