Breaking News

လင်းလက်နွေဦး - မျက်လှည့်ပြလိုက်သလို

The New York Times

မျက်လှည့်ပြလိုက်သလို
လင်းလက်နွေဦး
(မိုးမခ) မတ် ၁၀၊ ၂၀၂၂
 

‘မျက်လှည့်ပြလိုက်သလိုပဲနော်’၊ သားဖြစ်သူရဲ့စကားကို ယူသုံးပါရစေ။

ဒီနေ့ညနေမှာပဲ ဇနီးဖြစ်သူက ထင်းမီးဖိုအသစ်ကြီးနဲ့ချက်ပြုတ်နေပါတယ်။ ကျနော်က ‘ဒို့တော့ အရင်ရွာလေးကို ပြန်ရောက်တော့မယ်’လို့ စကားထာဖွတ်လိုက်ပါတယ်။ ဒီမရောက်ခင်၊ အရင့်အရင်တာဝန်ကျခဲ့တဲ့ ရွာလေးက လမ်းမရှိ၊ လျှပ်စစ်မီးမရှိ။ ဖုန်းအားသွင်းလိုရင် ဘုန်းကြီးကျောင်း ပြေးရပါတယ်။ ဘုန်းကြီးက ဆိုလာပြားများအရှင်၊ ကားဘတ္ထရီသုံးလေးလုံးနဲ့ ဖူးပဲပေါ့။ ဒါကြောင့်ပဲ ဆရာတော်ခမျာ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ပျံတော်မူရရှာတာထင်ပါရဲ့။ ဘုန်းကြီးက စီအိုစီသမား၊ ကျနော်က ကဗျာရူးစာရူးဆိုတော့ နားချိန်ပိုရတာပေါ့။ အဲ ဆရာတော်ကတော့ အားသွင်းရင်းတန်းလန်းတောင် တိုက်ပွဲဝင်နေတော့၊ တိုက်ပွဲကျသွားရှာပေါ့။

ဒီလိုတမ်းတမ်းတတ ပြောလိုက်တော့၊ ‘ခုပဲ ရောက်နေပါပြီတော်’တဲ့။
‘အေး ဟုတ်သားဟ အခုလည်း ထင်းမီးနဲ့ချက်နေရပြီပဲ’။

‘အဲတုန်းက ပါဝါဘန့်နဲ့ ဖွင့်ရတဲ့ ပန်ကာသေးသေးလေး ရေထည့်ရတယ်နော်’။ အဲရွာ မရောက်ဖူးတဲ့ သမီးကြီးက တအံ့တဩ ဖြစ်နေပါတယ်။ ‘ဘယ်လိုလေးလဲ အဖေ’။
‘တရုတ်ထုတ်လေး၊ အဲလ်ကိုလာလို ပုံစံလေးပဲ၊ ရေမှုန်လေးတွေလည်း ထွက်တယ်’။
‘ဟုတ်လား၊ ခု ရှိသေးလား’။
‘ဘယ်ရှိတော့မလဲ၊ အဖေတို့ ပြောင်းရတော့ ရွာက လူတယောက်ကို လက်ဆောင်ပေးခဲ့တာ’။
သား ဖြစ်သူက ‘အဲဒါဆို အခုပြန်ဝယ်ရတော့မှာပေါ့’။
‘မဝယ်နိုင်ပါဘူးကွာ၊ မင်းတို့ဟာက တယောက်တခုနှုန်းဆို အများကြီးကျမှာကွ’။

အရင်တုန်းက လိုတယ်ထင်သမျှ ဝယ်ခဲ့၊ ဝယ်နိုင်ခဲ့ပါတယ်။ ခုတော့ စစ်ကောင်စီလက်ထက် အစစအရာရာ ရှားနေပြီမဟုတ်လား။ ဒေးဗစ်ကိုပါဖီးလ်ကမှ ကတ္တီပါစောင်ကြီး အရင်ဖုံးနေရအုံးမယ်။ စကစကတော့ ‘မျက်တောင်မခတ်နဲ့ အသက်မရှူနဲ့…ဟချလောင်း’လို့မအော်ရဘဲ အားလုံးပြောင်းလဲသွားတယ်နော်။

ကိုဗစ်ကို နယူးနော်မယ်နဲ့ယှဉ်တွဲနေထိုင်ပြီး ကျောင်းတွေပြန်ဖွင့်လာမယ်။ သမီးနဲ့သားလေးကို တကျောင်းထဲအတူသင်နိုင်အောင် စီမံကိန်းချထားတယ်။ နှစ်ထပ်အိမ်လေးဆိုတော့ အဖော်လည်းရ၊ ဈေးဖိုးလည်းရအောင် ကျောင်းသူတွေ ဆရာမတွေကို အိမ်တခြမ်းငှားထားမယ်ပေါ့။ ကျနော်ကတော့ တာဝန်ကျရွာလေးကနေ ဇာတိရွာကို စနေ၊ တနင်္ဂနွေမှာ ပြန်လာမယ်၊ တစ်ပတ်စာ ရိက္ခာခြောက်တွေလာသယ်မယ်။ အမျိုးသမီးကတော့ ဈေးရောင်းမယ်။ ငွေ ကြေးအခြေအနေကောင်းတဲ့တနေ့၊ ကျနော် အလုပ်ကထွက်မယ်ပေါ့လေ။ ခုတော့ ‘မျက်လှည့်ပြလိုက်သလိုပဲနော်’။

တနေ့က လိုင်းပေါ်မှာ တွေ့လိုက်ရတယ်၊ ၂၀၂၁ မတ်လ (၇)နဲ့ ၂၀၂၂ မတ်လ (၇)နေ့ မြန်မာနိုင်ငံဆီဈေးနှုန်းတွေကို ယှဉ်ပြထားပါတယ်။ တစ်လီတာကို မြန်မာငွေငါးရာကျော်နဲ့ အခုနှစ်ထောင်ကျော်ဖြစ်နေတာကိုပေါ့။ လေးငါးဆ ကွာသွားပါတယ်။ တော်သေးတယ်၊ ‘ကိုးဆယ်ဆသာလိမ့်မယ်’ မဟုတ်လို့။ တရိပ်ရိပ်နဲ့တက်နေတာချည်းပါပဲ။ ကိုဗစ်ကပ်တွေ တလှိုင်းပြီးတလှိုင်းရိုက်တော့ ဆေးဈေးတွေက လှိုင်းအရိုက်မခံရအောင် အထက်ကိုပဲတက်နေတယ်တဲ့။ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဟိုလမ်းကြောင်းပိတ်၊ ဒီလမ်းကြောင်း မပွင့်ဆိုတော့ နိုင်ငံခြားကဝင်သမျှတွေဟာ အကုန်ဈေးတတ်တယ်လို့ ဆိုပါတယ်။

ကိုယ့်ကောင်ကလည်း ကံကောင်းတယ်လို့ဆိုရမလားပဲ၊ အာဏာသိမ်းပြီးကတည်းက ပြည်သူတွေက ဆန္ဒပြ၊ နောက် ပီဒီအက်ဖ်တွေက ခုခံတိုက်ခိုက်၊ အန်ယူဂျီကလည်း တွယ်၊ နောက် တိုင်းရင်းသားတွေကလည်း တဂျိန်းဂျိန်းဆော်၊ နိုင်ငံတကာကလည်း ဖိအားပေးဆိုတော့ကား၊ ထမင်းကြမ်းလေးတောင် ယပ်ခတ် စားနိုင်မှာမဟုတ်ဘူး။ ခု ဟုတ်ကြောင်းမဟုတ်ကြောင်းပေါ့လေ၊ အရိုးကင်ဆာကြီးစွဲကပ်ခံစားနေသတဲ့။ ငါးတကာ ယိုတဲ့ချီးတွေ စုနေတဲ့ ပုစွန်ခေါင်းပါပဲ။ အာဏာရှင်အဆက်ဆက်ရိုက်သွင်းထားခဲ့တဲ့ အတ္တာနုဒိဋ္ဌိနဲ့ အထင်သေးအမြင်သေးခံရတော့ ခေါင်းထောင်လာတဲ့ အတ္တနောမတိပေါင်းမိပြီး လှည်းကျိုးကြီးကို ဝင်ထမ်းမိသွားတယ် ထင်တာပါပဲ။

ဒါဆို ဘာကြောင့် ခုထိ သက်ဆိုးရှည်နေတာလဲလို့ မေးစရာရှိပါတယ်။

ကျနော်လည်း မေးခဲ့ဖူးတယ်။ ကျနော်တို့ရွာတပေါင်းပွဲကျင်းပရင် လက်ဝှေ့ပွဲထည့်လေ့ရှိပါတယ်။ အရင် ရွာသူကြီးတယောက်က သိုင်းဆရာကြီးဗျ။ ဒီတော့ လက်ဝှေ့ရေးတွေ ဘာတွေစိတ်ဝင်စားတာပေါ့။ လက်ဝှေ့ပွဲက ဟန်ရေးပြထိုးသတ်တာလည်းရှိသလို စိန်ခေါ်ပွဲလည်း ရှိတယ်။ နိုင်ရင် တစ်ရာ၊ ရှုံးရင် ငါးဆယ်ဆိုတာမျိုးပေါ့။ စိန်ခေါ်တာကလည်း လက်ဝှေ့အဖွဲ့ထဲက လူက စိန်ခေါ်တယ်၊ ထိုးရဲတဲ့ကောင် တက်ထိုးပေါ့။ ကျနော်တို့ကလေးတွေ ဒီအတိုင်း ဝင်ကြည့်လို့ရပါတယ်။ အဲဒီမှာ ဗိန်းဗောင်းသံနဲ့အတူ လက်ဝှေ့ရေးပြနေတဲ့ လူကြီး၊ ကြွက်သား အမြှောင်းမြှောင်းနဲ့သွေးကြွစရာကြီး။ ကျနော်တို့ရွာကလည်း မခေဘူးလေ၊ အနောင်ခွင်မှာ နာမည်တလုံးနဲ့နေတဲ့ရွာ။ ရွာသားတယောက် သိုင်းပညာလေးမတောက်တခေါက်နဲ့တက်ထိုးတာ၊ နှစ်ချီလောက်နဲ့မှောက်သွားတယ်။

အဲနောက် ‘ဇ’ရှိတဲ့သူတွေ မေးကွဲ၊ နဖူးရောင်နဲ့ ငွေငါးဆယ်ပဲ နိုင်လာကြတယ်။ ဒါကိုမကျေနိုင်တော့ ရွာသားတယောက်ထင်တာပါပဲ၊ တက်စိန်ခေါ်တာ။ လက်ဝှေ့အဖွဲ့ဝင်တွေ တယောက်ပြီး တယောက်ဆင်းပြေးကုန်တာ။ အဲရွာသားကလည်း မူးပြဲပြီး လက်ခမောင်း တဖြန်းဖြန်းနဲ့။ ထိုးရမယ့်ကောင်က မရှိ၊ ဖြစ်နေတာ။ အဲတုန်းက ကျနော်တို့လည်း ‘ဒို့ရွာသားကွ’ဆိုပြီး ဂုဏ်ယူနေတာပေါ့။ သူကြီးအိမ်နဲ့ ကျနော့်အိမ်က နီးနီးလေး။ သူက ညနေတိုင်း သိုင်း ကစားတယ်။ တညနေကျ သူ့နားသွားပြီး ‘ဘကြီး တပေါင်းပွဲတုန်းက ဘကြီးခေါ်လာတဲ့လက်ဝှေ့သမားတွေ အရှုံးကြီးရှုံးကုန်တာနော’လို့ သွားစလိုက်မိတယ်။ ဘကြီးက ခွက်ထိုးခွက်လှန် ရယ်ပြီး၊ ‘မင်းတို့ကောင်ကြီးက ဘုမသိ ဘမသိ တက်ရမ်းတာကိုး၊ တဘက်လူက ဘယ်ထိုးချင်မလဲ၊ အကွက်မရှိ ဘာမရှိလုပ်ချင်သလို လုပ်မှာလေ’တဲ့။

ခုလည်း ကိုယ့်ကောင်ကြီးက ဆိုက်ဝါးဆိုလား ဖြတ်လေးဖြတ်ဆိုလား လျှပ်စစ်မီးတွေ ဖြတ်ချင်သလို ဖြတ်၊ ဘဏ်ငွေတွေကို ကြပ်၊ ထကြွတဲ့ဒေသတွေဆို ရွာလုံးကျွတ်မီးတိုက်၊ အရှင်လတ်လတ် မီးရှို့၊ မုဒိမ်းကျင့်၊ ကလေးတွေအရွယ်အိုတွေပါ မကျန်သတ်။ ဖြစ်ချင်တိုင်း ဖြစ်နေတော့တာပဲ။

သူငယ်ချင်းတယောက်ပြောတာကိုပဲ သွားသတိရမိတယ်။ ‘ငါက လူညစ်ပတ် ဖြစ်ချင်တာ’တဲ့။ လူညစ်ပတ်တွေက အသက်ရှည်တယ်တဲ့၊ သက်ဆိုးရှည်တာပဲရှိတယ်တဲ့လေ။ ဒါကြောင့်မို့ပါဗျာ။

ဒါပေမယ့် တချက်ပြီး တချက် အခုတ်ခံရတဲ့ ထန်းပင်လိုပါပဲ။ နောက်ဆုံးတချက်အခုတ်ခံရပြီးရင် မြေကြီးပေါ် ဗုန်းဗုန်းလဲကျသွားမှာပါ။ မိုးထိရောက်အောင် ထိုးတက်ချင်နေတဲ့အပင်ပဲဖြစ်ဖြစ်၊  နောက်ဆုံးဓားချက်ရောက်ရင် လဲကျရမှာပါပဲ။ ဓားမတိုနဲ့ပဲ ခုတ်ခုတ်ပေါ့။

မျက်လှည့်ပြလိုက်သလိုပါပဲ။

လင်းလက်နွေဦး
၉.၃.၂၀၂၂ ည ၁၀နာရီ ၀၅မိနစ်။
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar