ကော့ကရိတ်မြို့ က ပျက်စီးနေတဲ့ နေအိမ်တွေ ပြန်ဆောက်ဖို့ အာဏာသိမ်းစစ်အစိုးရ ဖိအားပေး
မြန်မာနွေဦးခရိုနီကယ် - မေ ၁၂ မြင်ကွင်း
(မိုးမခ) မေ ၁၃ ၊ ၂၀၂၆
ကော့ကရိတ်မြို့ က ပျက်စီးနေတဲ့ နေအိမ်တွေ ပြန်ဆောက်ဖို့ အာဏာသိမ်းစစ်အစိုးရ ဖိအားပေး
၂၀၂၂ က စတင်ပြီး ၂၀၂၄ ခုနှစ်ကုန်ပိုင်းအထိ KNU/KNLA နဲ့ အခြား ပူးပေါင်းလက်နက်ကိုင်အဖွဲ့တွေ ပါဝင်ပြီး မြို့သိမ်းတိုက်ပွဲတွေ ဖြစ်ပွားခဲ့ရတဲ့ ကော့ကရိတ်မြို့ကို ၂၀၂၅ ခုနှစ်မှာ အာဏာသိမ်းစစ်တပ်ဘက်က ပြန်လည်စိုးမိုးထိန်းချုပ်နိုင်ခဲ့ပြီးနောက် လအတန်ကြာမှာတော့ မြို့ထဲက ပျက်စီးနေတဲ့ နေအိမ်တွေကို ဖြိုချရှင်းလင်းပြီး ပြန်ဆောက်လုပ်ကြဖို့ စစ်အစိုးရက ဖိအားပေး လုပ်ဆောင်နေတဲ့အကြောင်း သတင်းတွေမှာ ဖော်ပြထားကြပါတယ်။
ကရင်ပြည်နယ်ထဲက မြဝတီ-ဘားအံ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်က အကြီးဆုံးမြို့တမြို့ ဖြစ်တဲ့ ကော့ကရိတ်မြို့ကို ၂၀၂၂ ခုနှစ်ကတည်းက ကော့ကရိတ်မြို့မှာ စတင်ဖြစ်ပွားလတဲ့ တိုက်ပွဲတွေနဲ့ ၂၀၂၃ နှစ်ကုန်ပိုင်း နဲ့ ၂၀၂၄ ခုနှစ်အတွင်း မြို့သိမ်းတိုက်ပွဲတွေအတွင်း နေအိမ် ရာထောင်ချီပြီး မီးလောင်တာ၊ လက်နက်ကြီး ကျည်ကျရောက်တာ၊ လေကြောင်းတိုက်ခိုက်မှု တွေကြောင့် ပျက်စီးဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။
နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့ ဒေါနတောင်ကို ကျော်ဖြတ်ဖောက်လုပ်ထားတဲ့ ကော့ကရိတ်-မြဝတီ အာရှလမ်းမရဲ့ အစမှာ တည်ရှိတဲ့ ကော့ကရိတ်မြို့ဟာ ကုန်သွယ်ရေးအရ စည်ကားတဲ့ မြို့တမြို့ဖြစ်ပြီး ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်မှာ ဖြစ်ပွားလာတဲ့ လက်နက်ကိုင်တိုက်ပွဲတွေအတွင်း တော်လှန်ရေး လက်နက်ကိုင် တပ်ဖွဲ့တွေက ကော့ကရိတ်မြို့ကို သိမ်းယူဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ကြပါတယ်။ ၂၀၂၃ ခုနှစ်ကုန်ပိုင်းနဲ့ ၂၀၂၄ ခုနှစ်ထဲမှာ တိုက်ပွဲ အပြင်းထန်ဆုံးဖြစ်ပွားခဲ့ပြီး မြို့တွင်းက ရပ်ကွက်တွေက နေအိမ်တွေ မီးလောင်ခံရတာ၊ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ပျက်စီးမှု အများအပြားရှိခဲ့ပြီး ၂၀၂၄ ခုနှစ် ဧပြီလထဲမှာတော့ အာဏာသိမ်းစစ်တပ်ဘက်က မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပါတယ်။ မြို့မှာ ပြန်လည်နေထိုင်သူ များများစားစားမရှိခဲ့သော်လည်း မကြာသေးခင်က အာရှလမ်း ပြန်လည်ဖွင့်လှစ်ပြီးနောက်မှာ အခုလို ပျက်စီးနေတဲ့ မြို့ထဲက နေအိမ်တွေကို ဖြိုချရှင်းလင်းပြီး ပြန်ဆောက်ဖို့ ဖိအားပေးလာတာ ဖြစ်ပါတယ်။
ခုလို နေအိမ်တွေ ပြန်လည်ဆောက်လုပ်ဖို့ ဖိအားပေးတာနဲ့အတူ မဖြစ်စလောက် ပမာဏဖြစ်တဲ့ နေအိမ်တလုံးကို သွပ် ၁၅ ချပ် နဲ့ ဘိလပ်မြေ ၅ အိတ် ပေးမယ်ဆိုပြီး စစ်အစိုးရရဲ့ အုပ်ချုပ်ရေးဝန်ထမ်းတွေက မြို့ခံတွေကို ပြောကြောင်း သတင်းတွေမှာ ဖော်ပြထားကြပါတယ်။
အခြားမြို့တွေမှာ တိမ်းရှောင်နေထိုင်နေကြတဲ့ မြို့ခံအများအပြား ပြန်မလာကြသေးတာလည်း တွေ့ရပါတယ်။ သင်္ဃန်းညီနောင်နဲ့ ကော့ကရိတ် အာရှလမ်းပိုင်းကို မကြာသေးမီက ပြန်ဖွင့်ခဲ့ပြီး နယ်စပ်ကုန်သွယ်ရေးကိုတော့ ပြန်လည်ဖွင့်လှစ်ခြင်း မရှိသေးပါဘူး။
ပြီးခဲ့တဲ့ ၅ နှစ်တာကာလအတွင်း ကရင်ပြည်နယ်ထဲမှာ ဖြစ်ပွားခဲ့တဲ့ မြို့သိမ်းတိုက်ပွဲတွေ အထဲမှာ ကော့ကရိတ်မြို့ သိမ်းတိုက်ပွဲက အကြီးမားဆုံး ဖြစ်ပါတယ်။ အခြားသော စစ်ခြေကုပ်စခန်း၊ တပ်ရင်းတွေ နဲ့ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်လို စခန်းတွေကို တိုက်ခိုက်သိမ်းယူခဲ့တာတွေ ရှိသည့်တိုင် မြို့အနေနဲ့ဆိုရင် ကော့ကရိတ်က အကြီးဆုံးမြို့ဖြစ်ပါတယ်။
ဒီနေ့အဖို့ နောက်သတင်းအကြောင်းအရာတခုကတော့ မြန်မာနိုင်ငံအလယ်ပိုင်း အညာဒေသနဲ့ အနောက်ဘက် ချင်းပြည်နယ်၊ ရခိုင်ပြည်နယ် ထိစပ်ရာဒေသတွေနဲ့ ပတ်သက်ပြီး အာဏာသိမ်းစစ်တပ်ရဲ့ ပိတ်ဖို့ ဖြတ်တောက်တဲ့ မဟာဗျူဟာက တဖြည်းဖြည်း ရုပ်လုံးပေါ်လာနေတဲ့ အကြောင်းဖြစ်ပါတယ်။
ခုရက်ပိုင်း DVB သတင်းဌာနှာ ဖော်ပြထားတဲ့ သတင်းတပုဒ်က မြင်းခြံခရိုင်ရှိ PDF စိုးမိုး နယ်မြေအားလုံးနီးပါး အာဏာသိမ်းစစ်တပ် ဘက်က ပြန်လည် ထိန်းချုပ်တယ် ဆိုတဲ့ သတင်း ဖြစ်ပါတယ်။ စစ်အာဏာသိမ်းပြီးနောက် နှစ်တွေမှာ LPDF နဲ့ PDF တပ်တွေ စတင်ဖွဲ့စည်း ထူထောင်ပြီး အားကောင်းလာတဲ့ ဒေသတွေထဲမှာ မြင်းခြံ ၊ ပခုက္ကူ၊ မြောင်တို့ ပါဝင်ပါတယ်။ မြင်းခြံခရိုင်ထဲမှာ နွားထိုးကြီး၊ တောင်သာ၊ ငါန်းဇွန် စတဲ့ဒေသတွေဟာ တဖက်မှာ စစ်ကိုင်းတိုင်းနဲ့ ထိစပ်နေတဲ့ ဒေသတွေလည်း ဖြစ်ပြီး စစ်ကိုင်းတိုင်းထဲက တပ်တွေနဲ့ ပူးပေါင်းလှုပ်ရှားတာတွေလည်း ရှိနေခဲ့ကြတာ ဖြစ်ပါတယ်။
မကြာသေးခင်က မန္တလေးတိုင်းထဲက ဧရာဝတီမြစ်ရှေ့ခြမ်းတလျှောက်ကို ပြန်လည်ထိန်းချုပ်လာနိုင်တဲ့ အာဏာသိမ်းစစ်တပ်ဟာ မန္တလေးတိုင်းထဲက မြင်းခြံခရိုင်၊ ယော၊ ဆော နယ်နဲ့ ပခုက္ကူ၊ ဂန့်ဂေါ နယ်တွေထဲက အနောက်ဘက်ခြမ်းနဲ့ ထိစပ်နေတဲ့ နယ်မြေတွေကို ဖြတ်တောက်မှုတွေ လုပ်ဖို့ ရည်ရွယ်ကာ ထိုးစစ်ဆင်တာ နေရာယူ အထိုင်ချတာတွေ လုပ်နေတာ တွေ့ကြရပါတယ်။
အာဏာသိမ်းစစ်တပ် အနေနဲ့ တဖက်မှာ ရခိုင်ပြည်နယ်ကနေ မကွေးတိုင်း၊ ပဲခူးတိုင်း အစပ်တွေအထိ ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ AA နဲ့ ဒေသခံ PDF ပူးပေါင်းတပ်တွေကို အပြင်းအထန် ခုခံနေရသည့်တိုင် မြန်မာနိုင်ငံ အလယ်ပိုင်း မန္တလေး၊ စစ်ကိုင်းနဲ့ မကွေးတိုင်းမြောက်ပိုင်းတွေမှာ စစ်တပ်အင်အား ရာဂဏန်းကနေ ထောင်ဂဏန်းအထိ သုံးပြီး ထိုးစစ်ဆင်တိုက်ခိုက်နေတာ တွေ့ရပါတယ်။
အာဏာသိမ်းစစ်တပ် အနေနဲ့ ပဲခူးတိုင်းနဲ့ မကွေးတိုင်းထဲက အနောက်ရိုးမကို ကျောပေးထားတဲ့ စစ်လက်နက်ပစ္စည်းစက်ရုံတွေကို ကာကွယ်တိုက်ခိုက်နေရသလို တဖက်မှာလည်း ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်တွေကို ဆက်သွယ်ထားတဲ့ လမ်းကြောင်းတွေကို ထိန်းချုပ်မိဖို့ ကြိုးပမ်းနေတာ တွေ့နေရပါတယ်။ ယော၊ ဆော နဲ့ မင်းတပ် ၊ မတူပီကတဆင့် ရခိုင်ပြည်နယ်ဘက်ကို ဆက်သွယ်နေတဲ့ ကားလမ်းတွေကို ကြားက ဖြတ်တောက် ထိန်းချုပ်ဖို့ ကြိုးပမ်းနေတာ တစတစ ထင်ရှားလာနေပါတယ်။ ချင်းပြည်နယ် အနေနဲ့လည်း ဖလမ်းမြို့ကို မကြာသေးခင်က ပြန်လည်သိမ်းယူသွားသလို ချင်းပြည်နယ် မြောက်ပိုင်း တီးတိန်ဘက် ကို ဆက်သွယ်ထားတဲ့ လမ်းကြောင်းတွေကိုလည်း ထိန်းချုပ်ဖို့ စစ်အင်အား ရာချီတဲ့ စစ်ကြောင်းတွေ ပို့နေတာတွေ့ရမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံ အလယ်ပိုင်းကို တစတစ ပြန်လည်ထိန်းချုပ်လာနိုင်ပြီးနောက်မှာ အနောက်ဘက်ခြမ်းက ချင်းတော်လှန်ရေး လက်နက်ကိုင်အဖွဲ့ နဲ့ ရခိုင်ပြည်နယ်က AA တို့ကို အရှေ့ဘက်ဒေသတွေက တော်လှန်ရေး အင်အားစုတွေနဲ့ ဆက်သွယ်ကူးလူးလို့ မရအောင် ဖြတ်တောက်ဖို့ ရည်ရွယ်ချက် ရှိပုံရတာ တစတစ ပုံပေါ်လာနေတာ လည်း ဖြစ်ပါတယ်။
ဒီ မဟာဗျူဟာကို ချေဖျက်နိုင်ဖို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ၊ NUG လက်အောက်က PDF တပ်တွေ အနေနဲ့ အမြန်ဆုံး ကြိုးပမ်းကြဖို့ လိုအပ်နေတဲ့ အခြေအနေ ဖြစ်ပါတယ်။
မြို့တမြို့၊ နယ်တနယ် လက်လွှတ်လိုက်ရတာ ထူးထူးခြားခြား အပြောင်းအလဲကြီး မဟုတ်ပေမဲ့ ပေါ်လွင်လာနေတဲ့ စစ်အစိုးရရဲ့ မဟာဗျူဟာကို ကြားဖြတ်ဟန့်တား ဖျက်ဆီးခြင်း မလုပ်နိုင်ခဲ့ရင် မကြာခင် ကာလတွေမှာ တော်လှန်ရေးအင်အားစုတွေ အချင်းချင်းကြား ပေါင်းစပ်လှုပ်ရှားတဲ့ လှုပ်ရှားမှုတွေ လုပ်ဆောင်ရ ခက်ခဲလာနိုင်ခြေ ရှိနေတာလည်း ဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar