ဆယ်ပေါင်တူ (မိုးမခ) - ကြင်စိုးနံမည်သစ်ထပ်ရခြင်း
ဆယ်ပေါင်တူ (မိုးမခ) - ကြင်စိုးနံမည်သစ်ထပ်ရခြင်း
(မိုးမခ) ဖေဖော်ဝါရီ ၄၊ ၂၀၂၂
မျက်လှည့်ထူးချွန်ဆုပြိုင်ပွဲကြီး နီးလာပြီဆိုတော့ ထုံးစံအတိုင်း မျက်လှည့်လောကသားတွေအကြား လှုပ်လှုပ်ရွရွတွေဖြစ်နေပါတယ်။ ဆုမျှော်မှန်းပြီး ကြိုးစားယှဥ်ပြိုင်ပြသကြပေမယ့် မျက်လှည့်ဝိဇ္ဇာ ‘ခြံစည်းရိုးကြင်စိုး’ကပဲ အမြဲလိုလို ဆုတံဆိပ်တွေယူသွားတာချည့်ပါပဲ၊ သူ့ကိုဘယ်သူကမှမယှဥ်နိုင်ကြပါဘူး။ ဒီတစ်ကြိမ်မှာတော့ အသက်အတော်ထောက်လာပြီဖြစ်လို့ အနားယူဖို့ တိုးတိုးတိတ်တိတ် နားချကြပေမယ့်လည်း မာန်မလျှော့သေးပဲ ဝင်ပြိုင်ဖို့ အားကြိုးမာန်တက် ပြင်ဆင်နေပါသတဲ့။ ဒီမျက်လှည့်လောကကို စိတ်မချသေးတဲ့အတွက် သူ နားလို့မရသေးဘူးလို့ပဲ ပြောနေပါသေးတယ်။ ‘မျက်လှည့်စွမ်းအားမကောင်းရင် သူများက ဖင်ပုတ် ခေါင်းပုတ် လာလုပ်သွားမှာပေါ့’ ဆိုတဲ့စကားကိုလည်း တွင်တွင်ပြောနေလေရဲ့။
အမြဲတမ်းဆုရနေကျဆိုပေမယ့် ဒီနှစ်ဆုရွေးချယ်ရေးစည်းမျဥ်းက အရင်နဲ့မတူ၊ ကမ္ဘာသူကမ္ဘာသားတွေ အကျိုးရှိမယ့် ပြကွက်လည်း ဖြစ်ရမယ်တဲ့။ ဒါ့ကြောင့်‘ခြံစည်းရိုးကြင်စိုး’တစ်ယောက် အတော်လေးအားစိုက် ကြံဆလေ့ကျင့်နေရတာပါ။နှစ်စဥ်နှစ်တိုင်းကတော့ ‘ခြံစည်းရိုးကြင်စိုး’လို့ နံမည်တွင်သွားစေတဲ့ ပြကွက်တွေနဲ့ ပရိသတ်တွေ၊ အမှတ်ပေးဒိုင်လူကြီးတွေကို ဖမ်းစားခဲ့တာပါပဲ။ သူ့ရဲ့အထူးပြုပြကွက်တွေဖြစ်တဲ့ ‘ခြံစည်းရိုး’တိုင်တွေကိုသုံးပြီး ကြည့်ရှုသူတွေ ဟင်ခနဲ ဟာခနဲ ဖြစ်သွားစေတာမျိုးနဲ့ ဆုတွေသိမ်းကျုံးယူခဲ့တာပါ။
တစ်ကြိမ်နဲ့ တစ်ကြိမ်လည်း မတူစေရဘူး၊ မကြည့်လိုက်ရသူတွေအတွက် ပြန်ပြောရရင် ပထမဦးဆုံး ခြံစည်းရိုးတိုင်တွေကို ဆလိုက်တွေ၊ မီးမောင်းတွေ တည့်တည့်ထိုးပြီး ပရိသတ်မြင်အောင် ပြလိုက်တယ်၊ ပြီးတော့ လှုပ်မရ၊ ရွေ့မရအောင် ခြင်းကြားနဲ့ အသေအချာ အုပ်လိုက်တယ်။ အဲဒီနောက် ‘ခြံစည်းရိုးကြင်စိုး’က အာဝဇ္ဇန်းရွှင်ရွှင်နဲ့ စကားတွေ ဘာတွေ ပြောရသေးတာပေါ့၊ မယုံတဲ့သူရှိရင်လည်း စင်ပေါ်လာတက်ကြည့်နိုင်တယ်လို့လည်း ဖိတ်ခေါ်တတ်ပါတယ်။ အဲဒီနောက်တော့ တီးဝိုင်းဆီကို အချက်ပြလိုက်တာနဲ့ ဘင်တီးသံ စကြားရပါတော့တယ်။ ဘင်သံနဲ့ စည်းချက်ကျကျ လျှောက်လှမ်းရင်း‘ ခြံစည်းရိုးကြင်စိုး’က လိုက်ကာနဲ့ ခြံစည်းရိုးတိုင်တွေကို ကာလိုက်ပါတယ်။ ဘင်သံတဖြည်းဖြည်းနဲ့ တိုးသွားပြီး ရပ်သွားချိန်မှာတော့ ‘ဟပ်ချလောင်း‘လို့ အော်လိုက်ရင်း လိုက်ကာကို ဖွင့်ပြလိုက်တယ်ဆိုရင်ပဲ အာမေဍိတ်သံတွေနဲ့အတူ လက်ခုပ်သံ၊ လက်ခေါက်မှုတ်သံတွေက မိုးပြိုမတတ် ဆူညံပွက်သွားပါတော့တယ်။ ဘာ့ကြောင့်လဲဆိုတော့ ခြင်းကြားနဲ့ ခြံစည်းရိုးတိုင်တွေ အားလုံး ပျောက်ချင်းမလှ ပျောက်သွားပြီး အဲဒီနေရာမှာ မြေဩဇာအိတ်တွေ ရောက်နေလို့ပါပဲ။ ကဲ ဒီလိုပြကွက်မှ ဆုမရရင် ဘယ်သူ့ကိုသွားပြီး ဆုပေးရမှာလဲ။
နောက်တစ်ကြိမ်ပြိုင်ပွဲကျပြန်တော့လည်း ဆင်တူယိုးမှားပြကွက်ပါပဲ။ ဒီတခါတော့ မြေဩဇာ မဟုတ်တော့ဘူး၊ ‘မုန့်ဟင်းခါးပွဲ’ပူပူနွေးနွေးတွေ၊ ရွှေပွဲလာပရိသတ်တွေတောင် သွားရည်တမြားမြားနဲ့ပေါ့။ နောက်ပြိုင်ပွဲမှာ တော့’ဒန်ပေါက်’ ’ဆီပုံး’ အစသဖြင့်ပေါ့။ ဒီလိုနဲ့ပဲ ဆုတွေဆက်တိုက်ရရင်း သူ့အထူးပြု ခြံစည်းရိုးတိုင်တွေကို
အစွဲပြုလို့ မူလနံမည် ‘မျက်လှည့်ကြင်စိုး’အစား ‘မျက်လှည့်ဝိဇ္ဇာ ခြံစည်းရိုးကြင်စိုး’ဆိုပြီး တစ်ခေတ်တစ် ယောက် လျှမ်းလျှမ်းတောက်လာခဲ့တာပါ။
အမှတ်ပေးစည်းမျဥ်းတွေ တိုးလာတယ်ဆိုပေမယ့် ‘ခြံစည်းရိုးကြင်စိုး’အတွက်ကတော့ အခက်အခဲသိပ်မရှိပါ ဘူး။ ထုံးစံအတိုင်း သူ့ရဲ့ခြံစည်းရိုးတိုင်ပြကွက်နဲ့ ဆုရသွားပြန်ပါတယ်။ ပရိသတ်လည်း သဘောကျ၊ ဆုရွေး ချယ်ရေးအဖွဲ့ကလည်း တကယ့်ကို အချိန်ကာလနဲ့ကိုက်ညီပြီး ကမ္ဘာသူကမ္ဘာသားတွေအတွက်လည်း အကျိုး ရှိစေတယ်ဆိုပဲ။ ကိုဗစ်ကာလမှာ အိမ်သာသုံးစက္ကူ ပြတ်တောက်မှုကို တဖက်တလမ်းက ဖြေရှင်းပေးရာ ရောက်လို့တဲ့။ ဘာကြောင့်လဲဆိုပြီး သိချင်နေသူများကို ပြောပြရမှာက ဒီနှစ်ပြကွက်မှာ ခြံစည်းရိုးတိုင်တွေက အိမ်သာသုံး ‘ကနုတံ’ တုတ်ချောင်းတွေအဖြစ် ပြောင်းသွားတဲ့အတွက်ပါ။ အများကတော့ ဆုရတာထိုက်တန်တယ်လို့ ဆိုကြပေမယ့်၊ သူ့နေရာနဲ့သူဆိုရင် တန်ဖိုးရှိနေမယ့် ခြံစည်းရိုးတိုင်တွေက ကြင်စိုးကြောင့် ‘ကနုတံ’ အဆင့် ရောက်သွားရတာကို နှမြောကြ၊ စိတ်မကောင်းဖြစ်ကြ၊ သံဝေဂရကြတဲ့သူတွေလည်း ရှိကြတာပေါ့၊ ဒီ ပွဲအပြီးမှာတော့ ကြင်စိုးလည်း နာမည်အသစ်ထပ်ရသွားလေရဲ့ ၊ “ကနုတံကြင်စိုး”ဆိုပြီးတော့လေ။
ဆယ်ပေါင်တူ (မိုးမခ)
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar