အောင်သူငြိမ်း - ဒီမိုကရေစီအရေး ဘယ်လိုပြန်လည်ပြင်ဆင်ကြမလဲ
အောင်သူငြိမ်း - ဒီမိုကရေစီအရေး ဘယ်လိုပြန်လည်ပြင်ဆင်ကြမလဲ (အပိုင်း-၃ နိဂုံး)
(မိုးမခ) ဖေဖော်ဝါရီ ၆၊ ၂၀၂၂
၈။ အာဏာရှင်စနစ်ကို စွမ်းဆောင်ပေးနိုင်တဲ့ ကော်ပိုရေးရှင်းတွေကို ရပ်ဆိုင်းပါ။ (Stop the corporate enablers of tyranny.)
ဒီမိုကရေစီနိုင်ငံတွေဟာ ထောက်လှမ်းရေးအဆင့် သုံးနိုင်တဲ့ ဆော့ဖ်ဝဲယားနဲ့ အခြားနည်းပညာတွေကို နှိပ်ကွပ်မထားဘူး ဆိုရင် ဒီမိုကရေစီကို ပြန်ထိခိုက်စေပါလိမ့်မယ်။ ထောက်လှမ်းရေး စပိုင်နည်းပညာနဲ့ ထွင်းဖောက်ခိုးယူတဲ့ စနစ်များ (hacking systems) တွေက လွတ်လပ်တဲ့ သတင်းမီဒီယာ၊ လွတ်လပ်စွာ ဖော်ပြပြောဆိုခွင့်နဲ့ လူတဦးချင်းရဲ့ လုံခြုံခွင့်တွေကို ခြိမ်းခြောက်လာပါတယ်။ အဲဒါအပြင် သူတို့က ရာဇဝတ်ဂိုဏ်း ကွန်ရက်တွေ၊ မကောင်းကြံစည်စိတ် ရှိကြတဲ့ နိုင်ငံတွေနဲ့ လုပ်ကိုင်ဆောင်ရွက်နေသူတွေ၊ အာဏာယူဖို့ စိုင်းပြင်းနေကြတဲ့ လက်ဝါးကြီးအုပ် အရင်းရှင်ကြီး အော်လီဂါ့တွေကို ကူညီပေးပါတယ်။ ဒါနဲ့ပဲ အစိုးရအရာရှိတွေ၊ သတင်းထောက်တွေ၊ အဲန်ဂျီအိုတွေ၊ ဉာဏ်ကြီးရှင်အဖွဲ့တွေ၊ တက္ကသိုလ်တွေနဲ့ ကုမ္ပဏီတွေကို တဖန်ပြန်ကြီး အကျပ်ကိုင် ခြိမ်းခြောက်ဖို့ ဖြစ်လာပါတယ်။
ဒီမိုကရေစီကို အောက်ကနေ လှိုက်စားနေတဲ့ နည်းပညာတွေရဲ့ တာဝန်ယူတာဝန်ခံမှု ရှိစေရေးဆိုတာ ဘယ်နေရာအတွက်မဆို အလွန်အမင်း အရေးပေါ်ကိစ္စ ဖြစ်ပါတယ်။ ဟက်ခ်လုပ်တာ (Hacking) နဲ့ စပိုင်ဆော့ဖ်ဝဲယားစနစ်တွေက လူတွေကို ဆိုးကျိုးများစွာ ပေးနိုင်ပါတယ်။ ဒါပေမဲ့ သူတို့ချည်းပဲ မဟုတ်သေးပါဘူး။ လူအများကို တပြိုင်နက်တည်း စောင့်ကြည့်နေ လို့ရတဲ့ စနစ် (Mass surveillance) တွေ၊ ဥပမာအားဖြင့် မျက်နှာကို ဖတ်နိုင်တဲ့ နည်းပညာ၊ အသံကို ခွဲခြားသိနိုင်တဲ့ နည်းပညာ၊ ခံစားမှုကို သိနိုင်တဲ့နည်းပညာ၊ စတာတွေနဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ အွန်လိုင်းပေါ်က လှုပ်ရှားမှုတွေကို စနစ်တကျ နောက်ယောင်ခံလိုက်နိုင်ပါတယ်။ ဒါက လွတ်လပ်ခွင့်နဲ့ ဖိနှိပ်မှုကြားထဲက နောက်ထပ်ရင်ဆိုင်ရမယ့် မျက်နှာစာတခု ဖြစ်လာနေပါ တယ်။ ဒီနေရာမှာ အနောက်တိုင်း ကုမ္ပဏီကြီးအချို့ရဲ့ အခန်းကဏ္ဍက သိပ်အရေးကြီးပါတယ်။ သူတို့က အာဏာရှင်တွေကို ပိုစွမ်းလာနိုင်အောင် ကူညီပေးနိုင်လို့ပဲ ဖြစ်ပါတယ်။
၉။ ဒစ်ဂျစ်တယ်နဲ့ သတင်းမှား သတင်းတု ပုံဖျက်မှု ကာကွယ်ရေး (Digital and disinformation defense)
အာဏာရှင်အစိုးရများက ဒီမိုကရေစီ အစိုးရတွေအပေါ် ပြင်းပြင်းထန်ထန် သတင်းမှားတွေ၊ သတင်း အခြေခံကွန်ရက်တွေနဲ့ တိုက်ခိုက်မှုတွေ ဖြစ်ပေါ်လာပါတယ်။ ဥပမာအားဖြင့်- ခိုးဝှက် ဟက်ခ်ယူခြင်း (hacking)၊ အန္တရာယ်ရှိစေနိုင်တဲ့ အရှက်တကွဲ ဖြစ်စေမယ့် သတင်းမျိုးကို ဖွင့်ချပေးခြင်း (doxing)၊ သတင်းမှား ဖော်ပြပျံ့နှံ့စေခြင်း စတာတွေ ပါဝင်ပါတယ်။ ရုရှားနိုင်ငံက ဟက်ခ်လုပ်တဲ့ အဖွဲ့နှစ်ခုက အမေရိကန်ပြည်ထောင်စု ကွန်ဂရက်လွှတ်တော်၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမျိုးသား ဒီမိုကရက်တစ်ကော်မီတီ (Democratic National Committee)၊ အဲဒါအပြင် ဂျာမန်လွှတ်တော် (German Bundestag) နဲ့ ပါတီ အကြံပေးအဖွဲ့များ၊ ဒိန်းမတ်နဲ့ အီတလီနိုင်ငံခြားရေး ဝန်ကြီးဌာနများ၊ အားကစားပွဲတွေမှာ မူးယစ်ဆေးသုံးစွဲမှုကို ကြီးကြပ်တဲ့ ကမ္ဘာ့အဖွဲ့အစည်း (World Anti-Doping Agency) နဲ့ အခြား ပစ်မှတ်အများအပြားကို ထွင်းဖောက်ဝင်ရောက်ခဲ့ကြပါတယ်။
ရုရှား အစိုးရ မီဒီယာအဖွဲ့အစည်းတွေနဲ့ အစိုးရနဲ့ ချိတ်ဆက်နေတဲ့ အကောင့်တွေကနေပြီးတော့လည်း အနောက်နိုင်ငံ လူမှု မီဒီယာတွေမှာ ကျား-မတူချင်း လိင်ဆက်ဆံမှုကို မုန်းတီးရေး၊ ဂျူးဆန့်ကျင်ရေး၊ မူစလင်ဆန့်ကျင်ရေး၊ လူဝင်မှု ပြောင်းရွှေ့မှု ဆန့်ကျင်ရေး၊ ကာကွယ်ဆေးထိုးမှု ဆန့်ကျင်ရေး၊ ခွဲထွက်ရေး မြှောက်ပေးတဲ့ အုပ်စုတွေ၊ နေတိုး စစ်အုပ်စုဆန့်ကျင်ရေး စတဲ့ သတင်းတု သတင်းလိမ် အများအပြားကို ဖန်တီးပေးဖို့ခဲ့ကြပါတယ်။ ခုလို နယ်စပ်ဖြတ်ကျော် ခြိမ်းခြောက်မှုတွေကို ကျနော်တို့ဘက်က သေချာမကိုင်တွယ်နိုင်ကြသေးပါဘူး။ ဟက်ခ်လုပ်တဲ့၊ သတင်းမှားပေးပို့တဲ့၊ ဖြန့်နေတဲ့ သတင်းရင်းမြစ်တွေကို လျစ်လျူရှုထားကြပါတယ်။ ဒီအချက်တွေကို သေချာကိုင်တွယ် ဖြေရှင်းဖို့ လိုအပ်ပါတယ်။
ပထမအနေနဲ့ ပြဿနာကတော့ အစိုးရတွေရဲ့ အေးခဲမာတောင့်နေတဲ့ ဗျူရိုကရေစီစနစ်ပါ။ သူတို့က ဌာနတခုနဲ့ တခုလည်း ပူးပေါင်းဆောင်ရွက်မှု မရှိကြဘဲ ဆောင်ရွက်နေကြတာပါ။ ဒုတိယအချက်ကတော့ ဒီလိုပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းနေတာက နိုင်ငံတခုချင်း နယ်နိမိတ်အတွင်းမှာပဲ ဖြစ်နေပါသေးတယ်။ နိုင်ငံတခုနဲ့ တခုလည်း မလုပ်ချင်မကိုင်ချင်နဲ့ သတင်းဝေမျှတာမျိုးလောက် ပါပဲ။ လိုအပ်နေတာက နိုင်ငံအများ ပူးပေါင်းဆောင်ရွက်မှု ဖြစ်ပြီး၊ နိုင်ငံစုံ ဒစ်ဂျစ်တယ် ခုခံကာကွယ်ရေးကလည်း တန်ဖိုးထားမှုတွေအပေါ် အမှန်တကယ် အခြေခံဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ စစ်အုပ်စု နေတိုးတို့၊ နိုင်ငံရေးမဟာမိတ်ဖွဲ့မှု အီးယူ တို့နဲ့ မတူပါပဲ။ သေချာတိကျတဲ့ လုပ်ငန်းစဉ်တွေနဲ့ ဆောင်ရွက်ပြီး ဒစ်ဂျစ်တယ် လုံခြုံရေး ထီးမိုးဆောက်ရပါမယ်။ ဒီမိုကရေစီ နောက်ပြန် ကျဆင်းနေတဲ့ အနေအထားကို ကာကွယ်ကြရမှာ ဖြစ်ပါတယ်။
၁၀။ နိုင်ငံရေးရဲ့ ရှေးရိုးအဆန်ဆုံး မေးခွန်းပုစ္ဆာ (The oldest question in politics)
ဒီအပိုင်းကိုတော့ နာမည်ကျော် ဖာရိ ဇာကာရီးယားက ရေးပါတယ်။ သူ ပြောတာက လွန်ခဲ့တဲ့ ၂၅ နှစ်လောက်က စလို့ ဒီမိုကရေစီ အတွေ့အကြုံနုနယ်သေးတဲ့ နိုင်ငံတွေမှာ ဖြစ်ပေါ်နေခဲ့တဲ့ စိတ်အနှောက်အယှက်ဖြစ်ဖွယ် အလားအလာပါ။ အရင် ဆိုဗီယက် ယူနီယံက ဖြစ်လာတဲ့ နိုင်ငံသစ်တွေမှာ ရွေးကောက်ပွဲတွေ ကျင်းပပါတယ်။ ခေါင်းဆောင်တွေက လူထုထောက်ခံမှု အများနဲ့ ရွေးကောက်ခံရသူတွေလို့လည်း ဆိုနိုင်ပါတယ်။ ဒါပေမဲ့ ဒီခေါင်းဆောင်တွေက လစ်ဘရယ် ဒီမိုကရေစီကို အောက်ခြေက ပြန်လှိုက်စားဖျက်ဆီးတဲ့ အနေအထားမျိုး ပြုမူနေကြတာပါပဲ။ သူတို့က အတိုက်အခံ အင်အားစုနဲ့ လွတ်လပ်တဲ့ မီဒီယာတွေကို ခြိမ်းခြောက်ကြပါတယ်။ အင်စတီကျုရှင်း အဖွဲ့အစည်းစနစ်တွေနဲ့ ဥပဒေတွေကို ကျော်ခွ လုပ်ဆောင်ကြပါတယ်။ အုပ်ချုပ်ရေး အာဏာ တနည်း အမိန့်တွေနဲ့ တိုင်းပြည်ကို အုပ်ချုပ်ကြပါတယ်။ သူတို့ ဒီလိုလုပ်နေကြတာလည်း များသောအားဖြင့် လူတွေက သတိမမူမိကြပါဘူး။ လူကြိုက်များတဲ့ ခေါင်းဆောင်တွေတောင် ဖြစ်နေတတ်ကြပါသေးတယ်။ ဒီလိုမျိုး ဒီမိုကရေစီနိုင်ငံတွေ ဖြစ်လာတာကို သူက “လစ်ဘရယ်မဆန်တဲ့ ဒီမိုကရေစီ” (illiberal democracy) လို့ သုံးနှုန်းပါတယ်။ ဆရာကျော်ဝင်းကတော့ “သဘောထား မကြီးတဲ့ ဒီမိုကရေစီ”လို့ ပြောဟောဖူးတာ မှတ်မိပါသေးတယ်။
သမိုင်းဆိုင်ရာ လက်တွေ့တွေအရ အခုလို ရွေးချယ်ရခက်ခဲတဲ့ အခြေအနေမျိုးတွေ ရှိဖူးပါတယ်။ ပြောရရင် နိုင်ငံရေးအရ ပွင့်လင်းမြင်သာမှု ခေတ်မီမှု ဖြစ်လာရေး (political modernization) မှာ လုပ်ငန်းစဉ် ၂ ရပ် လိုအပ်ပါတယ်။ လုပ်ငန်းစဉ် တခုကတော့ ရွေးကောက်ပွဲ ဒီမိုကရေစီကတဆင့် နိုင်ငံရေးမှာ လူထုတွေ ပါဝင်ဆောင်ရွက်နိုင်မှုပါ။ ဒါပေမဲ့ သူ့ထက် ပိုအရေးပါ နက်ရှိုင်းတဲ့ လုပ်ငန်းစဉ် ရှိပါတယ်။ လွတ်လပ်ပွင့်လင်းတဲ့ လစ်ဘရယ်ဝါဒ ကျင့်သုံးမှု အစဉ်အလာ (tradition of liberalism) လိုအပ်ပါတယ်။ ဒါက အနောက်နိုင်ငံတွေမှာ ၁၂၁၅ ခုနှစ် မက်ဂနာ ကာတာ သဘောတူညီချက် (Magna Carta) ကတည်းက စခဲ့ပြီး၊ နိုင်ငံတော်ရဲ့ အတင်းအကျပ်ပြုနိုင်ခွင့် အာဏာကို ထိန်းချုပ်ကန့်သတ်ရေး နဲ့ လူတဦးချင်းရဲ့ လွတ်လပ်ခွင့်နဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် နေရာကွက်လပ် ဖန်တီးပေးရေးပဲ ဖြစ်ပါတယ်။
ခုချိန်မှာတော့ ရုရှား၊ ဖိလစ်ပိုင်၊ ပါကစ္စတန် စတဲ့နိုင်ငံတွေမှာ သဘောထားမကြီးတဲ့ ဒီမိုကရေစီ (illiberal democracies) က ခြေကုတ်ရလာပါတယ်။ ဖာရိ ဇာကာရီးယား ပြောတာက ဒီအခြေအနေဟာ အနောက်တိုင်း နိုင်ငံတွေဆီကို တဖြည်းဖြည်း မသိမသာနဲ့ ပျံ့နှံ့လာမလား ဆိုတာပါ။ ဒီလိုပြောရတာက အမေရိကန်နိုင်ငံရေး၊ ယဉ်ကျေးမှု၊ လူ့အဖွဲ့အစည်းမှာ လူပြိန်းကြိုက် နိုင်ငံရေးအလားအလာတွေ ဖြစ်လာပါတယ်။ ပါတီနိုင်ငံရေးက သိပ်အရေးမပါတော့ဘဲ၊ နိုင်ငံရေးမှာ စွန့်ဦးတီထွင် လက်တည့်စမ်းချင်သူတွေ၊ ပါတီ သမိုင်းကြောင်း၊ ထုံးတမ်းစဉ်လာတွေကို အလေးမထားမှုတွေက မြင့်တက်လာနေပါတယ်။
ခုချိန်မှာဆိုရင် အမေရိကန်ပြည်ထောင်စုမှာ ပြည်တွင်းစစ်ပွဲ ဖြစ်ခဲ့တဲ့ ကာလကတည်းကနေပြီး ချိန်ဆရင်၊ နိုင်ငံရေးအရ ခြိမ်းခြောက်ခံရမှု အကြီးဆုံး ဖြစ်လာနေပါတယ်။ ဖြစ်လာနေတာက အမေရိကန်မှာ ရီပတ်ဘလစ်ကင် ပါတီဘက်ကနေ မဲဆန္ဒပေးသူ အများအမြင်က “တရားဝင် အတိုက်အခံ”ဆိုတာ လက်မခံချင်ပါဘူး။ အကယ်၍ အတိုက်အခံဘက်က နိုင်တယ်ဆိုရင်လည်း ဒါက မဲခိုးမဲမသမာမှုကြောင့် နိုင်တာ၊ ရလဒ်ကို ဖျက်သိမ်းရမယ်၊ လက်မခံနိုင်ဘူးလို့ မြင်ကြပါတယ်။ ဒီလို ခံယူချက် အမြင်မျိုးက လစ်ဘရယ် ဒီမိုကရေစီနဲ့ ဆန့်ကျင်ဘက်ဖြစ်ပြီး၊ လစ်ဘရယ်အယူ ရှင်သန်ရေးအတွက်လည်း အန္တရာယ်ကြီးပါတယ်။ ဒါဆို ဖြစ်လာနိုင်တာက ရွေးကောက်ပွဲတွေမှာ ပြိုင်ဆိုင်မှု ပိုပြင်းထန်လာမယ်၊ မဲမရနိုင်အောင် လုပ်မယ်၊ ဖိနှိပ်မယ်။ ဖြစ်လာရင်လည်း ရွေးကောက်ပွဲရလဒ်ကို ပြောင်းပြန်လှန်နိုင်ဖို့ ကြိုးစားမှာပါ။ ၂၀၂၀ ခုနှစ်မှာ ဖြစ်ခဲ့သလို ရွေးကောက်ခံရတဲ့ သမ္မတကို တရားမဝင်ဖြစ်အောင် လုပ်ပစ်ဖို့နဲ့ နိုင်ငံရေးစနစ်တခုလုံးကို သွက်ချာပါဒ လိုက်အောင် လုပ်ပစ်မယ့်ကိန်း ဖြစ်လာ ပါတယ်။
အမေရိကန်နိုင်ငံရေးစနစ်ကို စတင်တည်ထောင်သူ ဂျိမ်းမက်ဒီဆင် (James Madison) ရည်ရွယ်တာကတော့ နိုင်ငံရေးဆိုတာ နိုင်ငံရေးသိပ္ပံပညာရပ် တခုလိုပါ။ သူတို့ မြင်ခဲ့တာက နိုင်ငံရေးစနစ်မှာ အပြန်အလှန် အထိန်း-အထေ ရှိရမယ်။ ဒါမှပဲ ကောင်းမွန်တဲ့ အစိုးရကို မွေးထုတ်ပေးနိုင်မယ်။ စက်တွေကို လည်ပတ်စေ၊ အရွေ့ဖြစ်စေနိုင်လိမ့်မယ်လို့ မြင်ကြပါတယ်။ သူတို့က နိုင်ငံရေးသမားတွေကို ဉာဏ်ပညာကြီးသူ၊ မြင့်မြတ်သူ “သမ္မာနတ်ကောင်း”တွေလို့ မမြင်ထားကြပါဘူး။
အမေရိကန် ပြည်ထောင်စုနဲ့ ကမ္ဘာတလွှားမှာ အခုဖြစ်နေတာက ကျနော်တို့က နိုင်ငံရေးကို “သမ္မာနတ်ကောင်း” တွေ မရှိဘဲ စမ်းသပ်လုပ်ကိုင်နေကြရတဲ့ အနေအထားမျိုးပါ။ ဒါပေမယ့် သိပ်အလုပ်မဖြစ်လှပါဘူး။ ဒီမိုကရေစီ အင်စတိကျုရှင်း (အဖွဲ့ အစည်းစနစ်) တွေက နေရာများစွာမှာ အင်အားချိနဲ့လာပါတယ်။ အချို့နေရာမှာ ပြိုကျသွားပါတယ်။ အချို့နေရာတွေမှာတော့ ဖိအားများစွာ ကြားထဲက လည်ပတ်လုပ်ကိုင်နိုင်တုန်း ဖြစ်ပါတယ်။
အချို့သော နိုင်ငံတွေမှာ လူပြိန်းကြိုက်ဝါဒနဲ့ အမျိုးသားရေး ဒေါသတွေ အပြည့်အဝ ရင်ဆိုင်ရတာ မရှိသေးပါဘူး။ ဥပမာ ဂျာမဏီနဲ့ ဂျပန်ပါ။ သူတို့ အခုလိုဘေးက လွတ်နေရတဲ့ အကြောင်းက ဒီမိုကရေစီ အင်စတိကျုရှင်းတွေ ခိုင်မာစွာ ရှိနေလို့ မဟုတ်ဘဲ၊ နောက်ခံသမိုင်း၊ ယဉ်ကျေးမှုနဲ့ ပိုဆိုင်ပါတယ်။ ၁၉ ရာစု အမေရိကန် တွေးခေါ်ပညာရှင် ရဖ် ဝေါလ်ဒို အီမာဆင် (Ralph Waldo Emerson) က ပြောပါတယ်။ အင်စတီကျုရှင်း (အဖွဲ့အစည်းစနစ်များ) ဆိုတာက လူသားတွေရဲ့ အရိပ်များလောက်ပဲ ရှည်လျားပါတယ်တဲ့။ အကယ်၍ လူသားတွေက ဆိုးရွားစွာ ပြုမူရင်၊ လောဘဇောတိုက်နေရင်၊ တာဝန်မဲ့စွာ ပြုမူနေရင်တော့ ဒီမိုကရေစီစနစ်က အန္တရာယ်ပေးမှာပဲ ဖြစ်ပါတယ်။ ကျနော်တို့က ၂၁ ရာစု ဝင်လာပါပြီ။ ဒါပေမဲ့ နိုင်ငံရေး မှာတော့ အအိုဟောင်းဆုံး မေးခွန်းပုစ္ဆာကို ပြန်လို့ ဖြေဆိုနေရတုန်းပဲ ဖြစ်ပါတယ်။ နှစ်ထောင်ပေါင်း ၂၀၀၀ ကျော်လောက်က ဂရိနဲ့ ရိုမန်တွေ ငြင်းခုံခဲ့ကြတဲ့ မေးခွန်းပါ။
“လူသားတွေမှာ စင်ကြယ်တဲ့အကျင့် သီလ၊ သုစရိုက်ကို ဘယ်လို ထုတ်လုပ်ကြမလဲ” ဆိုတဲ့ မေးခွန်းပဲ ဖြစ်ပါတယ်။
အောင်သူငြိမ်း
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar