Breaking News

မောင်လူမွှေး - ဒဏ်ရာများနှင့် တောင်တန်း (၆)

မောင်လူမွှေး - ဒဏ်ရာများနှင့် တောင်တန်း (၆)

မိုးမခ ၊ ဩဂုတ် ၆ ၊ ၂၀၂၆


အငွေ့ပြန်သွားသည့် စစ်ရှောင်တွေ၏ မျှော်လင့်ခြင်းများ

၂၀၂၅ ဧပြီ ၁၁ ရက်နေ့တွင် ကလေးဒေသခံတော်လှန်ရေးတပ်ဖွဲ့၊ CDF - KKG အပါအဝင် ချင်းတော်လှန်ရေးတပ်ဖွဲ့တွေက ဂန့်ဂေါ-ကလေး လမ်းမကြီးပေါ်က ကလေးမြို့နယ်အဆုံး ကြံသာကျေးရွာကို သိမ်းပိုက်ခဲ့သည်။ ကြံသာကျေးရွာ၏ တောင်ဘက်သုံးမိုင်ဝန်းကျင်အကွာမှာ ယောဒေသ၊ ဂန့်ဂေါမြို့နယ်က နာမည်ကြီး ပျူစောထီးကျေးရွာတွေ ဖြစ်သည့် ဟံသာဝတီ၊ ကုက္ကား၊ မြောက်ခင်ရန်းရွာတွေ ရှိသည်။

မကွေးတိုင်း၊ ယောဒေသ၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းက ဟံသာဝတီ၊ ကုက္ကား၊ မြောက်ခင်ရန်းရွာသုံးရွာသည် ပျူစောထီးရွာချင်းတူသော်လည်း ပျူရွာဖြစ်ရခြင်း နောက်ခံအကြောင်းတွေ မတူပါ။ ဟံသာဝတီကျေးရွာသည် NLD ကို ထောက်ခံမှုအားကောင်းသည့် ကျေးရွာကြီး ဖြစ်သည်။ ရွာတွင် စစ်တပ်ကို ထောက်ခံသည့် မဆလ ခေတ်လက်ကျန် မျိုးဆက်တွေ ရှိနေခြင်း၊ ရဲစခန်းရှိနေခြင်း၊ စစ်တပ်ကို ထောက်ခံသော ကုက္ကား၊ မြောက်ခင်ရန်းတို့နှင့် တဆက်တည်းရှိနေခြင်းကြောင့် စစ်တပ်က တပ်ထိုင်ကာ ပျူစောထီးရွာ ဖြစ်သွားရခြင်းဖြစ်ပါသည်။ အဆိုပါအကြောင်းအချက်များကြောင့် ပျူစောထီးရွာဖြစ်သွားသော ဟံသာဝတီမှ ပြည်သူအများစုသည် ဘေးလွတ်ရာကို ရှောင်ပြီး စစ်ရှောင်များအဖြစ် ဘဝကို ဆင်းရဲပင်ပန်းစွာ ဖြတ်သန်းနေကြပါသည်။

၂၀၂၅ ခုနှစ်၊ ဧပြီလတွင် ကလေးနယ်အဆုံး ကြံသာကျေးရွာကို သိမ်းပြီးနောက် ဟံသာဝတီနဲ့ ကြံသာကျေးရွာကြားတွင် တော်လှန်ရေးတပ်ဖွဲ့တွေနှင့် စစ်တပ်တို့ စစ်ဆိုင်ထားကြပြီး ပစ်ခတ်မှုတွေလည်း နေ့စဉ်နဲ့အမျှ ဖြစ်ပွားနေပါသည်။ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ဟံသာဝတီကို ဝင်ရောက်တိုက်ခိုက်တော့မည်ဟု သတင်းများလည်း ထွက်ပေါ်နေပြီး ဟံသာဝတီကျေးရွာက စစ်ဘေးရှောင်ပြည်သူတွေ အားတက်နေကြပါသည်။

မိမိတို့ရွာ မြေကျန်လျှင် တော်ပြီဟု ဆိုကာ ဂန့်ဂေါမြောက်ပိုင်းတွင် စစ်ဘေးရှောင်နေသော ဟံသာဝတီကျေးရွာမှ စစ်ဘေးရှောင်များသည် ကလေးမြို့နယ်၊ ကြံသာရွာဘက်ကနေ စစ်ဆိုင်ထားသည့် တော်လှန်ရေးတပ်ဖွဲ့တွေကို သွားရောက်ကူညီကြပါသည်။ တိုက်ပွဲတွင် ပါဝင်သည့် သူတို့၏ ဟံသာဝတီ ပကဖ တပ်ဖွဲ့ကိုလည်း မိုးကာတွေ ရောင်းပြီး ကျည်ဖိုးထည့်သူက ထည့်ကြသည်။ စစ်ရှောင်စခန်းက အမျိုးသားတွေ ကလေးနယ်ဘက် ရှေ့တန်းထိ အလှည့်ကျသွားပြီး ထမင်းချက် ကူကြသည်။ ဂန့်ဂေါနယ်မြောက်ပိုင်းကနေ ကလေးနယ်ဘက်ကို ရောက်အောင် ချင်းတောင်ဘက်ကနေ ဆိုင်ကယ်နဲ့ကွင်းပြီး သွားရသည်။ စစ်ရှောင်စခန်းက ဆိုင်ကယ်အစုတ်တွေနဲ့ မရောက်ရောက်အောင် သွားကြသည်။ သူတို့ အားတက်နေတာကို မောင်လူမွှေး မြင်ရသည်။ သူတို့နှင့်အတူ အားတက်ရသော်လည်း သူတို့အစား မောဟိုက်မှုကိုပါ ခံစားခဲ့ရသည်။ မနိုင်ဝန်ကို ထမ်းနေသည့် သူတို့ကို မြင်တွေ့ခဲ့ရပါသည်။

ဟံသာဝတီကိုတိုက်တော့မည်ဟု အားတက်နေဆဲမှာပင် မမျှော်လင့်သော အဖြစ်ပျက်တစ်ခု ချင်းတောင်တွင် ဖြစ်ပွားခဲ့သည်။ ချင်းပြည်မှာ ချင်းပြည်ကောင်စီ (Chinland Council) နှင့် ချင်းညီနောင်အဖွဲ့ (Chin Brotherhood) ဆိုပြီး အဓိကတော်လှန်ရေး အင်အားစုကြီးနှစ်ခုရှိသည်။ ၂၀၂၅ ဇူလိုင် ၅ ရက်နေ့တွင် ချင်းညီနောင်အဖွဲ့ဝင် CNDF က ချင်းပြည်ကောင်စီအဖွဲ့ဝင် CDF - Hualngoram (ဟွာငိုးရမ်း) ထိန်းချုပ်ထားသည့် ရိဒ်ခေါဒါရ်မြို့ကို ဝင်ပြီး သိမ်းပါသည်။

CNDF နဲ့ CDF - Hualngoram (ဟွာငိုးရမ်း) တို့ ဖလမ်းမြို့နယ်မှာ နယ်မြေနှင့် ပတ်သက်ပြီး အငြင်းပွားရာမှ အခုလိုကြီးမားသည့် ပြဿနာကြီး ပေါ်ပေါက်လာခြင်းဖြစ်သည်။ ချင်းညီနောင် အဖွဲ့ဝင် CNDF က ချင်းပြည်ကောင်စီအဖွဲ့ဝင် CDF - Hualngoram ထိန်းချုပ်ထားသည့်မြို့ကို ဝင်သိမ်းသည့်အတွက် အဆိုပါပြဿနာကို ဖြေရှင်းနိုင်ဖို့ ကလေးနယ်မြောက်ပိုင်း ကြံသာဘက်ကို ရောက်နေသည့် ချင်းပြည်ကောင်စီဝင် တပ်ဖွဲ့က တပ်ဖွဲ့ဝင်အများစု ချင်းတောင်ကို ပြန်တက်သွားကြရသည်။

ဇူလိုင်လဆန်းပိုင်းတွင် ချင်းပြည်မြောက်ပိုင်းမှာ အခြေအနေတွေ ရှုပ်ထွေးသွားသည်။ ချင်းပြည်ကောင်စီထိန်းချုပ်ထားသည့် ရိဒ်ခေါဒါရ်မြို့ကို CNDF ဝင်တိုက်တော့ မြို့ခံတွေသည် အိန္ဒိယနိုင်ငံဘက်ကို ထွက်ပြေးရသည်။ ချင်းပြည်ကောင်စီအဖွဲ့ဝင် CNA ကလည်း ဖလမ်းမြို့နယ်က CNDF ဌာနချုပ်ကို ဝင်ရောက်ခဲ့သလို CNDF ထိန်းချုပ်ထားသည့် ဖလမ်းမြို့ကိုလည်း CNA ဦးဆောင်သည့် ချင်းပြည်ကောင်စီတပ်တွေ ဝင်ရောက်ခဲ့သည်။ ဇူလိုင်လအတွင်းမှာပင် ပြဿနာတွေကို ဖြေရှင်းပြီး CNDF က ရိဒ်ခေါဒါရ်မှ ဆုတ်ခွာပြီး CNA ကလည်း ဖလမ်းမှဆုတ်ခွာသည်။ ပိုနေမြဲ၊ ကြားနေမြဲပင် နေရာပြန်ယူကြသည်။

ကလေးနယ်တောင်ပိုင်း ကြံသာကျေးရွာကနေ ဟံသာဝတီရွာဘက်ကို ဆက်လက်ထိုးစစ်ဆင်မည့် အသံတွေကိုတော့ မကြားရတော့ပါ။ မိမိတို့ရွာကို ပြန်ရတော့မည်ဟု အားတက်မျှော်လင့်နေရှာသော ဟံသာဝတီကျေးရွာက စစ်ရှောင်ပြည်သူတွေသည် လေအိတ်အပေါက်ပေါက်သွားသလို အားအင်တွေ လျော့သွားကြသည်ကို တွေ့ခဲ့ရသည်။ သူတို့၏ အိမ်ပြန်နိုင်ရေး မျှော်လင့်ချက်များသည် တောင်ပေါ်တက်ပြီး အငွေ့ပြန်သွားခဲ့ပြီ ဖြစ်ပါသည်။

သည်အချိန်က မောင်လူမွှေးမှာ ဟံသာဝတီကျေးရွာက စစ်ရှောင်တွေကို ပညာရေးကူညီပေးနေခိုက်ဖြစ်သည်။ ကျောင်းဆောက်ဖို့၊ ပညာရေးလည်ပတ်ဖို့ကို မိုးမခမီဒီယာမှ ဆရာမောင်ရစ်နှင့် ဆရာ့မိတ်ဆွေတွေကလည်း ကူညီပေးသည်။ မောင်လူမွှေး၏ ရေးဖော်ရေးဖက်တွေနှင့် မိတ်ဆွေဆရာဝန်တစ်ဦးဆီကလည်း အကူအညီရခဲ့သည်။ ဟံသာဝတီရွာ စစ်ဆင်ရေးအသံတိတ်ပြီးနောက် စစ်ရှောင်စခန်းမှာ အေးစက်သွားသည်။ ပညာရေး၊ စခန်းတိုးတက်ရေးတွေ စိတ်မဝင်စားနိုင်အောင် ဖြစ်ရသည်။ မောင်လူမွှေးလည်း မောင်လူမွှေး၏ ညီတော်မောင် CDM ကျောင်းဆရာ တော်လှန်ရေးခေါင်းဆောင် ရဲဘော်တာယာကို ခေါ်ပြီး စစ်ရှောင်အချို့ကို စစ်တို့၏သဘောကို ရှင်းပြ၊ အားပေးတာမျိုး လုပ်ခိုင်းတော့ အဆင်ပြေပါသည်။ သို့သော် မျှော်လင့်ချက်တွေ မချိတ်ဆက်နိုင်ခဲ့သည့်အတွက် ရောင်နီကိုကား ရောက်မလာခဲ့ပါ။




Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar