Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ် ၁လ ၁၇ ရက်မြောက်နေ့ မြင်ကွင်း



မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ် ၁လ ၁၇ ရက်မြောက်နေ့ မြင်ကွင်း

(မိုးမခ) မတ် ၁၈၊ ၂၀၂၂

မတ်လ ၁၇ ရက် - ယင်းမာပင်က အရပ်သားနဲ့ PDF သတ်ဖြတ်ခံရမှု၊ လျှပ်စစ်မီး ပြတ်တောက်မှု ဂယက် လူမှုဒုက္ခ


ဒီနေ့ သတင်းတွေထဲ စစ်ကိုင်းတိုင်း ယင်းမာပင် မြို့နယ်က သပြေအေးရွာ အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းမှာ ကျေးရွာသားအချို့နဲ့ ဒေသ PDF တပ်ဖွဲ့ဝင်အချို့ကို သတ်ဖြတ်ခဲ့တဲ့ ဖြစ်ရပ်တွေနဲ့ပတ်သက်လို့ အရပ်ဖက်နဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ တွေစုပေါင်းပြီး ထုတ်ပြန်ချက် ထုတ်ပြန်ခဲ့တဲ့နောက် NUG ရဲ့ “စစ်ရေးဆိုင်ရာ ပြစ်မှုစုံစမ်းရေး ဗဟိုကော်မရှင် “ က စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပြီလို့ သိရပါတယ်။

မကြာခင်က ဖွဲ့စည်းလိုက်တဲ့ “စစ်ရေးဆိုင်ရာ ပြစ်မှုစုံစမ်းရေး ဗဟိုကော်မရှင်” က စုံစမ်းစစ်ဆေးရေး လုပ်ဆောင်နေဆဲဖြစ်လို့ ဒီဖြစ်ရပ်မှာ အပြစ်ရှိတယ် မရှိဘူး ဆိုတာ ကြိုတင်ကောက်ချက်မချလိုပေမယ့် ပြီးခဲ့တဲ့နှစ် အောက်တိုဘာလနဲ့ နိုဝင်ဘာလတွေမှာ ဗိုလ်သံမဏိ ဦးဆောင်တဲ့ ယင်းမာပင် PDF တပ်ဖွဲ့တွေကဒေသခံ ကျေးရွာသားနဲ့ အခြားအဖွဲ့မတူတဲ့ PDF အဖွဲ့ဝင်အချို့ကို သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ သတင်းတွေ စစ်ကိုင်းတိုင်းထဲက PDF အဖွဲ့ဝင်အချို့က ပြောပြလို့ သိခဲ့ရပြီးဖြစ်ပါတယ်။

အဲဒီအချိန်ကတည်းက ဒေသခံတွေနဲ့ PDF အချို့ NUG အစိုးရကို အသိပေးကာ အသက်မဆုံးရှုံးအောင် ကြားဖြတ်တားမြစ်ပေးဖို့ အကူအညီတောင်းခဲ့ကြတယ်လို့လည်း ဒေသခံ PDF နဲ့ နီးစပ်သူတွေက ဆိုပါတယ်။ ဒီလို အဖြစ်အပျက်တွေက လက်နက်ကိုင် တပ်ဖွဲ့တွေ အသီးသီးပေါ်ထွက်လာပြီးတဲ့အခါ အမိန့်တခုထဲအောက်မှာ မဟုတ်တဲ့အခါ၊ နိုင်ငံရေးအရ လမ်းညွှန်မှုနဲ့ နိုင်ငံရေးအရ စည်းရုံးပညာပေးမှု အားနည်းတဲ့အခါ၊ စစ်ရေးဆိုင်ရာ စည်းမျဥ်းစည်းကမ်းတွေ အသေးစိတ် ထုတ်ပြန်ပြီး လိုက်နာဖို့ မကြပ်မတ်နိုင်တဲ့အခါမျိုးမှာ ဖြစ်ပွားနိုင်ပါတယ်။

ဒီလို ဖြစ်ရပ်မျိုး မဖြစ်ပွားအောင် ကြိုတင်ကာကွယ်တဲ့ အစီအမံ၊ ညွှန်ကြားမှုတွေက အစောပိုင်းကတည်းက လိုအပ်မှာဖြစ်ပြီး အခုလို ဖြစ်ပျက်ခဲ့တဲ့အခါမှာတော့ တိကျပြတ်သားတဲ့ အရေးယူမှုနဲ့ နောက်နောင် မပေါ်ပေါက်အောင် လုပ်ဆောင်ဖို့လိုအပ်မှာဖြစ်ပါတယ်။

ခုပေါ်ထွက်လာတဲ့ ပြစ်မှုစုံစမ်းရေး ဗဟိုကော်မရှင်ဟာ ပြီးခဲ့တဲ့ သီတင်း၂ ပတ်ဝန်းကျင်က ကယားပြည်နယ်မှာ အရပ်သား သတင်းထောက် ၂ ဦးကို KGZ အဖွဲ့က ဖမ်းဆီးပြီး ရိုက်နှက်စစ်ဆေးခဲ့တဲ့ ဖြစ်ရပ်ဖြစ်ပွားပြီး ရက်ပိုင်းအတွင်း ဖွဲ့စည်းခဲ့တဲ့ ကော်မရှင်ဖြစ်ပါတယ်။ ကယားပြည်နယ်က အဖြစ်အပျက်က လူသိရှင်ကြားဖြစ်ပွားခဲ့ပြီးနောက် NUG အနေနဲ့ လက်နက်ကိုင်စွဲထားတဲ့ PDF တွေအနေနဲ့ အရပ်သားတွေ အပေါ် မလုပ်ရမယ့် အပြုအမူစတဲ့ အရေးကိစ္စတွေ အလျင်အမြန် လုပ်ဆောင်ဖို့ လိုအပ်လာပြီလို့ သိမြင်လာတယ်လို့ ခန့်မှန်းရပါတယ်။

လက်နက်ကိုင် တပ်ဖွဲ့တွေအများအပြားပေါ်လာတာဟာ စစ်အာဏာရှင် စစ်ကောင်စီတပ်တွေကို တိုက်ခိုက်ဖို့ရာအတွက် အင်အားဖြစ်တာ အမှန်ပဲ ဖြစ်ပါတယ်။ တဖက်မှာလည်း လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ ဖြစ်နိုင်ခြေရှိတဲ့ ဥပဒေ၊ နိုင်ငံရေးမှန်းချက် ပန်းတိုင်ရှိတဲ့ လက်နက်ကိုင်အဖွဲ့တွေရဲ့ ကျင့်ဝတ်စည်းကမ်းတွေကို တိတိကျကျ လိုက်နာဖို့ လိုပြီး သေနတ်ဟာ အာဏာ၊ သေနတ်ဟာ အဆုံးအဖြတ်ဆိုတဲ့ အယူအဆတွေ မလွှမ်းမိုးသွားဖို့ အရေးကြီးပါတယ်။

ချုပ်ပြောရရင်တော့ အခု ဖြစ်ရပ်ကနေ သင်ခန်းစာယူစရာ အများအပြားရှိတယ်လို့ ယူဆမိပါတယ်၊ ဘာတွေ အရေးတကြီးလုပ်ဖို့လိုနေပြီလဲ ဆိုတာ ကို နှိုးဆော်လိုက်သလို ဖြစ်စေပြီး လက်နက်ကိုင် တပ်ဖွဲ့တွေအနေနဲ့ chain of command မပျောက်ဖို့အရေးကြီးတယ်ဆိုတဲ့ သင်ခန်းစာလည်း ရစေလိမ့်မယ်လို့ ထင်မြင်မိပါတယ်။ ဥပဒေမဲ့ သတ်ဖြတ်ခြင်း (extra judicial killing) ဆိုတာဟာ လက်နက်ကိုင် တပ်ဖွဲ့တိုင်း သတိပြုသင့်တဲ့အရာ ဖြစ်ပြီး စစ်ပွဲတွေ၊ ပျောက်ကျားလှုပ်ရှားမှုတွေ၊ လက်နက်ကိုင် ပုန်ကန်မှုတွေမှာ ကြုံတွေ့ရနိုင်တဲ့ အခြေအနေတရပ်လည်း ဖြစ်နေတာကြောင့် ဖြစ်ပါတယ်။

ဥပဒေမဲ့ သတ်ဖြတ်မှုတွေ အကြောင်းအပြီးမှာတော့ မြန်မာနိုင်ငံရဲ့ စီးပွားရေး ၊ လူမှုရေး ၊ ပညာရေးတွေကို ကြီးကြီးမားမား သက်ရောက်မှုရှိနေတဲ့ လျှပ်စစ်ဓါတ်အားပြတ်တောက်မှုဖြစ်ပါတယ်။ ခု လပိုင်းမှာ လျှပ်စစ်ဓါတ်အားထုတ်လုပ်မှု လျော့ကျလာနေပြီး ရန်ကုန်မြို့မှာဆိုရင် တရက် မီးလာချိန်အများဆုံးရတဲ့ မြို့နယ်က ၁၄ နာရီလောက်ရှိပြီး အနည်းဆုံးမြို့နယ်က ၄ နာရီ ၅နာရီသာ ရှိတယ်လို့ဆိုပါတယ်။ ဒီထက် ဆိုးတာက နယ်မြို့တွေ နဲ့ အချို့သောကျေးရွာတွေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဆယ်စုနှစ်မှာ လျှပ်စစ်မီးရရှိရေး အတွက် ကမ္ဘာ့ဘဏ်အကူအညီရော ကိုယ်ထူကိုယ်ထ သွယ်တန်းခဲ့ကြတဲ့ ကျေးရွာတွေ အနေနဲ့ အခုလို အခြေအနေမျိုးမှာ နောက်ဆုံးဦးစားပေး လျှပ်စစ်မီးရတဲ့ အနေအထားမျိုးဖြစ်လာပါတယ်။

အရင် လျှပ်စစ်မီး မှန်နေတဲ့ ကျေးလက်တွေ အခုအခါ ရက်နဲ့ချီ လျှပ်စစ်မီးလုံးဝမရတာမျိုးလည်း ဖြစ်နေပြီး သတင်းတွေထဲမှာတော့ ရန်ကုန်မှာ လျှပ်စစ်မီးပြတ်တာလောက် ဖေါ်ပြတာ မတွေ့ကြရပါဘူး။

ရန်ကုန်မြို့ မန္တလေးမြို့တို့မှာ လျှပ်စစ်မီး ပြတ်တာကတော့ သက်ရောက်မှု လူဦးရေများတာ ၊ စီးပွားရေး လုပ်ငန်းတွေ အပေါ် သက်ရောက်မှုတွေ ရှိတာကြောင့် သတင်းတွေမှာ ပိုဖတ်ရ ကြားရပေမယ့် နယ်မြို့တွေ ကျေးရွာတွေက လျှပ်စစ်မီးရရှိတာ ပိုနည်းပါးကြတာ ဖြစ်ပါတယ်။

စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်း၊ ကမ္ဘာ့ရေနံစျေးဂယက်၊ တိုင်းပြည် နိုင်ငံရေးမတည်ငြိမ်တာရဲ့ အကျိုးဆက် ငွေတန်ဖိုးကျခြင်းတွေ အားလုံးက လျှပ်စစ်မီး ရရှိနိုင်ဖို့မှာ အကျိုးသက်ရောက်တာ ဖြစ်ပါတယ်။ ထပ်ဆင့်အကျိုးဆက်က စီးပွားရေး လုပ်ငန်းတွေကို ထပ်မံထိခိုက်စေပြီး အလုပ်အကိုင် အခွင့်အလမ်းတွေ ဆုံးရှုံးတာတွေ ထပ်မံအကျိုးဆက် ဖြစ်ပေါ်လာစေပါတယ်။ စက်မှုဇုန်၊ လက်ခစား လုပ်ငန်းအမျိုးအစားဖြစ်တဲ့ အထည်ချုပ်လုပ်ငန်းတွေ လည်ပတ်ဖို့ မလွယ်တဲ့ အနေအထားဖြစ်လာနေတာကြောင့် အလုပ်အကိုင် ဆုံးရှုံးရတဲ့သူတွေ ဆက်လက်များပြားလာပြီး အိမ်နီးချင်းနိုင်ငံမှာ ရွှေ့ပြောင်းလုပ်သား အဖြစ် တရားမဝင်လမ်းကြောင်းက နေ သွားရောက်တာတွေ တိုးပွားလာနိုင်ခြေလည်း ရှိနေပါတယ်။

လျှပ်စစ်မီး ပြတ်တောက်မှုက စီးပွားရေး အပေါ် သက်ရောက်မှုအပြင် ပညာရေး ၊ ကျန်းမာရေး ၊ လူမှုရေးတွေ အထိ အကျိုးဆက်တွေ ရှိနေပြီး အွန်လိုင်း ပညာသင်ကြားမှုတွေကို အခုအခါ ထိခိုက်မှုရှိနေပြီ ဖြစ်တာကြားသိနေရပါပြီ။

လျှပ်စစ်မီး ပြဿနာဟာ ခေတ်အဆက်ဆက် ဖြေရှင်းလာရတဲ့ ပြဿနာဖြစ်ပြီး ပြီးခဲ့တဲ့ ၁၀နှစ်ဝန်းကျင်အတွင်း အတော်လေး တိုးတက်ကောင်းမွန်လာရာကနေ အခုစစ်အာဏာသိမ်းမှု အပြီးမှာတော့ အရင်ခေတ် အခြေအနေမျိုး ပြန်ရောက်သွားပြိလို့ လူအများက ခံစားနေကြရပြီဖြစ်ပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar