Breaking News

ညိုထွန်းလူ - သူသည် လူတစ်ယောက်ဖြစ်ခဲ့သည်

ညိုထွန်းလူ - သူသည် လူတစ်ယောက်ဖြစ်ခဲ့သည်
(မိုးမခ) မတ် ၁၈၊ ၂၀၂၂

ရာသီဥတုက တစ်နေ့ထက် တစ်နေ့ ပူပြင်းလာသလို ရေနဲ့လျှပ်စစ်မီးကလည်း တိုင်မင်မကိုက်တော့ လူလည်းအီစလံဝေနေပါတယ်။ ရေ လွှတ်ချိန် လျှပ်စစ်မီးမလာ၊ လျှပ်စစ်မီးလာတော့ ရေမလွှတ် အဲလိုမျိုးကြုံနေရတာကိုးနော့။

ကျီးစောင့် ကြက်နှင်ရတဲ့အရွယ်ထဲကိုရောက်စပြုနေခဲ့တဲ့ ကျွန်တော်တို့တတွေဟာ မွန်းကျပ်တဲ့မြို့ပြဘဝထဲမှာ ဖြတ်သန်းရင်းနဲ့ အခုတော့ မီးစောင့် ရေတင်နေကြရတဲ့အဖြစ်နဲ့ လုံးထွေးနေကြရ။ နေ့စဉ်နေ့တိုင်း ရေနဲ့လျှပ်စစ်မီးထဲကိုပဲ စိတ်အာရုံရောက်နေခဲ့လို့ ရေးလက်စလုံးချင်းဝတ္ထုကို ရှေ့မဆက်နိုင်တော့တာ ၁၀ ရက်ကျော်ကျော်ရှိသွားပါပြီ။ စိတ်အာရုံမနိုးတော့ စာရေးဖို့ညဏ်ပွင့်မလာတော့ဘူးပေါ့။

စားရေးသောက်ရေးကိစ္စ ညအမှောင်မှာ ယပ်တဖျတ်ဖျတ်ခပ်ရင်း လျှပ်စစ်မီးကိုမျှော်ရ လျှပ်စစ်မီးလာတဲ့အချိန် ရေလွှတ်တာနဲ့ကြုံရလောက်ကောင်းပါရဲ့ဆိုတဲ့အတွေးနဲ့ ကြောင့်ကျနေရ စသဖြင့် ဒီလိုချည်း နေ့တဓူဝဖြတ်သန်းနေရလို့ ငါဟာ လူတစ်ယောက်ဖြစ်တာဟုတ်မှဟုတ်ရဲ့ လားလို့တောင် ကိုယ့်ကိုယ်ကိုသံသယဖြစ်လာမိပါတယ်။ လူရယ်လို့ဖြစ်လာရင် နေ့စဥ် ကုသိုလ် ပညာ ဥစ္စာကို တစ်ခုခုတော့ ရအောင်ယူကြရမှာကိုး။ အဲဒီသုံးခုကို တစ်ခုမျှမယူနိုင်ခဲ့ရင် လူဖြစ်ရှုံးရတဲ့သဘောပါ။

ဒီလိုနဲ့ ကျွန်တော့်ကိုယ်ကျွန်တော် အားမလိုအားမရဖြစ်နေမိတဲ့အချိန်မှာ ကျွန်တော်ရေးခဲ့တဲ့ သူသည် လူတစ်ယောက်ဖြစ်ခဲ့သည်စာအုပ်ထဲက ဇာတ်ကောင် ကိုရဲဒင်က ကျွန်တော့်ရင်ထဲကို ပူးကပ်လာခဲ့ပါတယ်။ ဒီစာအုပ်ထွက်ထွက်ချင်းပဲ ဖေ့စ်ဘွတ်မှာ မုဒိတာပွားခဲ့ကြတဲ့ ဆရာဂျိုဇော်၊ ဆရာဆူးငှက်၊ ဆရာမခင်ခင်ထူး၊ ဆရာကြည်လင်အေး၊ ဆရာရဲသျှမ်း၊ ဆရာစိုးဘားဒိုင်၊ ကိုသျှိုင်းရဲဝံ့နဲ့ ကိုရဲနွေတို့ကို ကျေးဇူးတင်ရပါတယ်။ စာအုပ်က စိတ်ဝင်စားမှုအားကောင်းတယ်လို့ သိရလို့ဝမ်းသာမိပါတယ်။

မန္တလေးမှာရှိကြတဲ့ ကျွန်တော့်မိတ်ဆွေတွေကတော့ စာအုပ်ဝယ်ယူအားပေးရုံတင်မဟုတ် လက်မှတ်ထိုးပေးဖို့ အိမ်ကိုရောက်လာကြလို့ အံ့သြ ပျော်ရွှင်သွားခဲ့ရပြန်ပါတယ်။ အဲဒီလိုပဲ ရန်ကုန်နဲ့ ရပ်ဝေးက စာပေမိတ်ဆွေတွေက တကူးတကန့် ဝယ်ယူဖတ်ရှုအားပေးကြတာမို့ ဝမ်းသာ ကျေးဇူးတင်မိပါတယ်။ ဒီလိုအချိန်မျိုးမှာ စာအုပ်တစ်အုပ်ကို ဝယ်ယူဖတ်ရှုဖို့ဆိုတာ လွယ်ကူတာမှမဟုတ်ဘဲလေ။ နို့ပြီး ကျွန်တော်တို့နိုင်ငံမှာ အခုထိစာဖတ်ခြင်းအားကောင်းနေပြီး အထူးသဖြင့် လူငယ်တွေက စာဖတ်အားကောင်းနေတာကိုသိရလို့ ဝမ်းသာရသလို အနာဂတ်နိုင်ငံအတွက် အားတက်သွားခဲ့ရပါတယ်။ သူသည် လူတစ်ယောက်ဖြစ်ခဲ့သည်စာအုပ်အပေါ် ဖေ့စ်ဘွတ်မှာရေးခဲ့ကြတဲ့ စာဖတ်ပရိသတ်မိတ်ဆွေအချို့ရေးသားထားတာလေးတွေကို ထပ်မံမျှဝေပေးလိုက်ရပါတယ်။

ဆရာဇာဂနာကတော့ သံသရာနဲ့ ကံကြမ္မာကို လှလှပပဖွဲ့လိုက်တဲ့ဝတ္ထုပါ။ တစ်ယောက်ယောက်က ရုပ်ရှင်ရိုက်မယ်ဆိုရင်တော့ ... တဲ့။ သူသည် လူတစ်ယောက်ဖြစ်ခဲ့သည်ဝတ္ထုထဲက ကျွန်တော့်ဇာတ်ကောင် ကိုရဲဒင်က စာဖတ်ပရိသတ်ရဲ့ရင်ထဲမှာ အခိုင်အမာနေရာယူသွားနိုင်ခဲ့လို့ကျေနပ်ပီတိဖြစ်မိပါတယ်။ ဒါပေမယ့် သူ့ကိုဖန်တီးခဲ့တဲ့ စာရေးသူ ကျွန်တော့်မှာတော့ မီးစောင့်ရေတင်ရတဲ့အလုပ်နဲ့ နပန်းလုံးနေရလေသမို့ငါဟာ လူတစ်ယောက်မှဟုတ်ရဲ့လားလို့ ကိုယ့်ကိုယ်ကိုသံသယနဲ့ မေးခွန်းထုတ်နေရင်း ....။

(ဝယ်ယူအားပေးကြတဲ့စာဖတ်ပရိသတ်များကို အထူးကျေးဇူးတင်မိပါတယ်။ စိတ်ကူးချိုချိုနဲ့ အပါးတော်မြဲစာအုပ်တိုက်မှာ အွန်လိုင်းက မှာယူလို့လည်း ရပါတယ်။)

ညိုထွန်းလူ

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar