Breaking News

မစ်ဒယ်နွေမ - နေပြည်တော်မင်းသားကြီးရဲ့တပည့် ယတြာလှိုင်ရဲ့အုပ်ချုပ်မှုအောက်က မြန်မာပြည် (၄)

နေပြည်တော်မင်းသားကြီးရဲ့တပည့် 
ယတြာလှိုင်ရဲ့အုပ်ချုပ်မှုအောက်က မြန်မာပြည် (၄)
မစ်ဒယ်နွေမ
(မိုးမခ) မတ် ၂၁၊ ၂၀၂၂

ကြည်း ရေ လေ အမြှောက် သံချပ်ကာ ယတြာ ပူးပေါင်းစစ်ဆင်ရေး

ယတြာလှိုင်ရဲ့ နောက်လိုက်ခွေးကြည်းတပ်ဟာ မြို့တွေ ရွာတွေကိုဝင်ပြီး အိမ်တွေကို မီးရှို့ကြတယ်။
မြို့တွေရွာတွေက လက်နက်မဲ့ ပြည်သူတွေကို ဖမ်းဆီး ပစ်ခတ် သတ်ဖြတ်ကြတယ်။ ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ ကျတော့ တုံးလုံးပက်လက် ဂျွမ်းထိုးမှောက်ခုံ သေလိုက်တာမှ အတုံးအရုံး။ အသေပက်စက်နေလိုက်ကြတာ။

နောက်လိုက်ခွေး ကြည်းတပ်က မနိုင်တော့ နောက်လိုက်ခွေး ဆီသူခိုးလေတပ်ကို လှမ်းခေါ်တယ်။ ဆီမခိုးရတော့။ ဆီသူခိုးလေတပ်က တင်းပြီလေ။ ဘယ်ရမလဲ။ နောက်လိုက်ခွေးကြည်းတပ်ကို တမင်တကာ ဗုံးမှားကြဲတာပေါ့။ ကြည်းတပ် နှစ်ခါနာ ဖြစ်ရော။ နောက်လိုက်ခွေး ရေတပ်ကျတော့ ရေထဲကနေ ကုန်းပေါ်တက်လာပြီး ဟိုဂိတ်စောင့်ရ ဒီဂိတ်စောင့်ရ။ ဟိုက သေနတ်နဲ့ လာပစ်တာခံရလိုက် ဒီက ဗုံးနဲ့လာပစ်တာခံရလိုက်။ ရေထဲမှာလည်း မိုင်းဆွဲခံရလိုက်။ သေကြတာပဲ။ နောက်လိုက်ခွေး အမြှောက်တပ်ကျတော့ နောက်လိုက်ခွေးကြည်းတပ် ပစ်ကူလှမ်းတောင်းတာနဲ့ ရမ်းသမ်းပစ်ထုတ်လိုက်တာ။ နောက်လိုက်ခွေး ကြည်းတပ်ထိတာပဲ။ ကြည်းတပ်သုံးခါ နာဖြစ်ရော။ နောက်လိုက်ခွေး သံချပ်ကာတပ်ကျတော့ လည်တယ်။ အပြေးသန်ချက်က ဘီးပါပြုတ်ထွက်တဲ့အထိပဲ။

ယတြာလှိုင်ကျတော့ ချေလိုက်တဲ့ ယတြာ။ တောင်ပြေးလိုက် မြောက်ပြေးလိုက်။ ဟိုဘုရားထီးတင်လိုက် ဒီဘုရားထီးတင်လိုက်။ သူ့ဘာသာသူနေတဲ့ စည်တော်ကြီးကို နေရာရွှေ့လိုက်။ ထော်လော်ကန့်လန့်အဝတ်အစားတွေဝတ်လိုက်။ ကျွန်မမှာ ယတြာလှိုင်ကိုကြည့်ပြီး မောလွန်းလို့ ရေတခွက်သောက်မိတယ်။

ဂလုဂလုနဲ့။ ပြည်သူတွေကို ယတြာလှိုင်က ကြည်း ရေ လေ အမြှောက်သံချပ်ကာ ယတြာ ပူးပေါင်းစစ်ဆင်ရေးနဲ့ဆင်နွဲနေတာကို အမေရိကန်ဗိုလ်ချုပ်ကြီးတွေသိရင် အံ့သြလောက်တယ်။ ဟစ်တလာရှိသေးရင် အားကျမလားပဲ။ စစ်သူကြီး အာဝင်ရွှန်းမဲရှိသေးရင်သင်တန်း လာတက်လောက်တယ်။ 

ယတြာလှိုင်ဟာ ကမ္ဘာမှာပေါပေါတောတောအဖြစ်ဆုံး စစ်အာဏာရှင်တယောက်ပဲ။

ပေါပေါလောလောအမိန့်တွေ

ယတြာလှိုင်လက်ထက်မှာ ကုန်စျေးနှုန်းတွေမိုးထိုးနေပြီး အမိန့်တွေကပေါများလာတယ်။ ကျွန်မတို့ပြည်သတွေ သပိတ်တခုလုပ်ဖို့ရက်အနည်းငယ်လောက်လိုပြီဆို ကားတစီးပေါ်မှာ လက် နက်ကိုင်နောက်လိုက်ခွေးတချို့နဲ့ ဆောင်းဘောက်တင်ပြီး စိတ်ထဲကမပါတဲ့အသံဆိုးကြီးနဲ့  "မိဘပြည်သူများ ခမျာ။
.... သပိတ်ပြုလုပ်ရင် တည်ဆဲဥပဒေအရ အရေးယူမည်" လို့ အော်ပြီး မောင်းပြေးတာ။ ကျွန်မဆိုနှစ်ခါလောက် နားထောင်မှ သေချာသဲသဲကွဲကွဲ နားလည်တယ်။ အိုကေလေ။ ရပြီပေါ့။ နောက်တခါလည်းလာပြန်ပြီ။ အော်ပြီး မောင်းပြေးတာ။ နောက်တခါ နောက်တခါ ထပ်ထပ်အော်ပြီး မောင်းပြေးတော့ နားငြီးလာတယ်။ 

မသိရင် ကျွန်မတို့ပြည်သူတွေက နားလေးတဲ့လူတွေစာမတတ်တဲ့ လူတွေကျနေတာပဲ။
တော်ပြီပေါ့။ နှစ်ခါလောက်ဆို။ ရှင်းရှင်းပြောရရင် ယတြာလှိုင်ရဲ့အမိန့်တွေကို ဟိုကြားထဲတောင် မညှပ်ဘူး။ နားကြားထဲ ပြောပါတယ်။
ဆိုင်ကယ်ကို ယောကျ်ားလေးနှစ်ယောက် မစီးရ။ မိန်းကလေးက မောင်းပြီး ယောကျ်ားလေးကနောက်က ထိုင်မစီးရ။ လာပြန်ပြီ အမိန့်။ နောက်လိုက်ခွေးတွေကို ဆိုင်ကယ်တစီးမှာ ယောကျ်ားလေးနှစ်ယောက်စီးပြီး သို့ မဟုတ် မိန်းကလေးမောင်းပြီး ယောကျ်ားလေးက နောက်ကထိုင်စီးပြီး ဗုံးနဲ့လာလာပစ်ကြတော့ခံရတာများလာလို့ အမိန့်တခု ထပ်ထုတ်ပြန်ရော။ ရှိသေးတယ်။ ဗုံးနဲ့လာပစ်တဲ့ ဆိုင်ကယ်အရောင်က အနီရောင်ဆို လမ်းပေါ်မှာ အနီရောင်ဆိုင်ကယ်တွေ့ရင် အဖမ်းခံရပြီသာမှတ်။ တော်တော်မလွယ်တဲ့ နောက်လိုက်ခွေးတွေ။

ပြည်သူတွေမှတ်လို့လွယ်အောင် ယတြာလှိုင်ရဲ့အမိန့်ကို ကဗျာလိုလို ဘာလိုလိုလေး ကျွန်မရေးထားပါတယ်။ ရှုပါ ရှင့်။

အီကြာကွေးနှစ်ချောင်း
ပူးပြီးတော့
ဆိုင်ကယ်မစီးရ။

နံပြားကမောင်း
နောက်က အီကြာကွေး
ထိုင်ကာ မစီးရ။

နံပြားနှစ်ချပ်ပူးလျက်
ဆိုင်ကယ်မောင်းလျှင်
ဘေးကင်းမည်။

အီကြာကွေးက မောင်း  
နံပြားက ထိုင်စီး
အေးဆေးပဲ ဖြစ်ပြီ။

သို့မဟုတ်လျှင်
ကျည်ဆံတွေ  
အပြေး လာလိမ့်မည်။  
မှတ်ကွယ် မှတ်ကွယ်။

အချိန်ဇယားနဲ့ မြို့တွေ၊ အချိန်ဇယားနဲ့ရပ်ကွက်တွေ 

ယတြာလှိုင်က ကျည်ဆံရထားပြေးဆွဲမယ်လို့ပြောလိုက်တဲ့နောက်ပိုင်း မီးတွေပိုပိုပြီးပျက်လိုက်တာ
သောက်သောက်လည်းပဲ။ ယတြာလှိုင်က ရှေ့ကနေ မစားရဝခမန်းရူးကြောင်ကြောင် မိန့်ခွန်းတွေလျှောက်ပြော။ ကျွန်မတို့ပြည်သူတွေခမျာမှာတော့ ငတ်ပြတ်နေကြပြီး အမှောင်ထဲရောက်နေကြရတယ်။ 

မီးတောင်မှ အချိန်ဇယားနဲ့။ ရန်ကုန်ဘယ်အချိန်ကနေ ဘယ်အချိန်။ မီးလာမယ်။ မီးပျက်မယ်။ မန္တလေးဘယ်အချိန်ကနေ ဘယ်အချိန်။ မီးလာမယ်။ မီးပျက်မယ်။ အချိန်ဇယားကိုယ်စီလေးတွေနဲ့ဖြစ်ကုန်တယ်။ တခါတလေကျရင် အခြားမြို့ကသူငယ်ချင်းတွေနဲ့ အချိန်ဇယားချင်း လဲကြည့်သေးတယ်။
ကျွန်မတို့ရပ်ကွက်မှာ မီးပျက်ပြီးလို့မီးပြန်လာရင် အခြားရပ်ကွက်ကသူငယ်ချင်းကို ဖုန်းလှမ်းဆက်ကာ "နင်တို့ရပ်ကွက်မှာ မီးလာလား။ ငါတို့ရပ်ကွက်မှာ မီးလာနေပြီ" လို့ပြောရတာအမော။ "မလာဘူး" လို့သူငယ်ချင်းက ပြန်ပြောတယ်။

အမှန်တော့ ရပ်ကွက်ချင်း မီးလာတာမီးပျက်တာလည်း အချိန်ဇယားနဲ့ပဲ။ တရပ်ကွက်နဲ့တရပ်ကွက် မတူပြန်ဘူး။ ကျွန်မက ကျွန်မသူငယ်ချင်းကို မီးလာလိုမီးလာငြား မေးတာပါ။ အေးနော် မှတ်ထားတယ်။
ယတြာလှိုင်။ နင့်အလှည့်ကျရင် လွတ်အောင်သာပြေး။ မိလို့တော့နင် အချိန်ဇယားနဲ့ ငါတို့ပြည်သူတွေကို မီးပေးခဲ့သလို နင့်ကိုလည်း အချိန်ဇယားနဲ့ ငါတို့ပြည်သူတွေက ေသာက်ခွက်တွေချည်း ဖြတ်ဖြတ်ရိုက်မှာ။ အရေးတော်ပုံအောင်ရမည်။

မစ်ဒယ်နွေမ
-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar