Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ် ၁လ ၁၆ ရက်မြောက်နေ့ မြင်ကွင်း

Art - Than Htay Maung


မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ် ၁လ ၁၆ ရက်မြောက်နေ့ မြင်ကွင်း

(မိုးမခ) မတ် ၁၇၊ ၂၀၂၂

မတ်လ ၁၆ ရက် - တပေါင်းလပြည့်နေ့ နဲ့ ပုံမှန်ပြန်မဖြစ်တော့တဲ့ မျက်မှောက်


ဒီနေ့ဟာ တပေါင်းလပြည်နေ့ ဖြစ်ပါတယ်။ ပုံမှန်အခြေအနေမျိုးဆိုရင်တော့ တပေါင်းလပြည့်နေ့ ပွဲတော် ဘုရားတွေမှာ စည်ကားနေမှာ ဖြစ်ပေမယ့် ကိုဗစ်ကူးစက်ကပ်ဘေး ဖြစ်ပွားတာ၊ စစ်အာဏာသိမ်းတာကြောင့် လူအများ ဘာသာရေး အခမ်းအနားတွေ ပွဲလမ်းတွေကို ရှောင်ရှားကြတာကြောင့် တပေါင်းပွဲတော် နဲ့ ဘုရားတွေမှာ စည်ကားတာတွေ သိပ်မရှိတော့တာ တွေ့ရမှာပါ။ ယခင်နှစ် အခုလို အချိန်မျိုးမှာတော့ တနိုင်ငံလုံး ဆန္ဒပြမှုတွေ လမ်းတွေ မြို့တွေထဲ စစ်ကောင်စီ တပ်တွေ ရဲတွေ ဝင်လို့မလွယ်အောင် အတားအဆီးတွေ ချထားပြီး ခုခံမှုတွေ စစ်ကောင်စီရဲ့ ပစ်ခတ်ခံရမှုကြောင့် သေဆုံးရတာတွေနဲ့ စိတ်ခံစားမှု ပြင်းထန်ခဲ့တဲ့ အချိန်ကာလတွေ ဖြစ်ပါတယ်။

ဒီနှစ် တပေါင်းလပြည့် အခါသမယမှာတော့ တိုင်းပြည်ရဲ့ နေရာအနှံ့အပြားမှာ တိုက်ပွဲတွေ၊ သတ်ဖြတ်မှုတွေ၊ တိုက်ပွဲတိမ်းရှောင်ရတဲ့ သိန်းနဲ့ချီတဲ့ပြည်သူတွေ၊ ပိုင်ဆိုင်မှု ဖျက်ဆီးခံရမှုနဲ့ နေအိမ်မီးလောင် ဆုံးရှုံးရမှုတွေ၊ ရိက္ခာရှားပါးမှု အငတ်ဘေးရင်ဆိုင်ရမယ့် အန္တရာယ်တွေ နဲ့ ပြည့်နှက်နေပါတယ်။

ကိုဗစ်ကပ်ဘေးနဲ့ စစ်အာဏာသိမ်းမှု ဂယက်ကြောင့်လည်း စီးပွားရေး ကပ်ဘေးတခု ရင်ဆိုင်နေရဆဲ ဖြစ်ပြီး မကြာခင်ကာလတွေမှာ ပိုမိုဆိုးရွားလာနိုင်ခြေလည်း ရှိနေတာဖြစ်ပါတယ်။

နိုင်ငံရေး အကြပ်အတည်း စစ်ရေး ရင်ဆိုင်မှု၊ လုပ်ကြံသတ်ဖြတ်မှု၊ ဥပဒေမဲ့ သတ်ဖြတ်မှုတွေ တင်းကြမ်းပြည့်နေတဲ့ အခြေအနေမျိုးမှာ မြန်မာနိုင်ငံက ရောက်ရှိနေပြီး နိုင်ငံရေးအကြပ်အတည်းကနေ လွယ်လွယ်ကူကူ အဆုံးအရှုံးနည်းစွာနဲ့ ထွက်ပေါက်ရမယ့် အလားအလာမျိုးလည်း မတွေ့ရပဲ ဖြစ်နေတာပါ။

မြန်မာနိုင်ငံရေး အကြပ်အတည်းနဲ့ စစ်အာဏာသိမ်းမှုက နိုင်ငံတကာရဲ့ ဖိအားပေးမှုတွေ စိတ်ဝင်စားမှုတွေ တောက်လျှောက်ရခဲ့ပေမယ့်လည်း ယူကရိန်း စစ်ပွဲဖြစ်ပြီးနောက်မှာတော့ နိုင်ငံတကာရဲ့ အာရုံစိုက်မှုက ပိုပြီးအရေးကြီးတဲ့ ယူကရိန်းစစ်ပွဲဆီ ရောက်ရှိသွားပြီး မြန်မာ့အရေးက ဒုတိယ တတိယ နေရာမျိုးရောက်ရှိသွားတာလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကြပ်အတည်း လက်နက်ကိုင်ပဋိပက္ခ၊ လူသားချင်းစာနာမှု ဆိုင်ရာအကူအညီပေးနိုင်ဖို့ စတဲ့ကိစ္စရပ်တွေနဲ့ပတ်သက်လို့ အာဆီယံအဖွဲ့ရဲ့ ကြားဝင်ဖြေရှင်းမှုကို နိုင်ငံကတာက အတည်ပြု ထောက်ခံထားကြပေမယ့် အာဆီယံအနေနဲ့ စစ်အာဏာသိမ်းကောင်စီကို သြဇာမညောင်းနိုင်တာလည်း တွေ့ရပါတယ်။ ပြီးခဲ့တဲ့ နှစ် ဧပြီလ ဂျာကာတာ အစည်းအဝေးပြီးနောက် အစည်းအဝေးရဲ့ သဘောတူညီချက်ကို ဆယ်လကျော်ကြာသည့်တိုင် ထိရောက်စွာ အကောင်အထည်မဖေါ် နိုင်သေးတာတွေ့ရမှာဖြစ်ပါတယ်။

စစ်ကောင်စီဟာ အရင့်အရင်သော မြန်မာစစ်အာဏာရှင်တွေလိုပဲ ပြည်တွင်းရေးကို ဝင်စွက်ဖက်တာ လက်မခံဘူးဆိုတဲ့ ရပ်တည်ချက်နဲ့ ကတိကဝတ်တွေကို အကောင်အထည်မဖေါ်ပဲ အချိန်ဆွဲ ရှောင်တိမ်းနေခဲ့တာ ဖြစ်ပါတယ်။ မြန်မာစစ်အာဏာရှင်တွေဟာ နိုင်ငံတကာကို ဆက်ဆံရာမှာ ကုလသမဂ္ဂမှာ ဗီတိုအာဏာ နဲ့ ကန့်ကွက်ဖို့ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံထဲက အာဏာရှင်နိုင်ငံလို အနောက်အုပ်စုနဲ့ ဆန့်ကျင်ဘက်နိုင်ငံတနိုင်ငံနဲ့ ဆက်ဆံရေး တည်ဆောက်ထားကာ လိုအပ်တဲ့ လက်နက်ဝယ်ယူရရှိရေး စတဲ့ ရည်မှန်းချက်တွေ အောင်မြင်ဖို့သာ ရည်ရွယ်လုပ်ဆောင်ကြပြီး အခြားသော ဝေဖန်မှုတွေ ရှုတ်ချမှု ကန့်ကွက်မှုတွေကို အရေးမစိုက်ပဲ နေသွားဖို့ ရည်ရွယ်ထားကြတာ ဖြစ်ပါတယ်။

နိုင်ငံတကာရဲ့ စစ်ရေးအရ ကျူးကျော်မှု ခြိမ်းခြောက်မှု မရှိနိုင်ဘူးဆိုတာကိုလည်း စစ်ခေါင်းဆောင်တွေက တွက်ချက်မိတာကြောင့် နိုင်ငံတကာ ဖိအားပေးမှုတွေက ပိတ်ဆို့ အရေးယူမှုတွေသာဖြစ်လိမ့်မယ်လို့ ယူဆထားပြီး မြန်မာ့ နိုင်ငံရေးအကြပ်အတည်းကို ဒေသန္တရလုံခြုံရေး ပြဿနာ အဖြစ်မရောက်ရှိအောင် သာအလေးထားပြီး ပြည်တွင်းမှာ အင်အားအများအပြားသုံး ဖိနှိပ်တာ ဖမ်းဆီးတာ အသက်ဆုံးရှုံးသည်အထိ နှိပ်စက်တာတွေ လုပ်နေတာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံ၊ ရုရှားနိုင်ငံနဲ့ စစ်ကောင်စီကို လက်နက်ရောင်းချပေးတဲ့ နိုင်ငံတချို့ ရှိနေရင် စစ်ကောင်စီအဖို့ ပြည်တွင်းစစ်ကို ဆက်လက်တိုက်ခိုက်ဖို့ အခက်အခဲမရှိဘူးလို့ ယူဆထားပုံရပြီး သဘာဝဓါတ်ငွေ့က ရတဲ့ဝင်ငွေ အခြားသယံဇာတက ရတဲ့ဝင်ငွေနဲ့ လက်နက်ကိုင် ပဋိပက္ခကို ဆက်လက်ရင်ဆိုင်နိုင်တယ်လို့ ယူဆထားပုံရပါတယ်။ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေကို ဆယ်စုနှစ်များစွာ အရင်စစ်ခေါင်းဆောင်တွေ ရင်ဆိုင်ခဲ့သလိုပဲ ရန်သူအားလုံးနဲ့ တပြိုင်နက်ထဲ စစ်မျက်နှာ မဖွင့်ဖို့ နည်းဗျူဟာကို ကျင့်သုံးပြီး စစ်တပ်ရဲ့အာဏာ ဆက်လက်ရှင်သန်နိုင်အောင် ကြိုးစားခဲ့ကြသလို အခု ၂၀၂၁ ခုနှစ် အာဏာသိမ်းအပြီးမှာလည်း အထက်က နည်းဗျူဟာတွေကို ဆက်လက်ကျင့်သုံးနေတာ တွေ့ရမှာ ဖြစ်ပါတယ်။

သို့ပေမယ့် ခုတကြိမ် လက်နက်ကိုင် တိုက်ပွဲတွေ ပေါ်ထွက်လာပုံက အရင့်အရင် အနေအထားမျိုးမဟုတ်တာလည်း တွေ့ရမှာဖြစ်ပါတယ်။ ၆၂ ခုနှစ် အာဏာသိမ်းပြီးနောက် ပေါ်ထွက်လာတဲ့ လက်နက်ကိုင် အင်အားစု အသစ်တွေ၊ ၈၈ ခုနှစ် အာဏာသိမ်းပြီးနောက် ပေါ်ထွက်လာတဲ့ လက်နက်ကိုင် အင်အားစု အသစ်တွေ၊ အခု ၂၁ ခုနှစ် အာဏာသိမ်းမှု အပြီးပေါ်ထွက်လာတဲ့ လက်နက်ကိုင် အင်အားစုတွေ အခင်းအကျင်းတွေက မတူကွဲပြားတာ တွေ့ရမှာပါ။

ခုတကြိမ်မှာ အရင်တုန်းက လက်နက် မကိုင်ခဲ့တဲ့ တိုင်းရင်းသား ဧရိယာတွေမှာလည်း လက်နက်ကိုင် အဖွဲ့အသစ်တွေ စုဖွဲ့ပေါ်ထွက်လာသလို ဗမာလူမျိုးစုတွေသာ အများစုနေထိုင်ကြတဲ့ မြန်မာနိုင်ငံအထက်ပိုင်း နဲ့ အလယ်ပိုင်းဒေသ - မကွေးနဲ့ စစ်ကိုင်းတိုင်းတို့မှာလည်း ဒေသအလိုက် လက်နက်ကိုင်အဖွဲ့ တွေ ပေါ်ပေါက်လာကြတာ ဖြစ်ပါတယ်။

ဒီလို လက်နက်ကိုင် တိုက်ခိုက်မှုတွေက ၁၀ လကနေ ၁နှစ်နီးပါး ရှိလာသည့်တိုင် အရှိန်အဟုတ် မသေသွားကြပဲ ဆက်လက် ခုခံတိုက်ခိုက်နေကြဆဲ ဖြစ်ပါတယ်။

နိုင်ငံရဲ့ ဘဏ္ဍာအရင်းအမြစ် သယံဇာတတွေကို စီမံခန့်ခွဲခွင့်ရထားတဲ့ စစ်ကောင်စီရဲ့ အမြဲတမ်း လက်နက်ကိုင်တပ်တွေ နဲ့ ပြည်သူလူထုဆီက အလှူငွေ အပေါ်မှီတည်ပြီး လက်လုပ် လက်နက်တွေကို အဓိက အားကိုးကာ တိုက်ခိုက်နေရတဲ့ လက်နက်ကိုင် တိုက်ပွဲမှာ စိတ်ဓါတ်နဲ့ ယုံကြည်မှုအရာမှာ PDF တွေက အပြတ်အသတ်သာလွန်နေတာ ဖြစ်ပြီး တိုက်ပွဲရဲ့ အရှုံးအနိုင် အဆုံးအဖြတ်က အချိန်ကာလဘယ်လောက်အတွင်း ထွက်ပေါ်လာမလဲဆိုတာ အများအသိချင်ဆုံး အချက် ဖြစ်ပါလိမ့်မယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar