ကိုယ့်ပြည်ထောင်စုအကြောင်း တိုင်းရင်းသားဘာသာစကားနဲ့ ပြောခွင့်ရဖို့ (၁)
ကိုယ့်ပြည်ထောင်စုအကြောင်း
တိုင်းရင်းသားဘာသာစကားနဲ့ ပြောခွင့်ရဖို့ (၁)
မောင်ရစ်
(မိုးမခ) စက်တင်ဘာ ၁၇၊ ၂၀၂၆
မိုးမခမီဒီယာက မြန်မာစာ၊ မြန်မာယဉ်ကျေးမှု၊ မြန်မာအနုပညာလို့ ကြွေးကြော်ထားတယ်။ ထူထောင်ခဲ့တဲ့ ၂၀၀၃ က စလို့ အခုထိဆို တပြည်ခြား - အမေရိကားလို တိုင်းပြည်မှာ မြန်မာဘာသာစကားနဲ့ လည်ပတ်တာ ၂၆ နှစ်တောင် ရှိပြီ။ ပြီးတေ့ာ ပရိသတ်က မြန်မာပြည်ထဲက ပရိသတ်ကို အဓိကထားပါတယ်။ မြန်မာပြည်နဲ့ နယ်စပ်မျဉ်းတလျောက်က မြန်မာပြည်သားတွေကိုပဲ ဦးတည်ထားတော့ ပြည်ပရောက် မြန်မာတွေ စာဖတ်တာ ၊ စကားပြောတာကို သိပ်အာရုံမထားဘူးလို့ ဆိုကြပါစို့။ သို့သော် နေရပ်စွန့်ခွာတွေထဲက မြန်မာစာပေ အနုပညာရှင်တွေ၏ စာပေနဲ့ စကားတွေကိုလည်း တန်ဖိုးထားပြီး တင်ဆက်ပါတယ်။ နောက်တခါ နေရပ်စွန့်ခွာတွေထဲက မြန်မာပြည်အရေးဆောင်ရွက်သူတွေ လှုပ် ရှားသူတွေ၏ စာတွေ စကားတွေကိုလည်း အလေးဂရုထားပြီး တင်ဆက်ပါတယ်။ လက်တွဲလုပ် ဆောင်ပါတယ်။ မြန်မာပြည်အရေးက မြန်မာပြည်တွင်းမှာပဲရှိတယ်ဆိုတော့ မြန်မာပြည်တွင်းကို အာရုံပြုထားတာအဆိုးမဆိုသာဘူးလို့ ဆင်ခြေပေးချင် ပေးနိုင်ပါတယ်။
မိုးမခက အင်္ဂလိပ်ဘာသာနဲ့လည်း မြန်မာ့အရေး မြန်မာ့စာပေအရေးကို တင်ဆက်လေ့ရှိပါတယ်။ အရမ်း အာရုံကြီးထားပြီး ဆောင်ရွက်တာမျိုးမဟုတ်ပါဘူး။ ကျွဲကူးရေပါ ကြုံရင် ကြုံသလို ဆောင် ရွက်တာမျိုးပါ။ မြန်မာစာမဖတ်နိုင်တော့တဲ့ မြန်မာမျိုးဆက်သစ်တွေကိုလည်း အာရုံထဲမထားမိဘူး ဆိုရမှာပေါ့။ မိမိတို့က မြန်မာပြည်နဲ့ မြန်မာပြည်သားတွေကိုသာ အာရုံပြုမိတယ်လို့ ဆိုချင်ပါတယ်။ မြန်မာစာ ပြည်ပမှာတတ်မြောက်ကြဖို့၊ မြန်မာ့အရေးကို အင်္ဂလိပ်လို ပြန်ကြားနိုင်ဖို့အတွက် မိမိတို့မှာ အင်အားလည်း မရှိ၊ အတတ်ပညာ အသိပညာလည်းမကြွယ်၀ဘူးဆိုပြီး စိတ်ကို ဖြတ်ထားလိုက်တယ်ဆိုကြပါစို့။
မိုးမခမီဒီယာဆိုတာက ပြည်ပက မြန်မာမီဒီယာတွေလိုမျိုးတော့ အနောက်တိုင်းပုံစံမကျဘူးလို့ ဆိုနိုင်ပါတယ်။ ကိုယ်နိုင်တာ ကိုယ်လုပ်ရတာဆိုတော့ အနောက်နိုင်ငံတွေကအားပေးလေ့ရှိတဲ့ ‘‘အားနည်းသောလူနည်းစုတို့၏ မီဒီယာအုပ်စုလှုပ်ရှားမှုတွေ” လိုမျိုးထဲ ဘောင်မဝင်ပါဘူး။ သည်လိုပဲ မိမိဘာ သာ မိမိလုပ်အားပေးတွေစေတနာရှင်တွေနဲ့ရပ်တည်ရပါတယ်။ အင်္ဂလိပ်စကားပြောသူတွေ အင်္ဂလိပ်စာဖတ်တွေနဲ့နီးစပ်တဲ့ မြန်မာ့အရေးမီဒီယာတန်းထဲမဝင်ဘူးလို့လည်း ဆိုနိုင်ပါတယ်။
မိမိတို့ ၂၀၁၃ မှာ မြန်မာပြည်ပြန်ပြီး စာအုပ်ထုတ်ဝေကြတော့ မိုးမခကိုသိရှိလက်ခံထားတဲ့ ပရိသတ် တစုံတရာကို တွေ့ရပါတယ်။ ပြည်ပမှာရပ်တည်နေတဲ့မိုးမခမှာ လာရောက် စာပေရေးသား သတင်းပို့ခဲ့ကြတဲ့စာနယ်ဇင်းဝိုင်းတော်သားများနဲ့လည်း ပြန်လည်တွေ့ဆုံ ကိုယ်တိုင်မိတ်ဆက်ခွင့်ရကြပါတယ်။ မိုးမခ၏ မြန်မာစကား အသုံးအနှုန်း၊ ခေတ်ပြိုင် စာပေ၊ အတွေ့အကြုံ၊ ခံစားချက်၊ အနုပညာကို ထင်ဟပ်ပုံ ပြန်ကြားပုံတွေဟာ ပြည်တွင်းက မြန်မာစာပရိသတ်နဲ့ထပ်တူရှိတယ်လို့ တွေ့ရတော့ အလွန်အမင်းကိုဝမ်းသာ ဂုဏ်ယူမိပါတယ်။ ပြည်ပကနေထုတ်ဝေဖြန့်ချိနေတဲ့ စာနယ်ဇင်းဟာ မြန်မာပြည်တွင်းက ပရိသတ်အတွက် ‘‘ကျနော် ရေချမ်းချမ်းတခွက်သောက်ချင်တယ်” ဆိုတဲ့စာလို စကားလိုမျိုး ထောင့်ထောင့်ကြီး ဆူဆူအောင့်အောင့်ကြီး ဖြစ်မနေတာကိုတွေ့ရတော့ တော်သေးတာပေါ့လို့ သက်မချရပါတယ်။ ဒါကလည်း မိုးမခရပ်တည်နေတဲ့တ လျောက်လုံးမှာ မြန်မာပြည်တွင်းနဲ့ နယ်စပ်အသိုင်းအဝိုင်းကနေ ကွာဟမသွားအောင်၊ ခံစားချက် အယူအဆ အနေအထိုင် မကင်းကွာတဲ့ အသိပညာအသက်ရှုမှုကို ဂရုစိုက် ထိန်းသိမ်းခဲ့လို့ ဖြစ်ပါတယ်။
သည်နေရာမှာ အမည်မဖော်လိုတဲ့အယ်ဒီတာတွေ၊ သတင်းထောက်တွေ၊ စာရေးသူတွေ၏ ရပ်တည်ပေးမှုတွေကို ကျေးဇူးတင်ရပါတယ်။ ကျနော်၏ အယ်ဒီတာအကိုကြီး ကိုခင်လွန်းကိုလည်း ထပ်ခါထပ်ခါ အမည်ဖော်ထုတ်ပြီး ကျေးဇူးတင်ပါတယ်။ မိမိတို့ ကျေးဇူးတင်တဲ့ လူတွေကို သိချင်ရင် https://www.moemaka.com/p/about-moemaka-moemaka-members-usa.html သည်လင့်မှာ နှစ်အလိုက် ပေးဆပ်ခဲ့ကြသူများကို ဖော်ပြထားပါတယ်။ လူတိုင်းကို ကျေးဇူးတင်ပါတယ်။
ကျနော်တို့ မိုးမခမှာ တခါဖူးမှ တိုင်းရင်းသားဘာသာစကားနဲ့ မတင်ဆက်ခဲ့ဘူပါဘူး။ အဲသည်အတွက်လည်း မိမိတို့စိတ်ထဲ အထူးတလည်ခံစားချက်မရှိပါဘူး။ မိမိတို့စာရေးဆရာတွေထဲမှာ မြန်မာဘာသာနဲ့ရေးသားဖွဲ့ဆိုကြတဲ့ တိုင်းရင်းသားစာရေးဆရာတွေ သတင်းသမားတွေ အများအပြားပါဝင်နေတော့ အားလုံး၏ဘုံဘာသာစကားတခုဖြစ်တဲ့ မြန်မာစာကို သုံးစွဲပြီး တိုင်းရင်းသားတွေ၏အကြောင်းအရာတွေကိုလည်း ဖော်ပြထင်ဟပ်နိုင်တာပဲလို့ သဘောထားမိတာလည်း တပိုင်းဖြစ်ပါတယ်။ နောက်တခုကတော့ မိမိတို့ကိုယ်တိုင်က တိုင်းရင်းသားစကားတခုခုက မတတ်မြောက်တော့ တိုင်းရင်းသားဘာ သာစကားနဲ့တင်ဆက်တာကို သီးခြား သီးသန့်အလုပ်တခုလိုမျိုး မိမိတို့မတတ်နိုင်တဲ့ ဝန်လိုမျိုး သတ် မှတ်ခဲ့တာ ဖြစ်ပါတယ်။
သို့သော် တိုင်းရင်းသားဘာသာစကားတွေနဲ့ တင်ဆက်ရတဲ့ မီဒီယာအလုပ်ကို လုပ်ခွင့်ရတဲ့ တနေ့ကို ကျနော်တို့ ရောက်ရှိလာခဲ့ပါတယ်။ ဒါကတော့ ၂၀၂၁ ဖေဖော်ဝါရီဆန်းက စတင်ပြီး နွေဦးတော်လှန်ရေး ပေါ်ပေါက်လာခြင်း ဖြစ်ပါတယ်။ နွေဦးတော်လှန်ရေး၏ တပ်ဦးဖြစ်တဲ့ CRPH နဲ့ NUG အဖွဲ့အစည်းတွေ ပေါ်ပေါက်လာပြီးနောက်မှာ သူတို့ရဲ့ ပြန်ကြားရေး တော်လှန်အသံတခုအဖြစ် Radio NUG ဆိုတဲ့အသံလွှင့်လုပ်ငန်းတခု ၂၀၂၁ ဩဂုတ်လထဲက စပြီး စမ်းသပ်ထူထောင်ကြပါတယ်။ အဲသည်မှာ ကျနော်တို့လည်း အခန်းကဏ္ဍတခုအဖြစ် ပါဝင်ခဲ့ပါ့တတယ်။ မိမိတို့က စာပေနဲ့ သတင်းအလုပ်ဌာနက မူလကမ္မဋ္ဌာန်းဆိုပေမယ့် Radio NUG က အရုပ်အသံဌာန ဖြစ်ပါတယ်။ မိမိတို့ ကျွမ်း ကျင်လိမ္မာခြင်း မရှိပါဘူး။ အဲသည်မှာ Gen Z တွေ မျိုးဆက်သစ်တွေအပြင် မြန်မာ့ရုပ်မြင်သံကြားဌာနက CDM ရဲဘော်တွေနဲ့ လက်တွဲအလုပ်လုပ်ခွင့်ရခြင်း ဖြစ်ပါတယ်။ မိမိတို့ဘက်က သတင်းတွေ မျက်မှောက်အရေးတွေစုဆောင်းပြင်ဆင်ရပြီး CDM ရဲဘော်တွေက ရုပ်သံအစီအစဉ်တွေ ထုတ်လုပ်ပေးရတာ ဖြစ်ပါတယ်။ အခု ဖျက်သိမ်းခဲ့ပြီဖြစ်တဲ့ MoCIT လို့ ခေါ်တဲ့ နည်းပညာ သတင်းအချက်အလက် ဆက်သွယ်ရေးဝန်ကြီးဌာနအောက်မှာ လာရောက်စုစည်းလာကြတဲ့ လုပ်သက်နဲ့ အတွေ့ အကြုံရှိပြီးသား ပြန်ကြားရေး CDM ဝန်ထမ်းများစွာက Radio NUG ဆိုတဲ့ အသံလွှင့်လုပ်ငန်းအပြင် ရုပ်သံကဏ္ဍလေးတွေပါ ထည့်သွင်းပြီး နေ့စဉ်မပြတ် ထုတ်လွှင့်ပေးခဲ့ကြပါတယ်။
နွေဦးတော်လှန်ရေးဆိုတာက ပြည်မကြီးက တော်လှန်ရေးဆိုတာထက် ပြည်ထောင်စုတစုံလုံး၏ တော်လှန်ရေး ဖြစ်တယ်ဆိုတာ မိမိတို့သဘောပေါက်လာကြပါတယ်။ ဖက်ဆစ်စစ်တပ်ကို လက်နက် ကိုင် ခုခံရမယ်၊ တွန်းလှန်ရမယ်ဆိုတာ အားလုံး သဘောတူကြတဲ့အခါ တော်လှန်ရေးဟာ ကျေးလက်ဒေသ ဆိုတာထက် တောတန်း မြေပြန့် တိုင်းရင်းသားဒေသ အနှံ့အပြားကနေ စုစည်း ညီညွတ် ပေါင်းစုတွန်းလှန်ရတယ်ဆိုတာ ရုပ်လုံးပေါ်လာပါတယ်။ မိမိတို့ ပြည်မက မြန်မာစကားပြော၊ မြန်မာစာဖတ်တဲ့တော်လှန်ပြည်သူတွေဟာ တိုင်းရင်းသားဒေသတိုင်းမှာခြေကုပ်ယူပြီး လေ့ကျင့်သင်ကြားပြီး လက် နက်စုဆောင်းပြီး တွန်းလှန်တိုက်ခိုက်ကြရတာ ဖြစ်ပါတယ်။ တိုင်းရင်းသားဒေသအသီးသီးမှာ တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအသီးသီးက မြန်မာပြည်သားပေါင်းစုံကို လက်ခံကြိုဆိုပြီး လက် တွဲ ဝိုင်းရံ ထောက်ခံအားပေးကူကြပါတယ်။ အဲသည်အခါမှာ နွေဦးတော်လှန်ရေး၏တပ်ဦးက CRPH နဲ့ NUG ရဲ့ စတိတ်မီဒီယာလို့ လူထုကသဘောထားကြတဲ့ PVTV တို့ RadioNUG တို့မှာ တိုင်းရင်း သားဘာသာစကားနဲ့ သတင်းထုတ်လွှင့်မှုတွေလုပ်ကြဖို့ လိုအပ်တယ်ဆိုတာ ထင်ရှားလာပါတယ်။
တိုင်းရင်းသားတွေထံ တော်လှန်ရေး၏သတင်းနဲ့ဖြစ်ရပ်တွေ အတားအဆီးမရှိ ရောက်ရှိဖို့၊ အပြန် အလှန်နားလည်မှုတွေတည်ဆောက်ဖို့က အရေးကြီးတဲ့အချက်ဖြစ်သလို၊ ဆက်တလိုက်ရုပ်သံနဲ့ လှိုင်းတိုလေလှိုင်းကနေ သတင်းတွေထုတ်လွှင့်နေနိုင်မှ တော၊တောင်၊ လျိုမြောင်၊ မြေပြန့် လွင်ပြင်က ပြည်သူတွေ ဆီ တိုက်ရိုက်ရောက်ရှိနိုင်မယ်၊ နည်းပညာနဲ့ ဆက်သွယ်ရေးဆိုင်ရာ အဟန့်အတားတွေကို ကျော်လွှားနိုင်မယ်ဆိုတာကို သဘောပေါက်ကြပါတယ်။ သည်အတွက် RadioNUG က CDM ဝန်ထမ်းတွေက အတွေ့အကြုံ၊ အသိပညာတွေကိုပုံအောပြီး ပေးဆပ် ထုတ်လုပ်ကြတာ ဖြစ်ပါတယ်။ ဒါ့အပြင် တော်လှန်နယ်မြေက ဒေသခံတိုင်းရင်းသားအဖွဲ့တွေ၏ ကိုယ်ပိုင်အသံထုတ်လွှင့်မှုတွေကို တပါတည်း ကျနော်တို့၏ RadioNUG ကနေ ထုတ်လွှင့်ပေးနိုင်ခဲ့ပါတယ်။ တသီးပုဂ္ဂလရပ်တည်ကြတဲ့ ချိုချင်းအဖွဲ့၊ ဇိုမီးချင်းအဖွဲ့၊ မတူပီချင်းအဖွဲ့တွေရဲ့ အပတ်စဉ်သတင်းအစီအစဉ်တွေလည်း RadioNUG ရပ်တည်နေတဲ့ ကာလနဲ့အမျှ ထပ်ဆင့်ထုတ်လွှင့်နိုင်ခဲ့ပါတယ်။
စတိတ်မီဒီယာဆိုတဲ့အသုံးအနှုန်းက မူလပြန်ကြားရေးဝန်ကြီးဌာနက ထွက်လာကြတဲ့ CDM ဝန်ထမ်းတွေ၏ အခေါ်အဝေါ် ဖြစ်ပါတယ်။ သူတို့က အစိုးရဆိုတဲ့အသုံးကိုလည်း အများကြီး တန်ဖိုးထားကြတယ်။ အစိုးရဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်နေရတာကိုလည်း အလွန်ဂုဏ်ယူကြတယ်။ ဒါက ကျနော်တို့လို လွတ်လပ်ပြီးအမှီအခိုကင်းတဲ့ မီဒီယာသမားတွေအတွက် ထူးခြားတဲ့ကြားနာမှု ထိတွေ့မှု ဖြစ်ပါတယ်။ လွတ်လပ်တဲ့စာနယ်ဇင်းသမားတွေ၊ စာရေးဆရာတွေလို့ မိမိကိုယ်ကိုယ် သတ်မှတ်ထားသူတွေက ပြည်သူလူထုကို မျက်နှာမူတဲ့ တိုင်းပြည် (အစိုးရလို့ ဆိုချင်ဆို) ကို သစ္စာစောင့်သိတဲ့ CDM ဝန်ထမ်းတွေကို တွေ့ကြုံရတာဟာ အလွန်တန်ဖိုး ရှိတဲ့အတွေ့အကြုံလို့ ဆိုချင်ပါတယ်။ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLDပါတီ အစိုးရလက်အောက်မှာ တာဝန်ထမ်းဆောင်ခဲ့ကြပြီးနောက် နွေဦးတော်လှန်ရေးမှာ CDM လမ်းကို ပြတ်သားစွာ ရွေးချယ်ကြတဲ့ သစ္စာတရား၊ သတ္တိနဲ့ စွန့်လွှတ် စွန့်စား ပေးဆပ်မှု၊ ယုံကြည်ခိုင်မြဲမှုလို့ ဆိုရမှာ ဖြစ်ပါတယ်။
RadioNUG အသံလွှင့်ခဲ့စဉ်က ပြည်သူတွေကိုယ်တိုင်က လှိုင်းတိုကနေ တန်ဖိုးထား နားဆင်ကြတယ်။ အင်တာနက်ကနေ လွှင့်ရင်လည်း အားပေးကြတယ်။ တောကြိုအုံကြားကနေ လေဒီယိုကလေးတွေနဲ့ ကျေးလက်ပြည်သူတွေ တောင်သူလယ်သမားတွေ တိုင်းရင်းသားတွေက နားစွင့်ကြတယ်။ ချင်းပြည်နယ်မှာဆိုရင် ကျနော်တို့က ချင်းဘာသာစကား ၄ မျိုး - ချိုချင်း (မွန်းနဲ့ ဒိုင်ရ်)၊ ဇူမီး၊ မတူပီ တို့ဆိုတော့ ချင်းပြည်သူတွေထဲမှာ ကြိုးစားပမ်းစား ဖမ်းယူသူတွေ ရှိတယ်။ ချင်းဘာသာလည်း နားထောင်တယ်၊ မြန်မာသံကိုလည်း နားထောင်ကြတယ်။ တခါကဆိုရင် ရေဒီယိုလွှင့်ရင် ဖမ်းထားပြီး နောက်တော့ အသံချဲ့စက် လော်စပီကာနဲ့ ရွာထဲ လှည့် ဖွင့်ပေးတယ်တဲ့။ ကရင်ပြည်နယ်ထဲမှာ ဆိုရင် အင်တာနက်တွေ ဖုန်းတွေနဲ့ ဝေးတဲ့ PDF လူငယ်တွေက လှိုင်းတိုလေဒီယိုနဲ့ RadioNUG လွှင့်တာကို နားထောင်ကြတယ်တဲ့။ သည်လိုမျိုးတွေ ပြန်ကြားရတယ်။ ကျနော်တို့လို “အပြင်ကလူတွေ” က အရမ်းကြီး စိတ်မလှုပ်ရှားပေမယ့် CDM ဝန်ထမ်းတွေက သည်လိုမျိုးပြန်ကြားရရင် အများကြီး အားတက်ကြတယ်၊ ဝမ်းသာကြတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့က ပြည်သူ့ဝန်ထမ်းတွေလေ။ ပြည်သူကို အလုပ်အကျွေးပြုရတာကို ဂုဏ်ယူတဲ့သဘော တန်ဖိုးထားတဲ့သဘောပေါ့။
ပြောချင်တာတခုက ကျနော်တို့ဆီက CDM တွေက ပြည်ပစွန့်ခွာတွေ မဟုတ်ဘူး ဆိုတာပါ။ ပြည်တွင်းနဲ့ နယ်စပ်ဒေသတွေမှာ ကုပ်ကပ်နေပြီး ပြန်ကြားရေး တာဝန်ကို ထမ်းဆောင်နေကြတာ ဖြစ်ပါတယ်။ ပြီးတော့ ပြေးလွှား ပုန်းရှောင်နေကြသူတွေမို့ မြို့ပြမှာလည်း ရှိသလို၊ ကျေးလက်တောတောင်ထဲမှာလည်း ပြန့်နှံ့နေကြတာ ဖြစ်ပါတယ်။ တချို့က နယ်စပ်ဖြတ်ကျော်တွေဆိုပေမယ့်လည်း ရိုးရိုးကုပ်ကုပ် ခေါင်းငုံ့ လျို့ဝှက်နေထိုင်ကြသူတွေ ဖြစ်ပါတယ်။ သူတို့တွေထဲက တိုင်းရင်းသားဘာ သာစကားနဲ့ထုတ်လွှင့်ခဲ့သူ တိုင်းရင်းသားCDM တွေကလည်း ညီညာဖျဖျနဲ့ တိုင်းရင်းသားသတင်းအစီအစဉ်တွေကိုတာဝန်ယူခဲ့ကြတာကလည်း အလွန်ဝမ်းမြောက်ဖွယ်ဖြစ်ပါတယ်။ ကျနော်တို့ CDM တွေထဲက ကရင်ဘာသာစကား ၃မျိုး၊ ကချင်၊ ရခိုင်၊ ကရင်နီ ဘာသာတွေလည်း လွှင့်နိုင်ခဲ့တယ်။ သူတို့တွေက စည်းကမ်းတကျ အလုပ်ကို ပျက်ကွက်မှု လုံး၀မရှိ အပတ်စဉ် လွှင့်နိုင်ခဲ့ပါတယ်။
ကျနော်တို့တွေ၏ မီဒီယာအလုပ်ကိုလုပ်ကြတဲ့ သူတို့တွေမှာက ဘာဒရာမာမှ မရှိကြဘူး။ သူတို့ သောကတွေ အမောတွေကို သူတို့က အချင်းချင်း ရယ်မော နောက်ပြောင်ပြီး ဖြေဖျောက်ကြတယ်။ အိမ်သာထဲဝင်ပြီး အသံဖမ်းရတာ၊ စောင်ခြုံပြီး စာဖတ်ရတာ၊ သတင်းဖတ်နေချိန် နောက်ဘက်က ကြက်တွန်သံတွေ၊ နွားတွေ ဝက်တွေအသံတွေ။ တခါတလေ ကောင်းကင်ပေါ်က တိုက်လေယာဉ်တွေ တဝေါဝေါ ပျံသွားတာတွေအောက်မှာ CDM တွေက ကိုယ့်တာဝန်ကျေအောင် လုပ်နေကြတာ ဖြစ်ပါတယ်။ တိုင်းရင်းသားအစီအစဉ်တွေထဲ ၀ ဘာသာ၊ ကိုးကန့် ဘာသာ၊ ပလောင်ဘာသာတို့ လွှင့်ချင်လို့ အချင်းချင်းတွေထဲ လိုက်ရှာကြရတယ်။ နောက်တော့ ၀ ဘာသသာစကားနဲ့ ဖတ်ပေးမယ့် CDM တဦးကို ရတယ်။
အဲသည်မှာ အစိုးရဆိုတဲ့အဓိပ္ပာယ်ထဲမှာ သာမန်အားဖြင့် လူအများစုအကြိုက်မဖြစ်နိုင်ပေမဲ့ လို အပ် ချက်အရ၊ တိုင်းပြည်တခုလုံးအတွက် လုပ်ကိုင်ရတာ ဖြစ်မြောက်အောင် ဖန်တီးယူရတာ၊ အာဏာ စက်နဲ့အသက်သွင်းရတာတွေရှိတယ်ဆိုတာကိုလည်း နားလည်ခွင့်ရတယ်လို့ ဆိုချင်ပါတယ်။ ဝန်ထမ်းတွေ ဆိုတာကလည်း လူကြိုက်မများပေမယ့် အများအကျိုးရှိနိုင်တဲ့ကိစ္စမျိုးကို ကြိုးစားလုပ်ကိုင်ရတယ်ဆိုတာမျိုး ရှိကြတယ်ဆိုတာကိုလည်း မြင်တွေ့ရပါတယ်။ တိုင်းရင်းသားဘာသာစကား အစီ အစဉ်ဟာ အဲသည်ထဲက ကဏ္ဍ တခုဖြစ်ပါတယ်။ ဝါဒဖြန့်ချိရေးပဲဆိုဆို မှိုင်းတိုက်တယ်လို့ ဝေဖန်ချင် ဝေဖန်၊ တိုင်းရင်းသားတွေကို အာရုံပြုဖို့ သူတို့နယ်မြေ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာက တိုင်းပြည်၏ ပေါ်လစီထဲမှာ ထိပ်တန်းနေရာမှာ ရှိဖို့လိုပါတယ်။ အစိုးရဆိုတဲ့အဖွဲ့အစည်းကပဲ ငွေအား လူအား အာဏာစက်အားနဲ့ အကောင်အထည်ဖော်နိုင်တာ ဖြစ်ပါတယ်။ အစိုးရဝန်ထမ်းတွေက ပြည်သူအပေါ် စေတနာထားပြီး ယုံယုံကြည်ကြည်နဲ့ နှစ်မြုတ်လုပ်ကိုင် ပေးဆပ်ကြတာ ဖြစ်ပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေ ပညာရေးဝန်ထမ်းတွေဟာ အဲသည်သဘောထားကို ဖွင့်ဆိုသက်သေပြေနေတဲ့ ဥပမာ ဖြစ်ပါတယ်။ နယ်စွန်နယ်ဖျားအထိသွားပြီး ပြည်သူတာဝန်ထမ်းဆောင်ကြတဲ့ ကျန်းမာရေးဝန်ထမ်း၊ ပညာရေးဝန်ထမ်းတွေတင်သာမက နယ်ပယ်မျိုးစုံက ဝန်ထမ်းတွေ၏ အရေးပါသော အုတ်မြစ် ကဏ္ဍကို ကျနော်တို့ ခြေခြေမြစ်မြစ် သဘောပေါက်လာရတယ် ဆိုနိုင်ပါတယ်။ သည် ဝန်ထမ်းတွေ CDM လုပ်လိုက်တာ တိုင်းပြည်အတွက်ကော အစိုးရအတွက် အလွန်နစ်နာချက် ကြီးမားပါတယ်။ အခု CDM တွေက တော်လှန်ရေးအတွက် ဆက်လက်ရပ်တည် တာဝန်ထမ်းဆောင်နေတာဟာ အလွန် တန်ဖိုးကြီးမားတဲ့ ပေးဆပ်မှုတွေ ဖြစ်တယ်ဆိုတာ စာဖတ်ပရိသတ်ကြီး သိရှိ နားလည်စေချင်လှပါတယ်။
ပြောလက်စ … ၀ ဘာသာစကားနဲ့ ပြန်ကြားရေးအစီအစဉ်ကို ဘယ်သူ့အမိန့်နဲ့ လုပ်ဖြစ်ခဲ့တာလဲ ဆိုတော့ စစ်ထွက်လွှတ်တော်အမတ်တဦး၏ တိုက်တွန်းချက်လို့ ပြောပြကြပါတယ်။ စစ်တပ်က အပစ်ရပ်ယူထားတဲ့ နယ်မြေတွေက တိုင်းရင်းသားဘာသာစကားတွေနဲ့ အစီအစဉ်လုပ်ကြဖို့ ပြန်ကြားရေးကို စေခိုင်းခဲ့ပုံပါပဲ။ သည်လိုနဲ့ ၀ ဘာသာစကား အစီအစဉ် ဖြစ်လာတယ်။ ၀ တိုင်းရင်းသား ဝန်ထမ်းတွေ ရှိလာတယ်။ ပြီးတော့ သူတို့က CDM ဝန်ထမ်းတွေ ဖြစ်လာကြပါတယ်။ တိုင်းရင်းသားတွေဟာ ကျနော်တို့ မြန်မာတွေနဲ့ အတူတူ ခံစားနားလည်မှု ရင်ခုန်သံ တူညီမှု၊ လွတ်လပ်မှုနဲ့ တရားမျှတမှုကို ချစ်ခင်မှုတွေ ထပ်တူရှိတယ်ဆိုတာ ပြောချင်တာပါ။ အာဏာ ဩဇာ လက်နက်ကိုင်ထားတဲ့ တိုင်း ရင်းသားခေါင်းဆောင်ပဲဖြစ်ဖြစ် မြန်မာစစ်အုပ်စုတွေပဲ ဖြစ်ဖြစ်ဟာ သူတို့ဘာသာစကား ယဉ်ကျေးမှုတွေကတဆင့် သူတို့၏ အကျိုးစီးပွားအတွက် ပြည်သူကို လွှမ်းမိုးချုပ်ကိုင်ထားဖို့ အမြဲကြိုးစားနေမှာပဲ။ သည်တော့ ကျနော်တို့ကလည်း မြန်မာတွေတင်မက တိုင်းရင်းသားတွေ၏ ဘာသာစကားကို လက်ကိုင်ထားပြီး အမှန်တရားကို ဖြန့်ချိဖို့ လိုတာပဲ ဆိုတာ ထင်ရှားပါတယ်။
သည်လိုနဲ့ RadioNUG ဆိုတာ နေထွက်ချိန်ရှိသလို နေဝင်ချိန်လည်း ရောက်လာခဲ့ပါတယ်။
(ဆက်လက် ဖော်ပြပါမည်)
www.moemaka.com
-
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar
