ငြိမ်း (ပဲခူး) - အလုပ်မရှိတဲ့ လူတယောက်ရဲ့ နေ့ရက်တွေ
(မိုးမခ) မတ် ၂၃၊ ၂၀၂၂
အရင်က အလုပ်ရှိတယ်။ အခုအလုပ်မရှိဘူး။ အလုပ်မရှိတဲ့ နေ့ရက်တွေကို ကျွန်တော် ဖြတ်သန်းဖူးတယ်။ အလုပ်မရှိတဲ့ဒဏ်ကို ကျွန်တော် အတိုင်းအတာတခုလောက်ထိ ခံနိုင်တယ်။ အခုတော့ အလုပ်မရှိတဲ့နေ့ရက်တွေက အတိုင်းအတာတခုထိကျော်လာတော့ ကျွန်တော့်မှာ ခံနိုင်ရည်တွေ တဖြည်းဖြည်းမဲ့လာပြီ။ အလုပ်ရှိတုန်းက အလုပ်မရှိတဲ့နေ့ရက်တွေကို နည်းနည်းလေးတောင် မတွေးမိဘူး။ မနက်အလုပ်သွား ညနေအလုပ်ပြန်။ လကုန်ရင် လစာထုတ်။ ကျွန်တော့်ပိုက်ဆံအိတ်ထဲမှာလည်း ပိုက်ဆံပြတ်တယ်လို့ကိုမရှိဘူး။ ဒီလိုနဲ့ကံမကောင်းတဲ့နေ့ရက်တွေ ရောက်ရှိလာတယ်။ အလုပ်မရှိတဲ့ နေ့ရက်တွေပေါ့။
နေ့စဉ်လှုပ်ရှားနေတဲ့လူတယောက်က ဗြုန်းစားကြီး အလုပ်မရှိဘဲဖြစ်သွားတော့ ဘယ်လိုနေလို့ ဘယ်လိုထိုင်ရမယ် မသိတော့ဘူး။ နံနက် မိုးလင်းလို့ အိပ်ရာကနိုးရင် အိပ်ရာထဲကနေ ထရမလား။ ပြန်လှဲနေရမလား။ ပြန်အိပ်ရမလား။ အလုပ်မရှိတော့ ဘာမှလုပ်စရာမရှိဘူး။ အိပ်ရာထဲမှာ ပြန်အိပ်နေလည်း ရတယ်။ လှဲနေလည်း ရတယ်။ မျက်စိဖွင့်ထားလည်း ရတယ်။ မျက်စိမှိတ်ထားလည်း ရတယ်။ ကျွန်တော့်မှာ အလုပ်ရှင် မရှိ။ ကျွန်တော် အုပ်ချုပ်ရမယ့်အလုပ်သမား မရှိ။ ကျွန်တော့်ကိုခိုင်းမယ့် မန်နေဂျာမရှိ။ ကျွန်တော့်မှာ မရှိခြင်းတွေသာ ရှိတယ်။ ကျွန်တော့်မှာ ဘာတွေရှိလဲ တယောက်ယောက်ကမေးခဲ့ရင် ကျွန်တော့်မှာမရှိခြင်းတွေသာ ရှိတယ်လို့ ဖြေလိုက်မှာ။
အလုပ်သွားတဲ့လူတွေကို ကျွန်တော်ငေးနေမိတယ်။ စကားတပြောပြောနဲ့ ထမင်းဘူးလေးတွေ ကိုယ်စီနဲ့။ ကျွန်တော် ဖက်ကြမ်းဆေးလိပ်ကို အငွေ့တထောင်းထောင်းထအောင်ဖွာရင်း အငွေ့တွေကြားထဲကနေ ငေးနေမိတာ။ ကျွန်တော် အလုပ်ရှိခဲ့တဲ့နေ့ရက်တွေတုန်းကဆို ထမင်းချိုင့်တောင် ထည့်စရာမလိုဘူး။ နေ့လည်စာကို ကုမ္ပဏီကကျွေးတာ။ ကျွန်တော်အလုပ်လုပ်တဲ့ရုံးခန်းထဲမှာ အဲကွန်းငါးလုံးတပ်ထားတယ်။ အေးတာမှ စိမ့်နေတာပဲ။ ပြီးတော့ ကျွန်တော့်အတွက်ကွန်ပျူတာတလုံးလည်း ပေးထားသေးတယ်။ ရုံးလုပ်ငန်းလုပ်ဖို့ ကားတစီးနဲ့ ယာဥ်မောင်းတယောက်လည်း ပေးထားသေးတယ်။ ရုံးတက်ရုံးဆင်းလုပ်ဖို့အတွက် အိမ်စီးကားတစီးလည်း စီစဉ်ပေးထားသေးတယ်။ အဲ့ဒီလို အနေအထားနဲ့ ကျွန်တော် အလုပ်လုပ်ခဲ့တာကို အခုအလုပ်သွားနေကြတဲ့လူတွေကိုလိုက်ပြောရင် ယုံမှာတောင်မဟုတ်ဘူး။ ကျွန်တော့်ကို အလုပ်မရှိဘဲ ရူးနေတဲ့လူတယောက်လို့ ထင်ကောင်းထင်နိုင်တယ်။
ကျွန်တော့်မှာ အလုပ်များတဲ့နေ့ရက်တွေ ရှိခဲ့ဖူးတယ်။ တပတ်လုံးကို အလုပ်များခဲ့တာ။ တခါ တခါဆို အဆောင်ကို ည ၉ နာရီလောက်မှပြန်ရောက်တဲ့ နေ့ရက်တွေလည်း ရှိတယ်။ ကျွန်တော့်မှာ ပင်ပန်းလိုက်တာများ ပြောမနေနဲ့။ ကျွန်တော့်မှာအလုပ်တွေနဲ့ တစ်ယောက်ထဲ မအားမလပ်ဖြစ်နေတော့ အလုပ်မရှိတဲ့ လူတွေကိုတွေ့ရင် အထင်သေးစိတ်တွေတောင် ဖြစ်မိတယ်။ အလုပ်မရှာဘဲထိုင်နေတာ ဘာညာပေါ့ဗျာ။ အခုကျတော့ ကျွန်တော့်ဝဋ်လည်ပြီ။ အလုပ်အကိုင်မရှိ။ တစ်ရာ့ကိုးတစ်ရာ့ တစ်ဆယ်။ လမ်းထိပ်မှာ ကျွန်တော်ထိုင်ပြီး ဘေမထည့်နိုင်လို့ ဝိုင်ဖိုင်ဖရီးနဲ့ အင်တာနက်သုံးနေမယ်။ ကျွန်တော့်ဖုန်းက အဝင်ကောပဲရတယ်။ ပိုက်ဆံသုံးရာနဲ့ ရိုးရိုးကဖေးတခွက်ကို ကဖေးဆိုင်ရဲ့ ရှေ့ဆုံးမှာထိုင်ပြီး တယောက်ထဲ ငိုင်တိုင်တိုင်နဲ့ ထိုင်သောက်နေမယ်။ ဘာတွေတွေးနေလဲဆိုရင် တောရောက်တောင်ရောက်တဲ့ အတွေးတွေ တွေးနေတာ။
အလုပ်လုပ်ပြီးပြန်လာတဲ့ လူတွေကိုငေးနေမယ်။ အဲ့ဒီအချိန် ကျွန်တော်က အလုပ်မရှိဘဲနေ့ရက်တွေကို ဖြတ် သန်းနေတာပါလားဆိုတဲ့အတွေးတွေက ဝင်ရောက်လာပြန်တယ်။ ကျွန်တော် ခေါင်းငုံ့ထားလိုက်ပြီး ဖုန်းကြည့်နေလိုက်တယ်။ "ကိုကြီး ဘာအလုပ်တွေလုပ်နေလဲ" လို့ ပြောလိုက်တဲ့ အသံတသံကြောင့် ကျွန်တော် ခေါင်းပြန်ထောင်ပြီး အသံပိုင်ရှင်ကို ကြည့်လိုက်တယ်။ ကျွန်တော့်အသိ ညီလေးတယောက် ဖြစ်နေတယ်။ ကျွန်တော် ဘာပြန်ပြောရမလဲ။ မသုံးတာကြာပြီဖြစ်တဲ့ ကျွန်တော့်ဦးနှောက်ကိုအလုပ်ပြန်ပေးပြီး တွေးခိုင်းလိုက်တယ်။ "ကိုယ်အလုပ်နားထားတယ်ညီလေး" လို့ ပြန်ပြောလိုက်တယ်။"မင်း အလုပ်မသွားဘူးလား" လို့မေးလိုက်တော့ ဒီနေ့ဟာ တနင်္ဂနွေနေ့ဖြစ်နေတာကို ကျွန်တော်မေ့နေတာ။
ရုံးတက်ရတဲ့ နေ့ရက်တွေ။ အများပြည်သူရုံးပိတ်ရက်တွေဟာ အလုပ်ရှိတဲ့နေ့ရက်တွေတုန်းကဆို ပြက္ခဒိန်ပေါ်မှာ ကျွန်တော်နဲ့ အကြည့်ချင်းဆုံနေကြ။ တရင်းတနှီးမိတ်ဆွေလိုဖြစ်နေတာ။ ရုံးတက်ရက်တွေဆိုရင် ကျွန်တော် မျက်စိမျက်နှာ ပျက်ပျက်နဲ့ ကြည့်မယ်။ ရုံးပိတ်ရက်တွေဆိုရင် ထိန်းမနိုင် သိမ်းမနိုင် အပြုံးတွေနဲ့ ကျွန်တော် ကြည့်မယ်။ မှန်ထဲက ကျွန်တော့် မျက်နှာကိုတောင် ပြက္ခဒိန်ပေါ်က နေ့ရက်တွလောက် သေချာမကြည့်ဖြစ်ဘူး။ အသိညီလေးက ကျွန်တော့် ဘေးမှာထိုင်ပြီး သူ့အိမ်အကြောင်းတွေ ရင်ဖွင့်နေတာ။ ကျွန်တော့်နားထဲ ကြားတချက်မကြားတချက်။ အလုပ်ရှိတဲ့လူတယောက်နဲ့ ကျွန်တော်စကားမပြောချင်ဘူး။ စိတ်မပါဘူး။ အလိုလိုအား ငယ်လာတယ်။ ကျွန်တော် ပိုက်ဆံရှင်းပြီး ကဖေးဆိုင်ကနေ ထလာခဲ့တယ်။ အသိညီလေးကတော့ ဘယ်လိုထင်မယ် မပြောတတ်ဘူး။
ကျွန်တော် ဘယ်နေရာကိုပဲကြည့်ကြည့် လူတိုင်းဟာ အလုပ်ကိုယ်စီနဲ့။ စက်ဘီးပြင်သမားတယောက်ဟာ စက်ဘီးတစီးကို ပြင်နေတယ်။ ဆိုင်ကယ်ပြင်သမားတယောက်ဟာ ဆိုက်ကယ်တစီးကိုပြင်နေတယ်။ ကုန် ခြောက်ဆိုင်ထဲမှာ အလုပ်သမားလေးတယောက်ဟာ စျေးဝယ်သူတွေကို စျေးရောင်းနေတယ်။ ကာယအလုပ် သမားတယောက်ဟာ ချွေးတွေသံတွေ တရွှဲရွှဲနဲ့ သဲတွေကို ဂေါ်နဲ့ထိုးပြီး ကားတစီးပေါ်ကို တင်နေတယ်။ ဖြစ်ချင်တော့ သူတို့ကို ဘာရယ်မဟုတ်ဘူး။ ကျွန်တော် ကြည့်လိုက်မိတာ။ သူတို့ဟာ တိုင်ပင်ထားကြသလိုပဲ ကျွန်တော့်ကို ဘလိုင်းကြီး ပြုံးပြနေကြတယ်။ အလုပ်မရှိတဲ့ ကျွန်တော့်ကိုလှောင်နေတာလား။ ရှက်လို့ ကျွန် တော်ဟာ ပြန်မပြုံးပြတော့ဘဲ စက်ဘီးကို အမြန်နင်းလာခဲ့တယ်။
"ဘာအလုပ်တွေလုပ်နေလဲ" ဆိုတဲ့မေးခွန်းက ကျွန်တော်အလုပ်မရှိမှတော်တော် မေးကြတာ။ အဲ့မေးခွန်းပဲ လူတွေမေးတတ်တာလား။ "စားပြီးပြီလား။" "နေကောင်းလား" စသဖြင့် ကျွန်တော့်ကို မေးကြပါလား။ ပြန်ဖြေရလွန်းလို့ ကြာလာတော့ စိတ်အချဉ်ပေါက်လာတယ်။ကျွန် တော် အလုပ်မရှိလို့ နှိမ်ချင်လို့မေးတာလား။ ဒါမှမဟုတ် ကျွန်တော် အလုပ်မရှိမှန်းသိသိချည်းနဲ့မေးတာလား။ ဘာဖြစ်ချင်တာလဲဗျာ။ ကျွန်တော့်ရင်ထဲမှာ ပန်းတွေပွင့်နေတာမဟုတ်ဘူး။ ဒူးရင်းသီးတွေ သီးနေတာ။ ခင်များတို့မေးတဲ့မေးခွန်းက ကျွန်တော့်အတွက် ဘယ် လောက် ပျာယာခတ်သွားတယ်ဆိုတာ သိကြရဲ့လား။ ကျွန်တော့်ကို သနားတဲ့အကြည့်နဲ့ မကြည့်ကြပါနဲ့။ ကျွန်တော်က ဘွဲ့ရပြီးသား လူတယောက်ပါ။ Email နဲ့အလုပ်တွေလျှောက်ထားတာ တပုံကြီးဗျ။ မကြာခင် ကျွန်တော့်ကိုအလုပ်ခေါ်တော့မှာ။ အဲ့ဒီအခါကျရင် "မင်း ဘာအလုပ်တွေ လုပ်နေလဲ" လို့ ကျွန်တော့်မမေးရင် ခင်များတို့နဲ့ ကျွန်တော်နဲ့အတွေ့ပဲ။
-
Join Us @ MoeMaKa Telegramt.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar
