Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ် ၃ ရက်မြောက်နေ့ မြင်ကွင်း



မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ် ၃ ရက်မြောက်နေ့ မြင်ကွင်း

(မိုးမခ) ဖေဖေါ်ဝါရီ ၄၊ ၂၀၂၂

ဖေဖော်ဝါရီ ၃ ရက် - မင်းမဲ့စရိုက်တွေ တိုးလာတဲ့ စစ်ကောင်စီလက်အောက်က ပြည်သူတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်


ခုတကြိမ် အာဆီယံ အစည်းအဝေးမှာလည်း မြန်မာနိုင်ငံကိုယ်စား နိုင်ငံရေးရာထူးယူထားသူ မဖိတ်ပဲ အစိုးရဝန်ထမ်းဆိုတဲ့ ညွှန်ချုပ်၊ ဒုညွှန်ချုပ်လို တာဝန်ယူထားသူပဲ ဖိတ်မယ်လို့ အာဆီယံ အလှည့်ကျ ဥက္ကဌက သတင်းမီဒီယာတွေကို ထုတ်ပြောလိုက်ပါတယ်။ မြန်မာနိုင်ငံက စစ်အာဏာသိမ်း အစိုးရအဖွဲ့က ဝန်ကြီး၊ ဒုဝန်ကြီးလို တာဝန်ယူထားသူတွေကို မဖိတ်ဖို့ အာဆီယံအဖွဲ့ဝင် နိုင်ငံ အချို့က ကန့်ကွက်မှုတွေ ရှိိတာကြောင့် အခုလို မဖိတ်တာလို့ ယူဆရပါတယ်။

စစ်ကောင်စီဘက်ကလည်း အခုလို မဖိတ်တာဟာ နိုင်ငံကြီးတချို့ရဲ့ ဝင်ရောက်စွက်ဖက်မှုတွေကြောင့် ဖိအားပေးမှုတွေကြောင့်လို့ အပြစ်ဖို့လိုက်ပြီး မြန်မာနဲ့ လက်ရှိအာဆီယံဥက္ကဌတာဝန်ယူထားတဲ့ ကမ္ဘောဒီးယားနိုင်ငံ ဆက်ဆံရေးကိုတော့ ထိခိုက်မှာမဟုတ်ဘူးလို့ ပြောသွားပါတယ်။

မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အကြပ်အတည်း လက်နက်ကိုင် ပဋိပက္ခဟာ ဒေသတွင်းရဲ့ တည်ငြိမ်မှုကိုပါ ထိပါးစေနိုင်တာကြောင့် ဒီအရေးကိစ္စဟာ ပြည်တွင်းရေး ပြဿနာသက်သက်တော့ မဟုတ်ပါဘူး။

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံအထူးကိုယ်စားလှယ်ကလည်း ပြီးခဲ့တဲ့ ရက်ပိုင်းက စီအန်အေ သတင်းဌာနနဲ့ အင်တာဗျူးမှာ မြန်မာနိုင်ငံဟာ နိုင်ငံရေး၊ လက်နက်ကိုင် တိုက်ပွဲတွေ တစတစအရှိန်မြင့်လာနေပြီး နှစ်ဖက်လုံးက သူတို့ရဲ့ ပါဝါ၊ ရပ်တည်မှု ပိုခိုင်မာလာအောင် လုပ်နေကြတာကို တွေ့ရပြီး အရေးပေါ် အကူအညီလိုအပ်နေတဲ့ အရပ်သားတွေကို ကူညီနိုင်ဖို့ အပစ်ရပ်တာမျိုး၊ သို့မဟုတ် လူသားချင်းစာနာမှု အကူအညီပေးနိုင်ဖို့ “စင်္ကြန်” နေရာတခု သတ်မှတ်ပြီး အရပ်သားတွေကို ကူညီနိုင်မယ့် အခြေအနေမျိုး ခွင့်ပြုဖို့ သက်ဆိုင်သူအားလုံးကို တိုက်တွန်းနေတာ ဖြစ်ပါတယ်။

ဒီနေရာမှာ ကုလသမဂ္ဂအဖွဲ့အစည်းအနေနဲ့ နိုင်ငံရေးမှာ တဖက်ဖက်ကို ထောက်ခံတာ အားပေးတာမျိုး လုပ်ခွင့်မရှိပဲ၊ လူသားချင်းစာနာမှု အကူအညီလိုအပ်နေတဲ့ အရပ်သားတွေ လူထုတွေကို အကူအညီပေးနိုင်ဖို့ ကိုဇောင်းပေးပြောဆိုနေတာ ဖြစ်ပါတယ်။

သို့ပေမယ့် လက်တွေ့အခြေအနေမှာ စစ်ကောင်စီတပ်တွေက အရပ်သားတွေကို အရပ်သားလို့ ရှင်းရှင်းလင်းလင်း မမြင်ပဲ ပီဒီအက်ဖ် အဖွဲ့ဝင် ၊ ထောက်ခံအားပေးသူ၊ ကူညီသူလို့ ရောပြီးမြင်နေတာ ဖြစ်ပါတယ်။ လက်တွေ့အခြေအနေမှာလည်း အရပ်သားအများစုက ကိုယ့်ဒေသက ဖွဲ့ထားကြတဲ့ ပီဒီအက်ဖ်တွေကို နိုင်ငံရေးအရ ထောက်ခံတာအပြင် မကင်းရာမကင်းကြောင်း မိသားစုဝင်၊ ဆွေမျိုးသားချင်း၊ တရွာထည်းသားတွေ ပါဝင်နေတာကြောင့်ပါ အားပေးထောက်ခံတာတွေ ရှိနေတာကြောင့် စစ်ကောင်စီတပ်ဖက်က အထက်ကလို အမြင်တွေ ရှိနေတာလည်း ဖြစ်ပါတယ်။

စစ်ကောင်စီက ပီဒီအက်ဖ် တယောက်ကို ဖမ်းဆီးနိုင်ဖို့ အပြစ်ပေးနိုင်ဖို့ အရပ်သား ကျေးရွာသား ၁၀ ဦးကို ဖမ်းဆီး၊ ညှင်းဆဲ၊ ပစ်သတ်တာကိုလည်း လုပ်တာမှန်တယ်လို့ အထက်က ခွင့်ပြုထားတဲ့ အခြေအနေမျိုး ဖြစ်လာပြီး စစ်ကောင်စီရဲ့ လုပ်ရပ်က ပီဒီအက်ဖ်ကို တိတိကျကျ ဖမ်းဆီး အရေးယူတာမလုပ်နိုင်တာကြောင့် ဝိုင်းကြီးချုပ် စနစ်မျိုးနဲ့ ရပ်ရွာအသိုက်အဝန်းတခုလုံးကို အပြစ်ပေးနေတဲ့ သဘောမျိုးဖြစ်နေတာပါ။

ဒီအခြေအနေက စစ်ကောင်စီရဲ့ စစ်ရေးအာဏာ၊ နိုင်ငံရေးအာဏာကို ပိုပြီး ကျဆင်းဆုတ်ယုတ်စေမှာ ဖြစ်ပါတယ်။ လူထုအနေနဲ့ အသက်တွေ အဆုံးရှုံးမခံနိုင်ရင် နေအိမ်တွေ အဆုံးရှုံးမခံနိုင်ရင် ပီဒီအက်ဖ်တွေကို မထောက်ခံနဲ့ မဆက်ဆံနဲ့ သတင်းပေးဆိုတဲ့ သဘောမျိုး လုပ်ဆောင်မှုဟာ ရန်သူပိုများလာစေဖို့သာ ဦးတည်ပြီး မြန်မာနိုင်ငံရဲ့ လက်နက်ကိုင် ပဋိပက္ခဟာ ပိုနက်ရှိုင်းလာဖို့သာ ရှိနေတာလည်း ဖြစ်ပါတယ်။

နိုင်ငံတကာမှာ မြန်မာ့အရေး ဖြေရှင်းဖို့ ခေါင်းခဲနေကြရတဲ့ ကိစ္စနဲ့ ပြည်တွင်းက လက်နက်ကိုင် ပဋိပက္ခကို ဖြေရှင်းပုံ အကြောင်းရေးသားပြီးနောက် ဒီနေ့ သတင်းအကြောင်းအရာအချို့ကို ဖေါ်ပြရရင် မြင်းမူမြို့နယ်က ရွာတရွာမှာ စစ်ကောင်စီတပ်တွေ ဝင်ရောက်ပြီးနောက်မှာ ကျေးရွာသား ၈ ဦးရဲ့ အလောင်းတွေကို တွေ့ရတဲ့အကြောင်း သတင်းတပုဒ်မှာ ဖေါ်ပြထားပါတယ်။ မြင်းမူမြို့နယ်ထဲက ဘဒတ္တိုင်း လို့အမည်ရတဲ့ ကျေးရွာမှာ ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်ကောင်စီတပ်တွေ ဝင်ရောက်ပြီး ပြန်ထွက်သွားတဲ့အခါ မီးရှို့အသတ်ခံထားရတာရော ပစ်သတ်ခံထားရသူတွေပါ စုစုပေါင်း ကျေးရွာသား ၈ ဦး သေဆုံးနေတာ တွေ့ရတယ်လို့ ရွာသားတွေက သတင်းမီဒီယာကို ပြောဆိုထားပါတယ်။

ဒီလို ကျေးရွာတွေမှာ စစ်ကောင်စီတပ်တွေက ပစ်ခတ်သတ်ဖြတ်တာတွေ၊ လူတဦးမက သေဆုံးနေတဲ့ သတင်းတွေက သတင်းကြီးတွေ ထူးထူးခြားခြားသတင်းတွေ မဟုတ်တော့သလို ရိုးလာနေတာလည်း ဖြစ်ပါတယ်။ တဦးတယောက် သေဆုံးမှုမျိုးတွေဟာ အခုအခါ သတင်းမဟုတ်တော့ သလောက်ကို အဖြစ်အပျက်တွေက ဆိုးရွားနေတယ်လို့ ဆိုရမှာဖြစ်ပါတယ်။

ဒီနေ့အဖို့ အခြားသတင်းတပုဒ်ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို အဂတိလိုက်စားမှု တမှုထပ်တိုးစွဲဆိုဖို့ ပြင်ဆင်နေတဲ့အကြောင်း ဖြစ်ပါတယ်။ အမည်ဖေါ်ပြမထားတဲ့ လုပ်ငန်းရှင်တဦးက စီးပွားရေးလုပ်ငန်းတွေ အဆင်ပြေစေဖို့ ဒေါ်လာ ၅ သိန်းခွဲကို ခွဲပြီး ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအမည်နဲ့ ပေးခဲ့ရတယ်ဆိုပြီး ထွက်ဆိုထားတယ်လို့ ဆိုကာ ထပ်မံစွဲဆိုခဲ့တယ်လို့ ဆိုပါတယ်။ ယခုလောလောဆယ်မှာတင် အမှု ၁၈ မှုစွဲဆိုခံရပြီး ၅ မှုအတွက်ကတော့ ပြစ်ဒဏ်ချမှတ်ပြီး ဖြစ်ကာ ၁၃ မှု ကျန်ရှိသေးတဲ့ အဓိပ္ပါယ်လည်း ဖြစ်ပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar