Breaking News

သန့်ဇော် (သန်လျင်) - ပြောလို့ရတဲ့အချိန် မုချရောက်လာပါလိမ့်မယ်

သန့်ဇော် (သန်လျင်) - ပြောလို့ရတဲ့အချိန် မုချရောက်လာပါလိမ့်မယ်
(မိုးမခ) မတ် ၁၀၊ ၂၀၂၂

ကျနော်တို့ခေတ် ကျနော်တို့အသိုင်းအဝိုင်းမှာ နိုင်ငံရေးအရ ပြောတာ ဆိုတာကအစ စာရေးတာအဆုံး စိတ်ထဲရှိတာတွေ ရင်ထဲခံစားရတာတွေကို ပြောဖို့ ဆိုဖို့ ရေးသားဖို့ဆိုတာ တော်တော်လေးကို သတိထား ဆင်ခြင်ရပါတယ် (ပွဲမပြီးသေးလို့ပါ)။ မြန်မာ့အရေးက ဘာလဲ ဘယ်လဲဆိုတာ အားလုံးသိပြီးဖြစ်လို့ ကိုယ်ကပြောလိုက်တယ် ရေးလိုက်တယ်ဆိုရင် အဲဒီအထဲမှာ တာဝန်ယူမှု တာဝန်ခံမှုဆိုတာ အော်တိုမက်တစ် ပါသွားပါ‌တော့တယ်။ 

ဒါကြောင့် ကိုယ်က စာရေးတော့မယ်ဆိုရင် ... အခုအနေအထားမှာဆိုရင် အခုတော်လှန်ရေးကို ဘယ်လောက်ထိ အကျိုးရှိနိုင်မလဲဆိုတာထက် အကျိုးမဲ့ဖြစ်မသွားဖို့ အကျိုးယုတ်မသွားဖို့ကို အထူးသတိထားဂရိုစိုက်ရပါတယ်။ ပိုပြီးဂရုစိုက်သတိထားရမှာက နိုင်ငံရေးသမားတွေမှာ တော်လှန်ရေးသမားတွေမှာ အခြေအနေအရ လျှို့ဝှက်ချက်ဆိုတာတွေ ရှိနေလို့ပဲဖြစ်ပါတယ်။ ကျနော်တို့ကလည်း နားလည်ဖို့လိုပါတယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့တိုင်းပြည်ဟာ ဒီမိုကရေစီလမ်းကြောင်းကို သွားနေတယ်ဆိုပေမယ့် ဒီမိုကရေစီလုံးဝမရှိသေးလို့ပဲ ဖြစ်ပါတယ်။

 အကယ်၍ သူတို့လုပ်နေတဲ့ လုပ်ငန်းစဉ်တွေ၊ နောင်လုပ်မယ့်အစီစဉ်တွေရဲ့ တချို့အစိတ်အပိုင်းတွေကို ပြောပြလိုက်လို့ ချပြလိုက်လို့ တစ်ဖက်ရန်သူကသိရင် တန်ပြန်လာနိုင်တာ သေချာတယ်ဆိုတာ ... အားလုံးသိပြီး ဖြစ်ပါတယ်။ 

အဲဒီမှာ နိုင်ငံရေးသမားတွေ တော်လှန်ရေးသမားတွေ အခံရခက်တဲ့၊ နောက် .. လူတိုင်းကိုရှင်းပြလို့မရတဲ့ စကားတွေရှိပါတယ်။ အဲဒါကတော့ “မင်းတို့က ဒီမိုကရေစီကိုလုပ်နေပါတယ်ဆိုပြီး ပွင့်လင်းမှုမရှိဘူး၊ မရိုးသားဘူး” ဆိုတဲ့ အခံရခက်တဲ့စကားလုံးတွေပဲ ဖြစ်ပါတယ်။ အခံရခက်တယ်ဆိုပေမယ့် နိုင်ငံရေးသမားဖြစ်တဲ့အခါ ထုသားပေသားရနေပြီဆိုတော့လည်း ခံရတာပါပဲ။ အဓိက တိုင်းပြည်အနာဂတ်အတွက် လုပ်နေကြရတော့ အဲဒီလောက်ကတော့...။

ဘယ်နိုင်ငံရေးသမားတွေက ဘာတွေလုပ်နေတယ်၊ ဘယ်နိုင်ငံရေးအဖွဲ့အစည်းတွေက ဘာတွေလုပ်နေတယ် ဆိုတာ သိကြတဲ့သူအချို့ရှိသလို၊ အဲဒီသိကြတဲ့သူတွေထဲမှာ နိုင်ငံရေးဆိုတာ ပြည်တွင်းရေးရာတွေသာမက နိုင်ငံတကာရေးရာတွေနဲ့လည်း ဆက်စပ်နေတယ် ချိတ်ဆက်နေတယ်၊ နောက်ဆုံးပြည်သူတွေရဲ့ စိတ်ခံစားမှုတွေနဲ့လည်း ဆက်စပ်နေတယ်ဆိုတာ နှိုက်နှိုက်ချွတ်ချွတ်သိတဲ့သူရှိသလို အပေါ်ယံကိုသာသိပြီး အာပေါင် အာရင်းသန်သန်နဲ့  သူသိ သူတတ်လုပ်နေတဲ့သူတွေလည်းရှိတယ်ဆိုတာ အားလုံးသဘောပေါက်မှာပဲ ဖြစ်ပါတယ်။ နိုင်ငံတကာက နိုင်ငံရေးသမားတွေရော မြန်မာနိုင်ငံက နိုင်ငံရေးသမားတွေပါ အမျိုးစုံ ဝေဖန်နေတာ (တချို့ အိမ်မှာနေရင်း ဖုန်းတစ်လုံးနဲ့ ဘာတစ်ခုမှ မယ်မယ်ရရမလုပ်ဘဲ အပြစ်ရှာ ဝေဖန်နေတာတွေ စာရင်းထဲမထည့်) တွေကို တချို့မှတ်သား တချို့သင်ခန်းစာယူ တချို့ဥပေက္ခာပြုသီအိုရီတွေနဲ့ လုပ်နေကြရတယ်ဆိုတာလည်း ကျနော်တို့ သိထားရပါမယ်။ 

ခု ကျနော်ပြောပြချင်တာ ရေးပြချင်တာက အကြမ်းဖက်စစ်တပ်က အာဏာမသိမ်းခင် အဘယ်အမတ်မင်းတွေ က ဘာညာ၊ အဘယ်ဝန်ကြီးတွေက ဘာညာဆိုတာတွေကို ရိုးမယ်မဖွဲ့တော့ဘဲ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာအလုခံလိုက်ရပြီးနောက်ပိုင်းမှာ ဖြစ်တည်လာတဲ့ အရင်ကလည်း နိုင်ငံရေးအလုပ်တွေ ပရဟိတ အလုပ်တွေကို အားသွန်ခွန်စိုက်လုပ်ခဲ့၊ ခုလည်းပဲ နိုင်ငံရေးလုပ်ငန်းတွေ ပရဟိတလုပ်ငန်းတွေအပြင် တော်လှန် ရေးလုပ်ငန်းတွေကိုပါ ထဲထဲဝင်ဝင်လုပ်နေတဲ့ လွှတ်တော်အမတ်တွေ၊ နိုင်ငံရေးသမားတွေ ရှိနေပါတယ်လို့  (ကိုယ်တွေ့) ပြောရမှာပဲ ဖြစ်ပါတယ်။ 

နာမည်တွေတတ်ဂုဏ်ပြုချင်ပေမယ့် တော်လှန်ရေးအဟန့်အတားဖြစ်သွားနိုင်တာရယ်၊ အန္တရာယ်ရှိနိုင်တာရယ်နဲ့ တချို့က သိုသိုသိပ်သိပ်နေချင်တာ တွေ့ရတာတွေရယ်ကြောင့်  ...။

အကြမ်းဖက်စစ်တပ်က အာဏာသိမ်းလိုက်တဲ့အခါ ကျနော်တို့ ပြည်သူတွေဟာ ရှော့တစ်ခုရသွားသလို ဘာလုပ်ရမလဲ… ဘာလုပ်သင့်သလဲဆိုတာ… စဉ်းစားရပါတယ်။ ခြောက်ရက်မြောက်တဲ့နေ့မှာတော့ ကျနော်နေ ထိုင်ရာ ပါရမီစိန်ဂေဟာရှေ့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြမှာဖြစ်လို့ သတင်းသမားများ အမြန်ဆုံးလာရောက်ကြဖို့ မိတ်ဆွေလည်းဖြစ်၊ ၈၈ ရဲဘော်လည်းဖြစ်၊ သတင်းသမားလည်းဖြစ်တဲ့ ကလျာက ဖေ့ဘုတ်ကနေ ပို့စ်တင်လာတာတွေ့လို့ ကင်မရာယူရင်း ပါရမီစိန်ဂေဟာရှေ့ရောက်၊ ဓာတ်ပုံတွေရိုက်၊ ဗီဒီယိုတွေရိုက်၊ ကျနော်အလုပ်လုပ်နေတဲ့ မဇ္ဈိမကိုသတင်းတွေပို့ပေး၊ ကိုယ်တိုင်လည်း လိုက်ဗ်လွှင့်ရင်း (အဲဒီနေ့က ယခု NUG မှာ ဒုဝန်ကြီးဖြစ်နေတဲ့ မအိသဉ္ဇာမောင်တို့ ဆန္ဒပြတာဖြစ်) အရေးတော်ပုံထဲ သတင်းသမားအဖြစ် အဲဒီနေ့ကစလို့ မတ်လ ၉ ရက်နေ့အထိ ရန်ကုန်တစ်မြို့လုံးပတ်ကာ အရေးတော်ပုံထဲ ပါဝင်လာရပါတော့တယ်။ 

အဲဒီနောက်ပိုင်း ကျနော်နေထိုင်ရာ လှိုင်မြို့နယ်ထဲကို အကြမ်းဖက်စစ်တပ်က ဝင်ပစ်တာ ဝင်ဖမ်းတာတွေလုပ်လာ လို့ တစ်နေရာကိုတိမ်းရှောင်ရင်း အဲဒီကမှတစ်ဆင့် ၂၀၂၁ ခုနှစ် နိုဝင်ဘာလမှာ ကရင်ပြည်နယ် မြဝတီမြို့ နယ် လေးကေ့ကော်ကို ID တွေ အကုန်ခေတ္တဖျောက်ထားပြီး အသဲအသန်ထွက်ပြေးခဲ့ရပါတယ်။ ရန်ကုန်မှာ ရှောင်တိမ်းနေတုန်းက စိတ်ထဲမှာတော့ သူတို့ CRPH ဖွဲ့လိုက်တယ်၊ နောက် NUG ဖွဲ့တယ်.. သူတို့ ဘာတွေလုပ်နေလဲပေါ့။ လေးကေ့ကော်မရောက်ခင် လေလှိုင်းပေါ်ကပဲ အွန်လိုင်းပေါ်ကပဲ မွှေနှောက်သိရတာပါ။

လေးကေ့ကော်ရောက်တဲ့အခါ ကျနော့်ထက် စောရောက်နေတဲ့ လွှတ်တော်အမတ်တွေ၊ လတ်လတ်ဆတ်ဆတ် အရွေးခံထားရတဲ့အမတ်တွေ၊ နာမည်ကြီးအမတ်တွေ တက်ကြွလှုပ်ရှားသူတချို့နဲ့ တွေ့လိုက်ရပြီး တစ်ရက် . . နှစ်ရက် . . သုံးရက် စသဖြင့် နေထိုင်သွားလာ တွေ့ဆုံစကားပြောလိုက်တဲ့အခါ၊ သူတို့ရဲ့ လုပ်နေတဲ့အလုပ်တွေကို မျက်မြင်တွေ့သွားတဲ့အခါ ကျနော် ရန်ကုန်မှာသိတဲ့အသိက သေးသေးလေး မပြောမပ ဖြစ်သွားပါတော့တယ်။ လက်တွေ့မြင်နေရ၊ သိနေရ၊ လှုပ်ရှားမှုတချို့ကို သေချာ လိုက်လေ့လာလိုက်တော့ ...နည်းလေးပဲပြောမယ်နော် . . ဖော်ပြပါဓာတ်ပုံထဲမှာပါတဲ့ မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်သူလွှတ်တော်ကိုယ်စားလှယ် တစ်ဖြစ်လဲ NAC (NURTURE AIDS  CENTER) ကို ဦးစီးတည်ထောင်သူ မဖြူဖြူသင်း လေးကေ့ကော်မှာရှိတယ်လို့သိရတော့ သူ့ဆီသွားလည်လိုက်တာပေါ့။ မောင်နှမတွေ အကြမ်းဖက်စစ်တပ်ရဲ့ ဘေးကနေလွတ်လာကြလို့ ရန်ကုန်မှာမပြောဖြစ်ခဲ့တဲ့ စကားဖြစ်တဲ့ တွေ့ရတာ ဝမ်းသာပေါ့။ Online သုံးနေကြတော့ သူတို့ကလည်း ကိုယ့်ကို ဘယ်ရောက်ဘာဖြစ်နေလဲပေါ့။ ကိုယ်ကလည်း သူတို့ဘယ်ရောက် ဘာဖြစ်ဘာလုပ်နေလဲပေါ့။ တွေ့တော့လည်း ရှေ့ဆက်ဘာတွေလုပ်မယ် ဘာတွေဖြစ်နိုင်တယ် စတဲ့ ဘာတွေ ဘာတွေ ဘလာဘလာ ပြောဖြစ်ကြတာပေါ့။

နောက်တစ်ယောက်ကတော့ ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကစလို့ ဒီမိုကရေစီရေးနဲ့ မတရားတာတွေ ဆန့် ကျင်၊ ထောင်ကျလိုက် ပြန်လွတ်လာလိုက်၊ မကြာခဏအထိန်းသိမ်းခံရပြီး ကိုမင်းကိုနိုင်တို့ရဲ့ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းမှာ စိုက်လိုက်မတ်တတ်လုပ်လာခဲ့တဲ့ မနီလာသိန်းပေါ့။ 

တစ်နေ့ မဖြူဆီသွားလည်ရင်း မဖြူအိမ်မှာ မနီလာနဲ့တွေ့တော့ “အကိုရောက်နေတာကြားလို့ တွေ့ချင်နေတာ ချောချောမွေ့မွေ့ရောက်လာလို့ တော်သေးတယ် ဝမ်းသာလိုက်တာ” ပေါ့ (ရန်ကုန်မှာ တစ်လျောက်လုံး ခင်မင် လာတာ ဝမ်းသာလိုက်တာလို့ ခုမှပဲ အပြန်အလှန်ပြောဖြစ်တာ)။

တစ်နေ့ မဖြူအိမ်ရောက်သွားပြန်တော့ (လေးကေ့ကော် ၆ ရပ်ကွက်၊ ကျနော်က ၁ ရပ်ကွက်ဆိုတော့ နည်းနည်းလှမ်းပေမယ့်လည်း လမ်းကြုံတဲ့အခါ မကြာခဏ ရောက်ဖြစ်တာပေါ့) တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ကပဲ ဗိုလ်တစ်ယောက်ဆိုပါတော့ သူရောက်လာတော့ ကျနော့ကိုမြင်တဲ့အခါ ခပ်အမ်းအမ်းဖြစ်သွားတာကို မဖြူကရိပ်မိပြီး ဒါဘယ်သူပါပေါ့ စိတ်ချရတယ် ရန်ကုန်မှာကတည်းက လုပ်ဖော်ကိုင်ဖက်တွေပဲဆိုမှ ကျနော်နဲ့ ရင်းနှီးသွားတော့တယ် (သူ့နာမည် မဖော်ပြတော့ဘူးနော်)။ 

တကယ်တန်းမှာတော့ ကျနော်က ဘယ်လက်နက်ကိုင်အဖွဲ့အစည်းမှ မပတ်သက်ခဲ့ပါဘူး။ အဲဒီမှာ အမြဲမြင်တွေ့နေရတဲ့ သေနတ်တွေကိုတောင် မကိုင်ခဲ့ပါဘူး။ အထူးသဖြင့် ကျနော်က စာရေးတယ်။ စာပေနဲ့ပတ်သက်ရင်အကူအညီပေးတတ်တယ်။ နိုင်ငံရေးလည်းလုပ်တယ်။ ၈၈ မျိုးဆက်ရဲဘော်တွေနဲ့ နိုင်ငံရေးသမားအများစုက ကျနော့အကြောင်းသိကြတယ်။ ထောင်ကျဘူးတဲ့ နိုင်/ကျဉ်းတွေလည်း အတော်များများသိကြတယ်။

တစ်နေ့ပေါ့ မနီလာသိန်းအိမ်ကိုလည်းရောက်တယ်။ သူ့အိမ်ကလည်း ၆ ရပ်ကွက်မှာပဲ မဖြူအိမ်နဲ့ဆို မီတာ ၃၀၀ လောက်ပဲဝေးတယ်။ စကားတွေပြောကြဆိုကြ၊ ရန်ကုန်မှတုန်းကတောင် အဲဒီလောက် သိပ်မပြောဖြစ်ခဲ့ဘူး။ သူတို့က ကိုယ့်ထက်စောရောက်နေတော့ သူတို့က အိမ်ရှင်ဖြစ်နေတာပေါ့။ သူနဲ့စကားပြောဖြစ်တဲ့အခါ သူ့အမျိုးသားဖြစ်တဲ့ ကိုဂျင်မီရဲ့ အကြောင်းလည်း မပါမဖြစ် ပါရတာပေါ့။ မနီလာသိန်းကတော့ တည်တည်ငြိမ်ငြိမ်ပါပဲ။ သူလည်း အတွေ့အကြုံရင့်ကျက်နေပြီလေ။ အဲဒီလောက်ကတော့ သူကအေးဆေးပဲ သူ့ရဲ့ လက်ရှိ အလုပ်တွေကို ပိုလို့တောင် တွန်းတွန်းတိုက်တိုက် လုပ်နေနိုင်တာကိုလည်း မျက်ဝါးထင်ထင်တွေ့ခဲ့ရပါတယ်။ 

သူတို့ (မဖြူနဲ့ မနီလာ) ဘာတွေလုပ်နေကြသလဲဆိုတာ ဒီအခါသမယမှာတော့ အလုံးစုံမပြောသင့်ပေမယ့် ဓာတ်ပုံလေးတစ်ပုံထွက်လာတော့ လက်ရှိလူငယ်တွေသိအောင်တော့ နည်းနည်းလေး လှစ်ပြချင်နေပါတယ်။ ဓာတ်ပုံက စကားပြောနေတာကို တချို့ ဓာတ်ပုံဖတ်တတ်မယ်ဆိုရင် မှန်းရလွယ်လောက်မယ် ထင်ပါတယ်။ ဒီနေရာမှာ သတင်းစကားလေးပါးချင်တာကတော့ …. ခု မြန်မာပြည်ရဲ့ အကြမ်းဖက်စစ်အာဏာရှင်တွေကို နိုင်ငံ ရေးနဲ့ရော၊ သံခင်းတမန်ခင်းနဲ့ရော၊ တော်လှန်ရေးနည်းတွေနဲ့ပါ ဘက်ပေါင်းစုံ အမျိုးသမီးတွေဖြစ်ပေမယ့် အသက် ၅၀ ဝန်းကျင်တွေဖြစ်နေပေမယ့် တိုင်းပြည်အတွက် စွန့်လွှတ်စွန့်စား အပင်ပန်းခံပြီး အလုပ်တွေအများကြီးလုပ်နေတယ်ဆိုတာရယ်၊ လုပ်လည်း လုပ်နိုင်နေတယ်ဆိုတာရယ်ကို ပြောပြချင်နေတာပါ။ 

ကျနော်ရောက်တုန်းရောက်ခိုက် တွေ့တာမြင်တာတွေ (ကြားတာမပါ၊ ဆွေးနွေးတာတွေမပါ) ပြောပြရမယ်ဆိုရင်တော့ သူတို့အိမ်တွေက လူဝင်လူထွက် အရမ်းများတယ်။ အထူးသဖြင့် ကိုယ်စားလှယ်တွေနဲ့ ဘာညာတာဝန်ခံတွေ၊ စမတ်ကျကျယူနီဖောင်းဝတ်လူငယ်တွေ (သူတို့တွေလည်း အလုပ်တွေလုပ်ကြတယ်နော် - အသေးစိတ်ကို ရေးခွင့်ရရင် ရေးပြပါ့မယ်)၊ ခေတ်မီ ပစ္စည်းကရိယာတွေ၊ ရိက္ခာခြောက်တွေ စသဖြင့် စသဖြင့် အများကြီးမှ အများကြီးပေါ့၊ ကိုယ့်ငါးချဉ် ကိုယ်ချဉ်တာတော့မဟုတ်ပါ။ ကျနော်နဲ့ ရင်းနှီးတဲ့ လွှတ်တော်ကိုယ် စားလှယ်တိုင်းက ဒီအမျိုးသမီးနှစ်ယောက်ကတော့ ယောက်ကျားတွေမလုပ်နိုင်တာတွေ သူတို့ တော်တော် လုပ်နိုင်ကြတယ်ဆိုတဲ့ ချီးကျူးသံတွေလည်း နားနဲ့ဆတ်ဆတ်ကြားခဲ့ရသေးတယ်။ 

ဒါတွေကို အကြမ်းဖက်အုပ်စုရဲ့ ဒလန်တွေ မသိဘယ်နေပါ့မလဲ၊ ဒလန်တွေကိုလည်း ကျနော်တို့မြင်နေတာပဲ တချို့ ဆိုင်ကယ်နဲ့ ပန်းလိုက်ရောင်းကြတယ်။ ပန်းရောင်းတယ်ဆိုတာ ဒီပန်းတွေကို မြဝတီမြို့မှာ မနက်အစောကြီးသွားဝယ်ပြီး (မြဝတီသွားပြီး အစီရင်ခံတာ) ဆိုင်ကယ် နာရီဝက်လောက်မောင်းလာ၊ လေးကေ့ကော်ရောက်၊ ပန်းရောင်း စုံစမ်းထောက်လှမ်း၊ အဲဒီလိုမျိုးတွေရှိသလို ကိုယ်အနီးနားမှာလည်း သတင်းပေးတွေရှိနိုင်တာပဲ မဟုတ်ပါလား။ မဖြူတို့ မနီလာတို့က အိမ်ငှားနေကြတာလေ။ ပတ်ဝန်းကျင်မှာ ကိုယ်နဲ့သိတဲ့သူရှိသလို မသိတဲ့သူတွေလည်းရှိပ။ 

အဲဒီလိုနေလာရင်းနဲ့ ဖြစ်ရိုးဖြစ်စဉ်လို့ လုပ်နေကျလို့ အဲဒီတုန်းက ပြောကြတဲ့ (၅) ကြိမ်မြောက် အကြမ်းဖက် စစ်တပ်က မဖြူတို့နေတဲ့ ၆ ရပ်ကွက်ကို လာကြည့်ချင်တယ်ဆိုပြီး အယောက် ၃၀ ကျော်လောက် ၆ ရပ်ကွက်ထဲကို ဝင်ပြီးလာကြည့်ကြပါလေရော။ အဲဒီအချိန် သူတို့တွေကလည်း ရှောင်ရင်းတိမ်းရင်း သူတို့အလုပ် သူတို့လုပ်နေကြတာပဲ။ 

အမှတ်မထင်နေလာရင်းကနေ အကြမ်းဖက်စစ်တပ်ဟာ (၆) ကြိမ်မြောက် လေးကေ့‌ကော်ရုံးကနေ လေးကေ့ကော် အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူတွေနဲ့ ဆွေးနွေးပြီး (၆) ရပ်ကွက်ကိုလာပါတော့တယ်။ အဲဒီအချိန် အကြမ်းဖက် စစ်တပ်အင်အား ခန့်မှန်း ၅၀ လောက်ရှိမယ်ထင်တယ်။ နေအိမ်တွေကို ဓာတ်ပုံတွေ အများကြီးရိုက်၊ ဗီဒီယိုတွေရိုက်၊ ထူးခြားတာက မဖြူဖြူသင်းနဲ့ မနီလာသိန်းအိမ်ကို ဒရုန်းနဲ့ပတ်ပြီး ဓာတ်ပုံတွေရိုက် ဗီဒီယိုတွေရိုက် အချိန်အတော်ကြာရိုက်သွားတာပဲ ဖြစ်ပါတယ်။ 

ရက်ကကပ်ပြီး ရက်အနည်းငယ်အကြာမှာတော့ လေးကေ့ကော်ရုံးကို အကြမ်းဖက်စစ်တပ်က လာရောက်ပြီး ပြည်သူ့ ကိုယ်စားလှယ်တွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ PDF တွေ၊ CDM တွေနဲ့ ရန်ကုန်ဗုံးပေါက်ကွဲမှုတွေမှာ ပါဝင်တဲ့သူတွေ ရှိနေလို့ စစ်ဆေးရှာဖွေဖို့ ခွင့်တောင်းတဲ့အခါ အဆင်မပြေဖြစ်ပြီး လေးကေ့ကော်တာဝန်ရှိသူတွေနဲ့ အကြမ်းဖက်စစ်တပ်တို့ တင်းမာမှုတွေ ဖြစ်သွားကြတယ်လို့ ဆိုကြပါတယ်။ ရက်စွဲအားဖြင့်တော့ ဒီဇင်ဘာလ ၁၃ ရက်နေ့ပေါ့။

ထောက်လှမ်းရေးရေးသတင်းဆိုတာ အကြမ်းဖက်စစ်တပ်ဘက်မှာတင်ရှိတာမဟုတ်ပါဘူး၊  ဒီဘက်မှာလည်း ရှိတာပေါ့ သိတာပေါ့။ ဒါကြောင့်ပဲ မနက်ဖြန်ဘာဖြစ်မလဲဆိုတာကို သေချာပေါက်တွက်ဆရင်း ...။

မနက်ဖြန် ဒီဇင်ဘာလ ၁၄ ရက်နေ့လည်းကျရော အကြမ်းဖက်စစ်တပ်ဟာ အင်အား ၂၀၀ ကျော်နဲ့ စစ်ကြောင်း လေးကြောင်းခွဲပြီး လေးကေ့ကော် အမှတ်‌ (၆) ရပ်ကွက်ကို ဝင်ဖမ်းပါတော့တယ်။ အဲဒီအချိန်မှာတော့ မဖြူတို့ မနီလာတို့ဟာ တောထဲကို အစောင့်အရှောက်အင်အားများစွာနဲ့ ဘေးကင်းစွာ ရောက်ရှိနေပါပြီ။ ကျနော်ကတော့ ထီးမယ်ဝါးခီး၊ ဖလူးကြီး၊ ဖလူးလေး ... အစရှိသဖြင့် မြေပြန့်မကျ တောင်ပေါ်လည်းမရောက်နဲ့ ရှောင်ရတာပေါ့။

အကြမ်းဖက်စစ်တပ်ကလည်း အင်အားအလုံးအရင်းနဲ့ လက်နက်ကြီးတွေ ဒလစပ်ပစ်ပြီး လေးကေ့ကော်ကို သိမ်း၊ ထီးမယ်ဝါးခီးကိုသိမ်း၊ ဖလူးကြီးကိုသိမ်း၊ ဖလူးလေးကိုသိမ်း၊ တောင်ပေါ်စခန်းတွေကို လက်နက်ကြီး မိုးရွာဆိုတော့… အဲဒီအချိန် မဖြူတို့ မနီလာတို့ဟာ ကြံ့ကြံ့ခံရပ်တည်နိုင်ခဲ့ပါတယ်။ 

ခုတော့… မိတ်ဆွေများ ကြားသိရတဲ့အတိုင်း တစ်နေ့ တစ်ခြား နေ့စဉ်ရက်ဆက် အကြမ်းဖက်စစ်တပ်ဟာ ကမ်းကုန်အောင် ပြည်သူအပေါ် ရိုင်းစိုင်းကြမ်းကြုတ် ရက်စက်ယုတ်မာနေလေတော့ ခံစားချက်တွေ ပွင့်ထွက်လာပြီး  အကြမ်းဖက်စစ်တပ်ကို စိန်ခေါ်လိုက်တဲ့ ဓာတ်ပုံတစ်ပုံ ဖြစ်ပါကြောင်း .... အဲဒီလောက်ပဲ တင်ပြပါရစေခင်ဗျား၊ အရေးတော်ပုံ အောင်ရမည်။  ။

သန့်ဇော် (သန်လျင်)
"နိုင်ငံတကာ အမျိုးသမီးများနေ့အမှတ်တရ"

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar