လေးလေး - ကျော်ဟိန်း
လေးလေး - ကျော်ဟိန်း
မိုးမခ ၊ မေ ၁၃ ၊ ၂၀၂၆
နာမည်နဲ့လိုက်အောင် ဟိန်းနေအောင်ကျော်ခဲ့တဲ့သူပါ။ ကျနော်တို့ အသက် ၆၀ တန်းတွေဆို ရုပ်ရှင်မှာ ကျော်ဟိန်းနဲ့ ကြီးပြင်းခဲ့ကြသူတွေများမယ်။ ရန်ကုန်၊ စမ်းချောင်းမွေး၊ စမ်းချောင်းမှာကြီးတော့ ရွှေမန်း၊ တပင်ရွှေထီး၊ ရတနာပုံ၊ ဆန်းသီရိ စတဲ့ မြေနီကုန်းရုပ်ရှင်ရုံတွေကြားထဲ ကြီးသလိုဖြစ်ခဲ့တာပေါ့။ ၁၉၇၀ ကျော် ၈၀ တဝိုက် မြန်မာ့ရုပ်ရှင် အဖြူအမည်းခေတ်မှာ သောကြာနေ့ဆို ရွှေမန်းနဲ့ တပင်ရွှေထီးရုံတွေမှာ မြန်မာကားသစ်နှစ်ကား တစ်ပြိုင်တည်း ရုံတင်တယ်။
အဲဒီနှစ်ကားထဲကမှ လူဝင်များ လူကြိုက်များတဲ့ကားကို ရတနာပုံရုံမှာ ဆက်တင်ပြီး လူဝင်ရင်ဝင်သလို ရတနာပုံရုံမှာ ဆက်ပြတယ်။ ဆန်းသီရိရုံမှာတော့ အင်္ဂလိပ်ကားတွေ၊ ဂျပန်ကားတွေ တင်တယ်။ ကျနော်ရုပ်ရှင်ကို အပတ်တိုင်း မလွတ်တမ်းကြည့်ချိန်က ကျော်ဟိန်းခေတ်၊ တချို့သော သောကြာနေ့တွေဆို ကျော်ဟိန်းကားချည်း နှစ်ကားတိုက် ရုံတင်တာ ဘယ်ကားအရင်ကြည့်ရမတုန်း ဝေခွဲရခက်ခဲ့တာကလား။ ပထမအချက်အနေနဲ့ ဒါရိုက်တာကို ကြည့်တယ်။ ကိုယ်ကြိုက်တဲ့ ဒါရိုက်တာရိုက်တဲ့ ကျော်ဟိန်းကား အရင်ကြည့်တယ်။
ပြီးမှ ကျော်ဟိန်းပဲပါတဲ့ နောက်တစ်ကားကို ဆက်ကြည့်တယ်။ ဒါရိုက်တာကြည့်လို့ ဝေခွဲမရသေးရင် ဝတ္ထုရေးတဲ့ စာရေးဆရာကို ကြည့်တယ်။ ကိုယ်ကြိုက်တဲ့ စာရေးဆရာရဲ့ဝတ္ထုဆို အဲဒီကားကို ဦးစားပေးကြည့်တယ်။ မင်းသားကတော့ ကျော်ဟိန်းပဲ။ ကျော်ဟိန်းကားချည်း ကြည့်လွန်းလို့ ကျနော့်အဖေက “မင်းတို့က ကျော်ဟိန်း ဖင်လှန်ပြလည်း ကြည့်မယ့်ကောင်တွေ” လို့ ထောမနာပြုတဲ့ထိပဲ။ (ပန်းမြိုင်လယ်က ဥယျာဉ်မှူး ဇာတ်ကားမှာ ကျော်ဟိန်း ဖင်လှန်ပြတာ အကယ်ဒမီပါ ရသွားတယ်)။
ကျော်ဟိန်း ကြည့်ပြီး ဘယ်လောက်အရူးထသလဲဆို ရုပ်ရှင်ထဲမှာ ကျော်ဟိန်းက စစ်လွယ်အိတ်လွယ်တာ တွေ့တော့ သံဈေးပြေးပြီး စစ်လွယ်အိတ် ဝယ်လွယ်ခဲ့ဖူးတယ်။ ထားတော့။ “ကျော်ဟိန်းလို့ နာမည်ကြီးတဲ့ လူတစ်ယောက်” ဆိုတဲ့စာအုပ်က အောင်သင်းကမေးပြီး ကျော်ဟိန်းက ဖြေထားတဲ့ အင်တာဗျူးပါ။ မဂ္ဂဇင်းအခန်းဆက် အင်တာဗျူးကို လုံးချင်းစာအုပ်အဖြစ် ထုတ်ဝေထားတာဖြစ်ပြီး ကျော်ဟိန်းပြောတဲ့ သူ့ဘဝဇာတ်ကြောင်းပါပဲ။
ကျောင်းပြေး အိမ်ပြေး၊ ဂိုဏ်းစတားလည်း လုပ်ဖူး၊ မင်းသားဖြစ်တော့ ဘိန်းဖြူရှူဖူး၊ ဘဝစုံသလို မာန်မာနလည်း အလွန်ကြီးသူ။ ကျော်ဟိန်းတို့ ခေတ်စားခါစ ကျနော်တို့ငယ်ငယ်က ရုပ်ရှင်မင်းသားတွေ၊ အဆိုတော်တွေ ဘိန်းဖြူချလို့ ထောင်ကျကြတယ်။ ကျော်ဟိန်းလည်း ဘိန်းဖြူရှူခဲ့တာပဲ။ ဒါပေမဲ့ သူက ဘိန်းဖြူကို မရ ရအောင် ဖြတ်ခဲ့တယ်။
“ကျွန်တော်က ရှက်တတ်တယ် ဆရာ။ ရှက်တတ်တယ် ဆိုတာက တခြားဟာမျိုးတွေ မဟုတ်ပါဘူး။ ကျွန်တော့်စိတ်ထဲမှာ အထင်ကြီးနေတဲ့ သူတစ်ယောက်ယောက် ကျွန်တော့်ကို 'ဒီကောင် အလကားကောင်ပဲ' လို့ အထင်သေးသွားမှာမျိုးကို ရှက်တတ်တယ်။ ဒီအချိန်မှာ ဒါရိုက်တာ ဆရာဦးဝင်းဖေနဲ့ 'လူသွားလမ်းကလေး' ဆိုတဲ့ကားကို ရိုက်နေတဲ့အချိန်ပေါ့။ ကျွန်တော်က ဦးဝင်းဖေကို အထင်ကြီးတယ်။ သူက အနုပညာကျောင်းအုပ်ကြီး၊ ပန်းချီလည်း တတ်တယ်၊ စာလည်းရေးတယ်၊ ရုပ်ရှင်ပညာကိုလည်း တတ်တယ်။ ကျွန်တော်က ယူဆတယ်။ သူက ကျွန်တော့်ကို ဘိန်းဖြူစွဲနေသူရယ်လို့ သိသွားမှာကို ကြောက်နေတယ်။ အဲဒီမှာတင်ပဲ ကဲကွာ ဖြတ်တယ်ကွာဆိုပြီး ဖြတ်ချလိုက်ပြီး…”
ဒီစာအုပ်ထဲမှာ လူငယ်တွေ အတုယူစရာကောင်းတဲ့ ကျော်ဟိန်းရဲ့ စိတ်ဓာတ်၊ လုပ်ရပ်တွေ အတော်ပါတာမို့ လူငယ်တွေ ဖတ်ကြည့်ကြဖို့ ကောင်းတယ်။ ကျနော်ကတော့ ကျော်ဟိန်းရဲ့ ပြောသလိုလုပ်သွားတဲ့ စိတ်ဓာတ်ကို သဘောကျတယ်။ သူ အောင်မြင်နေတုန်းမှာပဲ ဘုန်းကြီးဝတ်မယ်ပြောပြီး တကယ်ဝတ်သွားခဲ့တာကိုပါ။ ဒါမျိုး လူတိုင်း မလုပ်နိုင်ဘူး။
မလေးရှားဝန်ကြီးချုပ် မဟာသီယာမိုဟာမက်၊ သူ့အမေက “သား.. နိုင်ငံရေးက နားတော့” ပြောလို့ နားပြီဆိုပြီး နားသွားတယ်။ သိပ်မကြာဘူး၊ နိုင်ငံရေးထဲ ပြန်ဝင်လာပြီး ဝန်ကြီးချုပ် လုပ်ပြန်တာပဲ။
အမှန်တော့ ဆရာမောင်မိုးသူ ပြောဖူးသလိုပဲ၊ ကျနော်တို့ဆီမှာ ထွန်းဝေတို့၊ ကောလိပ်ဂျင်နေဝင်းတို့၊ ကျော်ဆွေတို့၊ ကျော်ဟိန်းတို့ရဲ့ အတ္ထုပ္ပတ္တိတွေ ရေးတာ၊ သားတာ၊ ထုတ်ဝေတာ လုပ်ဖို့ကောင်းတာ၊ မရှိဘူးဖြစ်သွားတယ်။ ဒီလို အင်တာဗျူးစာအုပ်လေးတွေနဲ့ပဲ စိတ်ဖြေသိမ့်နေရတယ်။ စာအုပ်လေးထဲမှာ ကျော်ဟိန်းပုံတွေနဲ့ သူရိုက်ခဲ့တဲ့ ရုပ်ရှင်ကား ကြော်ငြာတွေ ဝေဝေဆာဆာ ဖော်ပြထားတယ်။
အောင်သင်း မေးပြီး ကျော်ဟိန်း ဖြေခဲ့တဲ့ “ကျော်ဟိန်းလို့ နာမည်ကြီးတဲ့ လူတစ်ယောက်” စာအုပ်ကို ဇွန်ပွင့်စာပေတိုက်က ၂၀၂၅ ခု၊ နိုဝင်ဘာလမှာ ဒုတိယအကြိမ်၊ အုပ်ရေ ၁,၀၀၀ ထုတ်ဝေဖြန့်ချိပြီး၊ စာအုပ်တန်ဖိုးက ကျပ် ၇,၀၀၀ တိတိ။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar