မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ် ၁ လ ၂၂ ရက်မြောက်နေ့ မြင်ကွင်း
မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ် ၁ လ ၂၂ ရက်မြောက်နေ့ မြင်ကွင်း
(မိုးမခ) မတ် ၂၃၊ ၂၀၂၂
မတ်လ ၂၂ ရက် - အာဆီယံ အထူးကိုယ်စားလှယ်ခရီးစဥ်နဲ့ ရလဒ်ထွက်နိုင်ခြေ၊ ကျရှုံးနိုင်ငံ သို့မဟုတ် ပြိုလဲမယ့်နိုင်ငံ ဖြစ်တော့မလား
အာဆီယံ အထူးကိုယ်စားလှယ်ဖြစ်သူ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး ပရာ့ဆော့ခွန်း နဲ့ အာဆီယံ အတွင်းရေးမှူးချုပ်တို့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အကျပ်အတည်းကို အဖြေရှာဖို့ ခုရက်ပိုင်း လာရောက်နေတာ ဖြစ်ပြီး စစ်ကောင်စီခေါင်းဆောင်၊ နိုင်ငံရေးပါတီအချို့နဲ့ တွေ့ဆုံနေပြီး မတ်လ ၂၃ ရက်နေ့မှာ ပြန်လည်ထွက်ခွာမှာ ဖြစ်ပါတယ်။
အာဆီယံအဖွဲ့ဟာ မြန်မာနိုင်ငံအရေးနဲ့ပတ်သက်လို့ တခုတည်းသော သံတမန်ရေးအရ ကူညီဆောင်ရွက်မယ့်အဖွဲ့အစည်းအဖြစ် နိုင်ငံတကာက လက်ခံထားကြပြီး အာဆီယံရဲ့ သဘောတူညီမှု ၅ ချက်လို့ခေါ်ဆိုတဲ့ ယမန်နှစ် ဧပြီလ ဂျာကာတာ သဘောတူညီမှု ၅ ချက်ကို မြန်မာစစ်ကောင်စီဘက်က အကောင်အထည်ဖေါ်ဖို့ အာဆီယံက တိုက်တွန်းနေတာ တနှစ်နီးနီးရှိလာချိန်မှ အခု လို ပထမဆုံး အထူးကိုယ်စားလှယ်ရဲ့ ခရီးစဥ် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
အဖွဲ့ဝင် ၁၀ နိုင်ငံပါဝင်တဲ့ အာဆီယံအဖွဲ့ဟာ တနိုင်ငံရဲ့ ပြည်တွင်းရေးကို တနိုင်ငံဝင်ရောက် မစွက်ဖက်ရေးဆိုတဲ့ မူနဲ့ သဘောတူထားကြတာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ပြည်တွင်းရေးဖြစ်တဲ့ နိုင်ငံရေးအကျပ်အတည်းကို ကြားဝင်ဖြေရှင်းတာ ရှားပါးတဲ့ သာဓကဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။
မြန်မာ့နိုင်ငံရေးအကျပ်အတည်းဟာ ယခုထက် ပိုအရှိန်မြင့်လာရင် လက်နက်ကိုင်တိုက်ခိုက်မှုတွေ အခြေအနေဆိုးလာခဲ့ရင် အိမ်နီးချင်းနိုင်ငံတွေကို ဒုက္ခသည်တွေ အလုံးအရင်းဝင်ရောက်လာနိုင်ခြေ ရှိပြီး စီးပွားရေးအရ တရားဥပဒေစိုးမိုးမှုအရ ပြိုလဲခဲ့ရင်လည်း အိမ်နီးချင်းနိုင်ငံတွေအဖို့ ဒုက္ခသည်ပြဿာနာ၊ မူးယစ်ဆေးဝါး ပြဿနာ စတဲ့ အကျိုးသက်ရောက်မှုတွေ ခံစားရနိုင်ခြေရှိလို့ ဒေသဆိုင်ရာ ပြဿနာအဆင့်ကို ရောက်လာနိုင်ခြေရှိတာကြောင့် မြန်မာ့အရေးကို ပြည်တွင်းရေး သက်သက်လို့ မသတ်မှတ်တော့ပဲ အာဆီယံအနေနဲ့ ကြားဝင်ဖြေရှင်းပေးဖို့ ဆောင်ရွက်လာတာလို့ နားလည်ပါတယ်။
ခုပထမဆုံး ခရီးစဥ်မှာ နိုင်ငံရေး အကျပ်အတည်းမှာ အဓိကပါဝင်နေတဲ့ အဖွဲ့အစည်းတွေအားလုံးကို တွေ့ဆုံဖို့ အခွင့်အရေး မရခဲ့တာကလည်း ဝေဖန်စရာ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ပေးဖို့ ငြင်းဆိုထားတဲ့ စစ်ကောင်စီရဲ့ ကြိုတင်သတ်မှတ်ချက်ကြောင့် NLD ခေါင်းဆောင်လိုမျိုးနဲ့ တွေ့ဖို့ အခွင့်အလမ်း မရခဲ့သလို လက်ရှိနိင်ငံရေး စစ်ရေး အားပြိုင်မှုမှာ ပါဝင်နေတဲ့ NUG လို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေလိုမျိုးနဲ့ မတွေ့ဆုံနိုင်ခြင်းဟာ ပဋိပက္ခကို အဖြေရှာဖို့အရေး လစ်ဟာမှုတွေ ဖြစ်နေဦးမှာ ဖြစ်ပါတယ်။
အန်အယ်လ်ဒီရဲ့ လွှတ်တော်ကိုယ်စားလှယ်ဖြစ်ခဲ့သူ
ဒီခရီးစဥ်ကနေ ကြီးကြီးမားမား အကျိုးရလဒ်တွေ ထွက်လာမယ်လို့တော့ အများစုက မျှော်လင့်မထားကြပါဘူး။ ပထမခြေလှမ်းအဖြစ်လောက်သာ ကနဦး ပါဝင်နေတဲ့ အဖွဲ့အစည်းတွေရဲ့ ရပ်တည်ချက် အနိမ့်ဆုံး လျှော့ပေးနိုင်တဲ့ အချက်စတာတွေကို လေ့လာတဲ့သဘောမျိုးလို့သာ မှတ်ယူရပါတယ်။
တဖက်မှာလည်း မြန်မာ့နိုင်ငံရေးအကျပ်အတည်းဟာ အဓိကအင်အားစုကြီးတွေ ဖြစ်တဲ့ စစ်ကောင်စီ၊ NUG တို့အနေနဲ့ လက်နက်ကိုင် တိုက်ခိုက်မှုဘက်ကို အားသန်နေကြပြီး လက်နက်ကိုင် တိုက်ပွဲနဲ့ တဖက်ကို အနိုင်ရအောင် သို့မဟုတ် အင်အားနဲ့ အသာစီးရပြီး နိုင်ငံရေးဆွေးနွေးမှုမှာ အထက်စီးအခွင့်အလမ်းရအောင် ဆိုတဲ့ ရည်ရွယ်ချက်မျိုး ကိုင်စွဲထားကြတဲ့ သဘောလို့ ခန့်မှန်းရပါတယ်။
လက်နက်ကိုင်ပဋိပက္ခဟာ အခုဆို ၁ နှစ်ပြည့်ဖို့ ၁ လ ခန့်သာလိုတော့တယ်လို့ ဆိုနိုင်ပါတယ်။ စစ်အာဏာသိမ်းပြီး လအနည်းငယ်အကြာ ဧပြီလ ၁၆ ရက် မှာ PDF လို့ခေါ်တဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ကို ဖွဲ့စည်းလိုက်ပြီလို့ ကြေညာခဲ့တာ ဖြစ်လို့ ၁ နှစ်ပြည့်ချိန်မှာ လက်နက်ကိုင် ပဋိပက္ခရဲ့ ရည်မှန်းချက်က ဘယ်လောက်ထိရရှိပြီလဲ၊ နယ်မြေထိန်းချုပ်မှု၊ အုပ်ချုပ်ရေး ဖွဲ့စည်းနိုင်မှု၊ လွတ်မြောက်နယ်မြေ စိုးမိုးမှု စတာတွေနဲ့ တိုင်းတာရမယ်လို့ ထင်မြင်ပါတယ်။
လက်ရှိ အခြေအနေမှာ နှစ်ဘက်စလုံးက စစ်ရေးအရ မိမိတို့ အနိုင်ရမယ်လို့ မျှော်လင့်ထားကြတာဖြစ်ပြီး လက်နက်ကိုင် တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေဦးမယ့် သဘောလို့ အကဲခတ်ရပြီး မြန်မာနိုင်ငံ ပြည်တွင်းစစ်က ဆက်လက်ဖြစ်ပွားဦးမယ့် သဘောလို့ ကောက်ချက်ချရလိမ့်မယ် ထင်ပါတယ်။
တဖက်မှာ ကုလကသမဂ္ဂ အနေနဲ့ လည်း မြန်မာနိင်ငံအနေနဲ့ ပြိုလဲသွားနိုင်ခြေရှိတယ်လို့ ကုလသမဂ္ဂတာဝန်ရှိသူတဦးက ခုရက်ပိုင်း မှတ်ချက်ပြုပြောဆိုခဲ့ပါတယ်။ ခုအခြေအနေမှာလည်း မြန်မာနိုင်ငံဟာ လက်နက်ကိုင် တိုက်ပွဲတွေ နေရာအနှံ့ဖြစ်ပွားနေပြီး စိုက်ပျိုးရေး မလုပ်ကိုင်နိုင်တဲ့ ကျေးရွာနဲ့ ဒေသတွေအများအပြားရှိသလို ကိုဗစ်ကူးစက်ကပ်ဘေး ကန့်သတ်ချက်၊ ကုန်သွယ်ရေး အတားအဆီးတွေကြောင့် ထိခိုက်နေပြီးဖြစ်တဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေ၊ ကုန်သွယ်ရေး စက်ရုံအလုပ်ရုံမှာ လုပ်ကိုင်တဲ့ အလုပ်သမားတွေအဖို့ နိင်ငံရေး ပြဿနာ၊ လက်နက်ကိုင် တိုက်ပွဲတွေကြောင့် နှစ်ထပ်ကွမ်း အထိနာနေကြပြီ ဖြစ်ပါတယ်။
ပြည်တွင်းမှာ အလုပ်အကိုင်အခွင့်အလမ်း မရှိသလော
၁ နှစ်အတွင်း စစ်ဘေးရှောင် ဒုက္ခသည် သိန်းဂဏန်းနဲ့ချီမြင့်တက်လာနေပြီး စစ်ဘေးရှောင်စခန်းတွေ စခန်းရယ်လို့ မခေါ်ဆိုနိုင်တဲ့ တောထဲ တောင်ထဲ တိမ်းရှောင်နေသူတွေ ရိက္ခာဆေးဝါးမလုံလောက်လို့ အသက်ဆုံးရှုံးရမှုတွေအထိ ခုရက်ပိုင်း သတင်းတွေထဲ ဖတ်ရှုနေရတာမို့ လက်နက်နဲ့ ညှဉ်းဆဲ သတ်ဖြတ်မှုနဲ့တင် အသက်ဆုံးရှုံးရတာမဟုတ်ပဲ အစားအသောက် မလုံလောက်တာ၊ ဆေးဝါးကုသမှုမခံရတာကြောင့် သေဆုံးမှုတွေလည်း တိုးပွားလာနေတာ ဖြစ်ပါတယ်။
ချုံ့ပြောရရင် ကုလသမဂ္ဂအရာရှိကြီး ပြောတဲ့ ပြိုလဲသွားနိုင်ခြေက အခုထက်ပိုဆိုးရွားတဲ့ အခြေအနေမျိုး ဖြစ်နိုင်ပါတယ်။ သို့ပေမဲ့လည်း ခုအချိန်မှာ ခံစားနေရတဲ့ ဒုက္ခတွေ အကျပ်အတည်းတွေသည်ပင်လျင် တပိုင်းတစ ပြိုလဲနေတဲ့ နိုင်ငံတနိုင်ငံလို့ ခေါ်ဆိုနိုင်နေတဲ့ အခြေအနေလို့ ဆိုချင်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar