Breaking News

ဖလော်ဒါဟန် - ဇေယျာရွှေပြည်သို့ ခရီးတစ်ခေါက်

ဖလော်ဒါဟန် - ဇေယျာရွှေပြည်သို့ ခရီးတစ်ခေါက်

မိုးမခ၊ မေ ၁၅ ၊ ၂၀၂၆


မြင်ကွင်းတွေက ကျွန်မတို့ပြည်သူတွေရဲ့ လက်ရှိဘဝကို ထင်ဟပ်စေသလားလို့တောင် အောက်မေ့မိပါတယ်။ ငလျင်ကြီး တစ်နှစ်ပြည့်ပြီး အချိန်လအနည်းငယ်မှာ ကျွန်မ ဇေယျာရွှေပြည်ဘက်ကို ရောက်ခဲ့ပါတယ်။ ပုံရိပ်တွေက မှေးမှိန်နေသလို စစ်ကိုင်းတံတားပေါ်က မြင်ကွင်းတွေက အပြိုအပျက်ထက် မြစ်ကြီးဧရာဝတီကြီးကို မြေဖို့သတ်နေတာက အတော်ဆိုးသလားလို့ ထင်မိပါတယ်။

ကျွန်မရဲ့ ခရီးဖော်က ဒီအဆောက်အအုံတွေနဲ့ မြေဖို့ထားတဲ့ ရေလယ်ကျွန်းကြီးက စစ်အာဏာရှင်လက်ထက် အပြိုင်းအရိုင်း ထိုးထွက်လာတဲ့ အဆောက်အအုံတွေလို့လည်း ပြောပြပါတယ်။ ကျွန်မရဲ့ ခရီးဖော်က စစ်ကိုင်းသူတစ်ပိုင်းဆိုတော့ ဘယ်အချိန် ဘယ်ကာလကဆိုသည့် အဖြစ်အပျက်ကို မျက်မြင်ကိုယ်တွေ့ဆိုတော့ ရိုးသားသည့် တောသူတို့စကားက အပိုမဟုတ်ပါ။ တစ်ချိန်က သဘာဝတရားအလှတွေနဲ့ ဂုဏ်ရှိန်ဝါကြီးခဲ့သည့် ရာဇဝင်တို့ရဲ့ သတို့သမီးကြီး ရုပ်ဆိုးအကျည်းတန်နေသည့် မြင်ကွင်းက ကျွန်မစိတ်ကို ပင်ပန်းစေတာ အမှန်ပါ။ ဧရာဝတီမြစ်ကြီးရယ်၊ ခြောက်သွေ့ပျက်စီးနေတဲ့ ကမ်းနံဘေးက သာသနိက အဆောက်အအုံတွေကလည်း မြင်တွေ့ခဲ့ရတာ စိတ်မကောင်းစရာပါ။

ယခင်တံတားကြီးကလည်း ပြုပြင်ထိန်းသိမ်းသူများရဲ့ လက်အောက်မှာ တံတားခုံးတွေက အရေအတွက်မပီပြင်ဘဲ မလှမပနဲ့ မြစ်ရေထဲ ငုပ်လျှိုးနေလေရဲ့။

သမိုင်းဝင် စေတီပုထိုးတွေနဲ့ အနှစ် ၄၀ စစ်ကြီးကို တမေ့တမော တိုက်ပွဲဝင်ခဲ့တဲ့ အင်းဝနေပြည်တော်ဆိုသည်မှာလည်း ငလျင်ဒဏ်ကြောင့် အုတ်ပုံကြားမှာ သမိုင်းတစ်ခေတ်ကို ပြန်လည်နိုးထဖို့ဆိုတာ အချိန်တွေ မည်မျှစောင့်ရဦးမယ်ဆိုတာ မသိသေးပါ။

မြို့ကြီးပြကြီးတွေမှာသာ အပြိုင်းအရိုင်းနဲ့ ငွေကလုပ်သည့် အဆောက်အအုံ၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးသာမက ရွှေဆိုင်ကြီးများက မြိုင်ဆိုင်နေပေမဲ့ တစ်ဖက်မှာတော့ ဖျော့တော့နေတဲ့ လူနေမှုဘဝက ဒုက္ခအမျိုးစုံအောက်မှာ ရှိနေကြတာ အရှိတရားပါ။ တကယ်လက်တွေ့ဘဝမှာ ပြည်သူတွေဘဝက အေးချမ်းသလို နေရာကွက်ကွက်လေးမှာ မိုးရွာနေတာကတော့ မမျှတသည့် လူ့နေမှုစနစ်ကြီးပါပဲ။

စစ်ကိုင်းနှင့် မန္တလေးဆိုတာ အနီးလေးပါ။ သို့ပေမဲ့ အကူးအလူး မရှိကြပါဘူး။ အထူးသဖြင့် အမျိုးသားတွေပါ။ ခရမ်းချဉ်သီးရောင်းသည့် ဆိုက်တွဲသမားကြီးတွေကိုတောင် စစ်ဆေးရေးဆိုသည့် မအလ အစေအပါးများက ပြည်သူကို အကြောင်းအမျိုးမျိုးပြ ငွေညှစ်ကြသလို၊ မထင်ရင် မထင်သလို ပေါ်တာဆွဲတာကြောင့် အမျိုးသမီးများ မိမိတို့ယောကျ်ားများကို အိမ်တွင်းမှာသာ အလုပ်လုပ်ကိုင်ခဲ့ရသည့် အခြေအနေကြီးထိ ရောက်ခဲ့ရပါပြီ။

စစ်ကိုင်းတံတားကြီးပေါ်ကနေ ဖြတ်သွားခဲ့ရချိန် အချိန်အတိုင်းအတာတစ်ခုသည် မြန်မာနိုင်ငံအတွက် ပြန်မရနိုင်တော့သည့် သမိုင်းတန်ဖိုး၊ အမွေအနှစ်များ၊ ကျွန်မတို့ပြည်သူတွေအတွက် အသက်သွေးကြောဖြစ်သလို ရာဇဝင်များရဲ့ သတို့သမီးလို့ တင်စားခဲ့ရသည့် ဧရာဝတီမြစ်ကြီးနဲ့ အလှတရား၊ ပျော်ရွှင်ဖွယ် လူနေမှုစနစ်ကြီးနဲ့အတူ တန်ဖိုးရှိလှတဲ့ လူစွမ်းအားအရင်းအမြစ်များ၊ ဖြစ်ပျက်ခဲ့ရသည့် အကြောင်းအရာများနဲ့ထပ်တူ လူ့ဘဝတွေ၊ သဘာဝအလှတရားအားလုံး ဆုံးရှုံးခဲ့ရပါတယ်။

ပြန်လည်နိုးထခွင့် မရသေးသည့် ပြည်သူတွေရဲ့ဘဝ၊ အဖိအနှိပ်ခံ ခေတ်စနစ်ကြီးမှာ အကြောက်တရားက လွှမ်းမိုးနေဆဲ ဆိုသည်ကို တစ်နေ့တာ ဇေယျာရွှေပြည်ရောက် ဝမ်းနည်းဖွယ် မှတ်တမ်းလေးအဖြစ် မျှဝေရင်း၊ ကျွန်မတို့ ပြည်သူတွေ လိုချင်သည့် ပန်းတိုင်ခရီး အရောက်လှမ်းနိုင်ကြပါစေကြောင်း ဆုတောင်းနေမိပါတယ်။


ဖလော်ဒါဟန်

၁၃.၅.၂၀၂၆


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar