ကိုအောင်မှိုင်း - အချစ်တေး
ကိုအောင်မှိုင်း - အချစ်တေး
(မိုးမခ) မတ် ၉၊ ၂၀၂၂
တေးရေးဆရာ မဟုတ်ပေမဲ့
ချစ်ခင်မိသူတွေအတွက်
တေးတပုဒ်တော့ ရေးချင်တယ်
ကိုကေဇဝင်းရေ ရင်ထဲရှိသမျှပေ့ါ။
အုတ်ဂူတွေကို ဖြိုလို့သာ
အာဇာနည်တွေ ဆုံးရှုံးရမယ်ဆိုရင်
သူရဲကောင်းဆိုတဲ့ သစ္စာတရားဟာ
ကမ္ဘာမှာ ဘယ်ရှိတော့မှာလဲဗျာ။
ဓားရဲ့တရားဆိုတာ ဝင့်ရုံနဲ့မရ
ရှေ့တိုးပြီး ခုတ်မှရမယ်ဆိုတာ
နွေဦးတော်လှန်ရေးအတွက်
လမ်းညွှန်တပုဒ် ဖြစ်ခဲ့ပါပြီ။
ခင်ဗျားတို့နဲ့ကျနော် ကွဲလွဲခဲ့လည်း
ခင်ဗျားတို့အတွက်
ကျနော် အသက်ပေးမှာပါဆိုတဲ့
ခင်ဗျားရဲ့ခံတပ်ကတော့
နွေဦးရဲ့သရုပ်သကန် စစ်စစ်ပါပဲ။
သူတို့က ခေါင်းကိုပစ်တယ်
တော်လှန်ရေးက နှလုံးသားမှာရှိတာ
သူတို့မသိကြဘူးဆိုတာ တကယ်ဗျ
ကိုခက်သီရေ သူတို့တကယ်မသိကြဘူး
သူတို့ သိလိုက်ကြတဲ့အချိန်မှတော့
ကျနော်တို့က နိုင်ငံတဝက် သိမ်းပြီးသွားခဲ့ပြီ။
ဖောက်ပြန်ရေးသမားတွေရဲ့
ယုတ်မာရက်စက်မှုတွေ
သူရဲဘောကြောင်မှုတွေဟာ
ဆန့်တန်းပစ်လိုက်တဲ့
လက်ရုန်းတွေအောက်မှာ
ပြားပြားမှောက်စေရမယ်ဆိုတာ
ပြင်းပြတဲ့သံဓိဌာန်မဟုတ်လား။
ဧရာဝတီပေါ် သွန်ချလိုက်တဲ့
မျက်ရည်စက်ပေါင်းများစွာဟာ
ပုန်ကန်သူတွေဖြစ်လာတဲ့အခါ
ပြည်သူတွေကိုယ်တိုင်ပါ
တော်လှန်မြစ်ကြီးတစင်းအဖြစ်
အတူတကွ စီးဆင်းခဲ့ကြပါတယ်။
ဧရာဝတီလင်းပိုင်တွေတောင်
အနီရောင်တွေအဖြစ်ပြောင်းလို့
တော်လှန်လင်းပိုင်တွေဖြစ်ကုန်ကြပေါ့။
စစ်ပြေးအတွေးအခေါ်ဟာ
ရန်သူကို အထင်ကြီးလွန်းလို့ဆိုတာ
ငါးသလောက်တကောင်က ရှင်းပြနေတယ်။
သွေးကြွေးမှာဆွေးနွေးစရာမရှိလို့
စွန်တကောင်က ပြောလိုက်တော့
ငါးတွေအားလုံး ရေပြင်ပေါ်ခုန်တက်
လက်သုံးချောင်းထောင်ကြတယ်။
ပင်လယ်ဝမှာတော့
ငရဲမင်းက ပန်းပုဆရာတွေကို
လက်ထိပ်ကိုင်စောင့်နေလေရဲ့။
နွေဦးတော်လှန်ရေးကတော့
ရှေ့ကိုဆက်လို့ ချီတက်နေပြီ
အချစ်တေးတွေ တစုတစည်းသီဆိုကြပါစို့။
ကိုအောင်မှိုင်း
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar