နေသွင်နိုင်း - သွေးစက်တန်းလန်း အင်္ကျီ
သွေးစက်တန်းလန်း အင်္ကျီ
နေသွင်နိုင်း
(မိုးမခ) မတ် ၂၃၊ ၂၀၂၂
ပြေးဖို့ကလည်း ငွေမရှိ
ပြေးဖို့ကလည်း နေရာမရှိတော့ဘူး.....တဲ့။
ဘုရားသခင်ရဲ့အမည်နာမကို
တတွတ်တွတ်ရွတ်ဆိုရင်း
လူငယ်တွေပွေ့ချီရာ
ဂျယ်လီအရုပ်ပျော့တခုလိုလိုက်ပါလာတဲ့
အမယ်အိုရယ်
ကိုယ့်အရိပ်နဲ့ကိုယ် ကခုန်နေရရှာတဲ့
ပန်းတခင်းကြီးရယ်
အငွေ့ပျံနေဆဲ စပါးခင်းကြီးထဲက
ရုပ်အလောင်းတွေကိုလက်ညှိုးထိုးရင်း
အဖေရေ....လို့အော်ခေါ်ကြ
အမေရေ....လို့အော်ငိုကြ။
ဘယ်တော့မှ ပန်းမပွင့်တော့မယ့်တောအုပ်ကြီးလို
ခြေသိမ်းခေါင်းပိုက်ရက်စက်ပြနေတဲ့
ခွေးသန္ဓေနဲ့ကျားရေခြုံထားတဲ့ လူ့အန္ဓတွေ
ကိုယ်ဝန်သည်အမျိုးသမီးရဲ့ရင်သားတွေကိုကျီစယ်ပြီး
မီးပုံထဲပစ်တင်လိုက်တာမြင်လား။
ကျောက်ခဲတလုံးကို ပေါင်မုန့်တလုံးအဖြစ် ကိုက်ဖဲ့နေတဲ့ဆာလောင်မှုနဲ့
ရုပ်လုံးမပေါ်တော့တဲ့ အပျံသင်စ ဝလုံးကလေးကိုမြင်လား။
" မင်းသေရင် ဒီမြေမှာ နေကြာပန်းတွေပွင့်အောင်
မင်းအိတ်ကပ်ထဲ နေကြာစေ့တွေထည့်ထား" တဲ့
ယူကရိန်းအမျိုးသမီးက
ရုရှားစစ်သားတယောက်ကို ပြောတာကြားလား။
မိုးကြိုးလိုမာကျောမှုနဲ့
စိတ်သတ္တုအခိုင်အခက်ကို တူးဖော်ကြ။
ဟေ့
ခေတ်က ပုလင်းတလုံးဆိုရင်
ဟော့ဒီ သွေးစက်တန်းလန်းသမိုင်းပုလင်းကိုဖောက်ခွဲရမှာ ငါတို့ပဲ။
ကောင်းကင်မှာ တနေ့ပြီးတနေ့
ပျံတက်သွားတဲ့ကြယ်ကလေးတွေကို
အမည်ပေးရုံလောက် တိုင်းပြည်ကြီးကိုမချစ်ကြေး
ခေါင်းလောင်းကို မြက်ဖျားနဲ့မတီးကြေး။
ပြည်သူ့သစ္စာဖောက်ဆိုရင်
ငွေနဲ့ဝယ်လို့ရတဲ့ ရဟန်းလည်းမဖူးနဲ့
ဒီကဗျာရေးနေတဲ့ငါ့ကိုလည်း အရှင်မထားနဲ့။
သေရဲရဲ ရှင်ရဲရဲမှာ
ဘယ်တရားမှလည်း မနာလိုတော့
ဘယ်ဘုရားမှလည်း မဖူးလိုတော့
ရေကလည်း မကြည်တော့
မြက်ကလည်း မနုတော့
လက်သီးကိုဆုပ်
ဓားကိုထုတ်
ထွန်သွားကို ချွန်မြ
ဟေး
လာကြ
သံချပ်ကာကားကို သေးနဲ့ပန်းကြ
သွေးစက်တန်းလန်းအင်္ကျီကို လျှော်ဖွပ်ကြ
မနက်ဖြန် ပြည်သူ့မျက်နှာဆက်သစ်ဖို့
ဒီဝန်ကို ထမ်းကြ
ကဗျာဆိုလည်း ကဗျာ
သီချင်းဆိုလည်း သီချင်း
ခွေးသားရေပြားပေါ် ရန်သူ့နာမည်ရေး
မီးပုံပေါ် ခုန်ချ
တောမီးကို မြစ်ရေနဲ့ငြှိမ်းသတ်နေတဲ့
စာကလေးတစ်ကောင်လို
မြစ်ကိုဒေါင်လိုက် ကူးဖြတ်
ပြည့်လက်ကို ကူ
ပြည့်ဝမ်းတွေ ညီကြ
အမြစ်မရှိတဲ့သစ်ပင်လိုရှင်သန်မှုကို ရပ်တန့်ဖို့
ပြည့်မျက်နှာကို ခြယ်သ
မီးညွန့်သရဖူကိုဆောင်းဖို့
ဒီနွေကို အသက်နဲ့ "က "ဆိုလည်း
"က "ရမှာပဲ။
ငါတို့ယုံကြည်တယ်
တိုက်ပွဲရှိတယ် ငါတို့ရှိတယ်
အောင်ပွဲရှိတယ်
စုံးလုံးကန်းနေတဲ့ကိုးကွယ်မှုနဲ့
ရိုကျိုးပြနေတဲ့ မိစ္ဆာတပ်ကိုနင်းချေအပြီးမှာ
ရန်သူ့ဦးခေါင်းနဲ့ ဗုံတီးကြမယ်။
လာ။
မကြောက်နဲ့
မရွံနဲ့
ရန်သူ့နောက်ကြောမှာ ဓားပဲရှိတယ်
ငါတို့နောက်ကျောမှာ ပြည်သူရှိတယ်။
ကမ္ဘာကြီးက ဝေးတယ်
ငါတို့အိမ်က နီးတယ်
ငါတို့အတွက် ငါတို့ရှိတာ ယုံရမယ်
မြစ်ဘီလူးတွေကို အနိုင်ယူမယ့်
မုန်တိုင်းထဲက တံငါသည်လို ......။ ။
....
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar