နေသွင်ညိဏ်း - ဒေါ်အောင်ဆန်းစုကြည်ကို မလွှတ်ပေးဘဲ စစ်အုပ်စုက အာဆီယံနဲ့လည်း မပေါင်းစည်းနိုင်ပါဘူး
ဒေါ်အောင်ဆန်းစုကြည်ကို မလွှတ်ပေးဘဲ စစ်အုပ်စုက အာဆီယံနဲ့လည်း မပေါင်းစည်းနိုင်ပါဘူး
နေသွင်ညိဏ်း
(မိုးမခ) မေ ၁၄၊ ၂၀၂၆
စစ်အုပ်စုက နိုင်ငံတကာမှာ တရားမဝင်တောင် အာဆီယံမှာ ပြန်လည်ပေါင်းစည်းနိုင်မယ်မျှော်လင့်နေတာဟာ သူတို့ဘက်က ကြည့်ရင်တော့ လက်တွေ့ကျတယ်ဆိုရပါမယ်။ ဒါပေမယ့်လည်း မြန်မာပြည်မှာ ၂၀၂၁ အာဏာသိမ်းမှုဖြစ်တဲ့နောက် အာဆီယံရဲ့ မူဝါဒဟာ သီးသန့်မဟုတ်ပါဘူး။ နိုင်ငံတကာနဲ့ ချိတ်ဆက်ထားတာ တွေ့ရပါမယ်။ အထူးသဖြင့် ၂၀၂၂ ဒီဇင်ဘာမှာ ကုလသမဂ္ဂက လုံခြုံရေးကောင်စီက ထုတ်ထားတဲ့ ဆုံးဖြတ်ချက် (ကြေညာချက်မဟုတ်ပါ) အမှတ် ၂၆၆၉ ကို ညွှန်းချင်ပါတယ်။ ဒီကြေညာချက်ရဲ့ ၅/၆/၇/၈ ဟာ မြန်မာ့အရေးကို အာဆီယံက တာဝန်အပ်နှင်းထားတဲ့ သဘောပါပဲ။ ၁/၂ ၃/၄ ကလည်း တနည်းအားဖြင့် အာဆီယံရဲ့ သဘောတူညီချက် ၅ ချက်နဲ့ သိပ်မကွာပါဘူး။ အဓိပ္ပါယ်ကတော့ ကုလသမဂ္ဂရဲ့ ရပ်တည်ချက်ဟာ အာဆီယံရဲ့ ဘုံသဘောထားနဲ့ ကိုက်ညီတာ ဖြစ်လို့၊ မြန်မာ့အရေးကို ဆောင်ရွက်တဲ့ နေရာမှာ အာဆီယံကို တာဝန်လွှဲတယ်ဆိုတဲ့ သဘောပါပဲ။
ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ကြေညာချက် ၁ မှ ၄ အထိကို ကြည့်ရင်
၁။ အကြမ်းဖက်မှုတွေကို တနိုင်ငံလုံးအတိုင်းအတာနဲ့ ရပ်ရန်
၂။ သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့ အပါအဝင် တရားမဲ့ ဖမ်းထားသူတွေအားလုံး ချက်ချင်းလွှတ်ရန်။
၃။ တိုင်းပြည်နဲ့ ပြည်သူအကျိုးအတွက် အပြုသဘောဆွေးနွေးကြရန်
၄။ လူ့အခွင့်အရေး၊ အခြေခံလွတ်လပ်ခွင့်၊ ဥပဒေကို လေးစားရန် တို့ပါဝင်ပါတယ်။
သတိထားရမယ်အချက်က နံပါတ် ၂ မှာ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို သူတို့ တရားဝင် ရာထူးအတိုင်း ဖော်ပြထားတာ ဖြစ်ပါတယ်။ အခုချိန်ထိလည်း ကုလသမဂ္ဂက ဒီရပ်တည်ချက်အတိုင်း ဆက်ရှိနေပါတယ်။
တချို့ကလည်း အာဆီယံ ဥက္ကဌ တာဝန်ကို ထိုင်းက ဆောင်ရွက်တဲ့အခါ စစ်အုပ်စုအတွက် အခွင့်သာနိုင်တယ်လို့ တွက်တာ ရှိပါတယ်။ ဒါက စစ်အုပ်စုအတွက် အကောင်းမြင်လွန်းရာ ရောက်ပါလိမ့်မယ်။
မှန်ပါတယ်။ ထိုင်းဟာ အာဆီယံ ဖောင်ဒါ ၄ နိုင်ငံ ( မလေးရှား၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ ထိုင်း) မှာ ပါဝင်ပါတယ်။ အလှည့်ကျ အာဆီယံ ဥက္ကဌဟာလည်း တစုံတရာ လုပ်ပိုင်ခွင့်ရှိပါတယ်။ ထိုင်းဟာ မြန်မာ့စစ်ဗိုလ်ချုပ်တွေနဲ့ နီးစပ်ပြီး ပွဲစားလုပ်ပေးနိုင်ပါတယ်။
ဒါပေမယ့် ပြန်ကြည့်တဲ့အခါ ကမ္ဘောဒီယား အလှည့်ကျ ဥက္ကဌ အလှည့်မှာ ဟွန်ဆန်ဟာ ဥက္ကဌ လုပ်ပိုင်ခွင့်ကို အသုံးပြုပြီး ( တချို့က ကျော်လုပ်တယ်လို့တောင် ဝေဖန်ပါတယ်) အာဏာသိမ်းအုပ်စုနဲ့ အများကြီး ညှိဖို့ တကိုယ်တော် ကြိုးပမ်းခဲ့ပါတယ်။ သူ မအောင်မြင်ပါဘူး။။ အင်ဒိုနီးရှာကျတော့ ဟွန်ဆန်လောက် ရှေ့သိပ်မထွက်၊ အာဆီယံအစဉ်အလာကိုလည်း လိုက်နာရင်း ထိန်းထိန်းသိမ်းသိမ်း လုပ်ခဲ့ပါတယ်။ သူလည်း မအောင်မြင်ပါဘူး။
လက်ရှိဥက္ကဌ ဖိလစ်ပိုင်ဟာ အာဆီယံထဲမှာ ကြားနေသမားလို့ ပြောရပါမယ်။ ဒါပေမယ့် လက်ရှိ ဖိလစ်ပိုင်ရဲ့ ရပ်တည်ဆောင်ရွက်ချက်ကို ကြည့်ရင် သူ့တာဝန်ကို တင်းတင်းရင်းရင်း လုပ်နေတာ တွေ့ရပါတယ်။
ပြီးရင် စင်ကာပူ အလှည့်လာပါမယ်။ စင်ကာပူရဲ့ ရပ်တည်ချက်ဟာ ပြတ်သားတာ ကျန်ခဲ့တဲ့ ၅ နှစ်လုံး မြင်ခဲ့ရပါတယ်။ မလေးရှားနဲ့ အတူတူပါပဲ။ ဆိုတော့ စင်ကာပူဟာ သူ့တာဝန်ကို သူပြတ်ပြတ်သားသား လုပ်ပါလိမ့်မယ်။
လူတွေ သိပ်မပြောကြတဲ့ တချက်ကို ဒီမှာ ပြောဖို့ သင့်တယ်လို့ ကျနော် ထင်ပါတယ်။ အာဆီယံမှာ မူဝါဒပိုင်း ရှေ့နောက်ညီဖို့ ဆောင်ရွက်တဲ့ ပုံစံတခုရှိပါတယ်။ ဒါကတော့ အာဆီယံ အလှည့်ကျ ဥက္ကဌ incumbent တာဝန်ပြီးဆုံးသွားတဲ့ ဥက္ကဌ outgoing နဲ့ တာဝန်ဆက်ယူမယ့် ဥက္ကဌ future တို့ သုံးပွင့်ဆိုင် ဖိုရမ်တခုရှိပါတယ်။ ရှေ့မူနဲ့ နောက်မူ ညှိပြီး အာဆီယံ အဖွဲ့ကို ၃ ကောင်ကတဲ့ မြင်းရထားနဲ့ နှိုင်းရပါမယ်။
အဓိပ္ပါယ်က လက်ရှိ ဖိလစ်ပိုင် ဥက္ကဌအလှည့်ဆိုပေမယ့် စင်ကာပူနဲ့ မလေးရှားတို့က ဘေးက ရံထားပါတယ်။ ဒီလိုပဲ ထိုင်းအလှည့်ကျရင် စင်ကာပူနဲ့ အရှေ့တီမောတို့ ရံထားပါလိမ့်မယ်။ ထိုင်းက သူ့ဖာသာ ဘယ်လောက်ပဲ ဆန္ဒရှိသည်ဖြစ်စေ၊ ဒီလို အစဉ်အလာတွေကို သူကျော်ဖို့ ခက်ပါလိမ့်မယ်။
ပထမအဆင့်အနေနဲ့ စစ်အုပ်စုဟာ ဒေါ်စုကိုမလွှတ်ဘဲနဲ့ အာဆီယံနဲ့ ပြန်ပေါင်းစည်းဖို့ မဖြစ်နိုင်ပါဘူး။ ဒါက မအလကိုယ်တိုင် အင်ဒိုနီးရှားမှာ သဘောတူထားလက်မှတ်ထိုးထားတဲ့အာဆီယံဘုံသဘော ထားဖြစ်သလို ကုလ လုံခြုံရေးကောင်စီရဲ့ တောင်းဆိုချက် နံပါတ် ၂ ဖြစ်ပါတယ်။
တချို့ကလည်း ဒါတွေက သိပ်အရေးမကြီးဘူးထင်လိမ့်မယ်။ တကယ် အရေးကြီးပါတယ်။ ဒါက နိုင်ငံတကာအဖွဲ့အစည်းတွေ အင်စတီကျူးရှင်းတွေရဲ့ ဂုဏ်သိက္ခာဖြစ်ပါတယ်။ အထူးသဖြင့် မြန်မာလို ပါမွှားနိုင်ငံလေးက နိုင်ငံတွေပေါင်းစည်းထားတဲ့ အာဆီယံ၊ ကမ္ဘာရဲ့ အမြင့်ဆုံး တရားဝင်မှုရှိတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ကို စက္ကူစုတ်လို လုပ်မှာကို သူတို့ ဘယ်လိုမှ အဖြစ်ခံမှာ မဟုတ်ပါဘူး။
နေသွင်ညိဏ်း
-
_
t.me@moemakaPlease show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar
