မောင်ရစ် - ကိုယ့်ပြည်ထောင်စုအကြောင်း တိုင်းရင်းသားဘာသာစကားနဲ့ ပြောခွင့်ရဖို့ (၂)
ကိုယ့်ပြည်ထောင်စုအကြောင်း
တိုင်းရင်းသားဘာသာစကားနဲ့ ပြောခွင့်ရဖို့ (၂) နိဂုံး
မောင်ရစ်
(မိုးမခ) စက်တင်ဘာ ၁၈၊ ၂၀၂၆
သည်လိုနဲ့ RadioNUG ဆိုတာ နေထွက်ချိန်ရှိသလို နေဝင်ချိန်လည်း ရောက်လာခဲ့ပါတယ်။
ပြည်သူနဲ့ တိုင်းပြည်အပေါ် သစ္စာရှိတဲ့ ပြည်သူ့ဝန်ထမ်းတွေ သို့မဟုတ် CDM ဝန်ထမ်းတွေဆိုတာ ပြည်သူက ကျွေးမွေးထားတဲ့ လုပ်ခ၊ လစာ၊ ခံစားခွင့်တွေနဲ့ ပတ်သက်ရင် ဘယ်သူကမှ ချေးများသူတွေ၊ ညည်းတွားသူတွေ မဟုတ်ခဲ့ကြပါဘူး။ သူတို့အတွက် လက်ခံရရှိတဲ့ ဂုဏ်ပြုစရိတ်ကို အစိုးရအဆက်ဆက်ခေါ်ခဲ့သလို ရှားပါးစရိတ်လို့ပဲ ခေါ်ချင်ပါတယ်။ တခါက မိုးမခမှာ စာရေးဆရာမ ခိုင်ခိုင်စောလွင် ရေးခဲ့သလို "ဟဲ့ နင် RadioNUG မှာ လုပ်တာ ဘယ်လောက်ရလဲ” လို့ နွေဦးမောင်ကို မေးတော့ "ငါးသောင်း ရတယ်” လို့ ဖြေပါတယ်။ "ဟဲ့ ဘတ်ငါးသောင်းလား” လို့ မေးတော့ ဟိုက “ကျပ် ၅ သောင်းပါ” လို့ ပြောလိုက်ရသတဲ့။ တိုင်းရင်းသားဘာသာစကားနဲ့ တပတ် တခါ တင်ဆက်သူတွေ အပါအဝင်၊ အင်္ဂလိပ်ဘာသာ အပတ်စဉ်ဖတ်သူတွေလည်း ရှားပါးစရိတ်နဲ့ အမောဖြေကြသူတွေပါ။ အချိန်ပြည့် ပေးဆပ်သူတွေအတွက်လည်း CDM ဝန်ထမ်းတွေမှာ ရှားပါးစရိတ်ဆိုတာ များများစားစား မရကြ။ ပီတိကိုစား အားရှိကြပေမဲ့ နောက်ဆုံးတနေ့ ၂၀၂၅ အောက်တိုဘာမှာ RadioNUG ရပ်နားလိုက်ရပါတယ်။ လေလှိုင်းစရိတ်တွေ မတတ်နိုင်တော့လို့ NUG က အသံလွှင့်တာ ရပ်လိုက်တယ်ဆိုပေမဲ့ ဝန်ထမ်းတွေကို ဆက်ပြီး ထောက်နေပါသေးတယ်။ တချိန်တည်းလိုလို ရပ်နားလိုက်တဲ့ MoCIT ဝန်ကြီးဌာနကနေ သူတို့ စွမ်းသလောက် ကူညီခဲ့ပါတယ်။ သို့သော်လည်း နောက်ဆုံးမှာ RadioNUG ကို ရပ်နားလိုက်ရတော့ အရင်ဆုံး အနားခံရတာက တိုင်းရင်းသားအစီအစဉ်တွေ အားလုံး ဖြစ်တယ်ဆိုတာ သဘောပေါက်ကြမယ် ထင်ပါရဲ့။
မည်သို့ပင် ဖြစ်စေကာမူ - ပြည်သူဝန်ထမ်း CDM တွေက ပြန်ကြားရေးအလုပ်တွေနဲ့ ဆက်ထမ်းဆောင်ဖို့ကို သူတို့ဘာသာသူတို့ ဆုံးဖြတ်ထားတာမို့ m.CDM ဆိုပြီး သူတို့အစုအဖွဲ့လေးကို ဆက်ပြီး အသက်ဆက်ကြပါတယ်။ ကျနော်တို့ မိုးမခမီဒီယာကလည်း နွေဦးတော်လှန်ရေးမှာ သွေးသစ်လောင်းပြီး ပေါ်ထွန်းလာတဲ့ မီဒီယာပလက်ဖောင်း မျိုးဆက်သစ်နဲ့ ဆက်လက်တွဲသွားကြဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ လွတ်လပ်ပြီး အမှီအခိုကင်းတယ်ဆိုတဲ့ မိုးမခမီဒီယာဟာ အနှစ် ၂၀ ကျော် တသီးပုဂ္ဂလ ကိုယ်ထူကိုယ်ထ ရပ်တည်လည်ပတ်နေကြတာကနေ၊ (ဘယ်သူ့ကို ဘယ်သူကမှ တာဝန်မယူဘူး၊ ကိုယ်ဖြစ်ကိုယ်ခံ ဆိုတဲ့သူတွေ) - အခု စတိတ်မီဒီယာ ဆိုတဲ့ ပြန်ကြားရေးလုပ်ငန်းဆောင်တာတွေနဲ့ အသားကျနေတဲ့ CDM မျိုးဆက်တွေနဲ့ ဆက်ပြီး လမ်းဆက်ဖောက်ကြဖို့ အကြောင်းတိုက်ဆိုင်ခဲ့ကြပြီပေါ့လေ။
RadioNUG က အစပျိုးလို့ m.CDM အထိ မိုးမခက စာပေ အနုပညာတွေကို m.CDM ရဲဘော်တွေက ဆက်ပြီး အသက်ဝင်အောင် ပရိသတ်တွေထဲ ပိုပြီး ပျံ့နှံ့အောင် ကြိုးစား ဖန်တီးပေးခဲ့ကြတာကလည်း ကျေးဇူးတရားရှိတယ်လို့ ဆိုနိုင်ပါတယ်။ သည်တော့လည်း “အေးကွာ တို့တတွေ ဆက်ပြီး ကြိုးစားကြတာပေါ့” လို့ ကျနော်တို့ သဘောထား ပေးအပ်ခဲ့ကြပါတယ်။ စတိတ်မီဒီယာကနေ လွတ်လပ်ပြီး အမှီအခိုကင်းတဲ့ တော်လှန်တဲ့ ပြည်သူကို မျက်နှာမူတဲ့ CDM မီဒီယာတခုအဖြစ် ဆက်သွားကြဖို့ကလည်း စိန်ခေါ်မှုတွေ အပြည့်နဲ့ ဖြစ်နေတာပါပဲ။ သို့သော် CDM တွေ၏ အားမာန်နဲ့ ပြတ်သားတဲ့ သန္နိဋ္ဌာန်တွေနဲ့ လမ်းဆက်လျှောက်ကြဖို့ကတော့ သေချာတဲ့ ဆုံးဖြတ်ချက် ဖြစ်ခဲ့ပါပြီ။
သည်စာကို ရေးနေတာ အတော်လည်း ရှည်ပါတယ်။ ပြောချင်တာက - မိမိတို့ မျှော်ရည်တဲ့ မီဒီယာအစုအဖွဲ့ တည်ဆောက်တာတင်သာမက၊ လူထုမျှော်ရည် လိုချင်တဲ့ ပြည်ထောင်စုကို တည်ဆောက်ကြတာ ဘယ်သူ၏ အထောက်ပံ့ခံနဲ့ တည်ဆောက်ကြရတာ မဟုတ်ဘူး ဆိုတာပါ။ မိမိတို့ ရပ်တည်ချက် ဆုံးဖြတ်ချက်နဲ့ မိမိတို့ အတူတကွ လက်တွဲနေထိုင်ကြမယ်လို့ ဆုံးဖြတ်ကြတာက နေရာတိုင်း အဆင့်တိုင်းမှာ ပြည်သူတွေကြားကနေ ဖြစ်တည်လာတာပါ။ ပြည်ထောင်စုကြီးအတွက် ပြည်ထောင်စုသားတွေအတွက် ပြည်သူဝန်ထမ်းတွေ၏ အခန်းကဏ္ဍကလည်း ထာ၀ရ အရေးပါနေတာ ဖြစ်ပါတယ်။ အဲသည်အတွက် အစိုးရ ဆိုတာက ပြည်သူတွေကြားကနေ ပေါက်ဖွားလာဖို့လိုပြီး အပေါ်ကနေ မိုးကျရွှေကိုယ် ဖြစ်လာစရာ မလိုဘူးဆိုတာ မိမိတို့ လာခဲ့တဲ့ လမ်းကနေ ပြဆိုနေတယ်လို့ ဆိုချင်ပါတယ်။ အခု ရပ်တည်နေတဲ့ m.CDM မှာ ခုနင်က တိုင်းရင်းသား CDM တွေကို ပြန်လည် ခေါ်ယူခဲ့ကြပြီး ဖြစ်တယ်။ အဲသည်မှာ မြန်မာဘာသာနဲ့ သတင်းအမြဲဖတ်ပေးသူ နွေဦးမိုင်က သူ့ချင်း လိုင်ဇိုးဘာသာနဲ့ပါ ဝမ်းမြောက်ဝမ်းသာ တိုးပြီး ဖတ်လာပါတယ်။ သူတို့ကလည်း လိုလိုလားလားနဲ့ ပြန်လက်တွဲလာကြတယ် ဆိုတာ အခု တင်ဆက်နေတဲ့ တိုင်းရင်းသားအစီအစဉ်တွေကို ပြန်ကြည့်ရင် သိနိုင်ပြီ ဖြစ်ပါတယ်။ အခု ကျနော်တို့ ပြည်ထောင်စုအကြောင်းကို မြန်မာစာ မြန်မာစကားနဲ့ ပြောခဲ့ကြပြီးနောက် ဆက်ပြီးတော့ မြန်မာစကားအပြင် တိုင်းရင်းသားဘသာစကားစုံနဲ့ ဆက်ပြောနိုင်ကြအောင် ခြေလှမ်းတွေ ဆက်လှမ်းနိုင်ကြပြီ ဖြစ်ပါတယ်။
နိဂုံးမှာ ကျနော် သင်ယူခဲ့ရတဲ့ သင်ခန်းစာကို ပေးချင်ပါတယ်။ တစ်က ကျနော်တို့က မြန်မာစာ မြန်မာစကားပဲ အဓိကလို့ ပြည်ထောင်စုမှာ မှတ်ယူခဲ့တာပါ။ တိုင်းရင်းသားစကား ကိုယ်မှ မတတ်နိုင်ဘူးကိုး။ သို့သော် တိုင်းရင်းသားဘာသာစကားနဲ့ ပြန်ကြားနိုင်ရေး ဆိုတာ ပြည်ထောင်စုအဆင့် စတိတ်အဆင့်မှာ အရေးတကြီး လိုအပ်တယ်။ အဲသည်အတွက် ပြည်သူ့ဝန်ထမ်းတွေက ထမ်းဆောင် ဖြည့်ဆည်းရတယ်။ နောက်တော့ အဲသည်လို စတိတ်အဆင့် နိုင်ငံတော် အဆင့်က တာဝန်မယူနိုင်ရင် မိမိတို့ ပြည်ထောင်စုသားတွေအချင်းချင်း မိမိအသိစိတ်နဲ့ ဝင်ထမ်းကြရပါတယ်။ စတိတ်မီဒီယာတွေ မပါလာရင် စတိတ်လက်စ် (stateless) မီဒီယာက ပြည်ထောင်စုအတွက် ဝင်ထမ်းရတာပါပဲ။
နောက်ဆုံး သင်ခန်းစာတခုကတော့ ပိုစိတ်ဝင်စားစရာကောင်းပါတယ်။
တိုင်းရင်းသားဘာသာစကားတွေ စုံလင်အောင် ကျနော်တို့ ကြိုးစားကြပါတယ်။ ကိုယ့်ဘာသာစကားနဲ့ ကိုယ့်အသံကို ပြောနိုင်အောင် ကြိုးစားကြပါတယ်။
ဒါပေမဲ့ တိုင်းရင်းသားအားလုံး စုံစုံလင်လင် ဆုံစည်းလာတဲ့အခါ ကျနော်တို့အားလုံး တဝိုင်းတည်း ထိုင်ပြီး မြန်မာစကားနဲ့လည်း အတူတူ ဆွေးနွေးတိုင်ပင်ကြပါတယ်။
ကိုယ့်ဘာသာစကားကို ကိုယ်တန်ဖိုးထားရင်း၊ အချင်းချင်း ဆက်သွယ်နိုင်တဲ့ ဘုံစကားကိုလည်း အတူပြောကြပါတယ်။
အဲဒီလိုနဲ့ပဲ — ကိုယ့်ဘာသာစကားနဲ့ ကိုယ့်အသံကို ပြောခွင့်ရှိရင်း၊ ကိုယ့်ပြည်ထောင်စုအကြောင်းကို အားလုံးအတူတူ ပြောနိုင်တဲ့ ပြည်ထောင်စုတခုမှာ အတူတကွ နေထိုင်ချင်ကြတာပါပဲ။
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar