Breaking News

ညိုထွန်းလူ - ကြည့်မှန်တစ်ချပ်

ညိုထွန်းလူ - ကြည့်မှန်တစ်ချပ် 
(မိုးမခ) မတ် ၂၁၊ ၂၀၂၂

အကြောင်းတခုကိုအကြောင်းပြု၍အင်္ဂလိပ်စာပေ အနုပညာ ဝေဖန်ရေးဆရာ, ပန်းချီဝေဖန်ရေးဆရာ, ဗိသုကာဝေဖန်ရေးဆရာ, စာတမ်းဆရာ ဂျွန်ရပ်စ်ကင်း၏ စကားကို အမှတ်မထင်သတိရလိုက်မိသည်။

"လူမျိုးတမျိုးဟာ စာပေကိုအထင်သေးနေရင် သဘာဝကိုအထင်သေးနေရင် မေတ္တာကရုဏာကို အထင်သေးနေရင် ပိုက်ဆံနောက်သာ ငမ်းငမ်းတက်က်နေရင် အဲဒီလူမျိုးဟာ ရေရှည်ရပ်တည်နိုင်မှာမဟုတ်ဘူး"

(ညွှန်း-လမင်းကိုထရံပေါက်မှကြည့်ခြင်း။ ၁၉၉၄ ခုနှစ် ဒီဇင်ဘာ ၅ ရက် ရန်ကုန်မြို့ ဝိုင်အမ်စီအေခန်းမတွင်ကျင်းပခဲ့သည့် ဖြူးမြို့မိတ်ဆွေများစာကြည့်အသင်း စာပေဆုပေးပွဲအခမ်းအနားတွင် ဆရာမြသန်းတင့်​၏ ဟောပြောပွဲမှ ကောက်နှုတ်ချက်။)

သည်တော့လည်း အထက်ဖော်ပြပါ ရပ်စကင်း၏ပြောစကားတွေကို ဆက်၍အတွေးဆန့်ထုတ်မိပြန်သည်။ တကယ်တော့ ရပ်စကင်း​ကအကြောင်းအရာတခုကိုသာပြောခဲ့သော်လည်း ဆင့်ပွားတွေးစရာတွေက များလှသည်။

ပိုက်ဆံကိုသာ ငမ်းငမ်းတက်နေသော အလိုလောဘသည် ကြောက်စရာ။ ပိုက်ဆံ (သို့မဟုတ်) ငွေရဖို့အတွက်ဆိုလျှင် တရားခြင်းမတရားခြင်းကို သူမတွေး။ ငွေကို ရသည့်နည်းဖြင့်ရှာမည်။ ငွေဖြင့် အာဏာအရှိန်သြဇာကိုတည်ဆောက်ပြီး နယ်ပယ်ကျယ်ပြန့်အောင် နည်းလမ်းစုံဖြင့် အားထုတ်သည်။ တဖန် ထိုအာဏာအရှိန်သြဇာဖြင့် ငွေနှင့်ပိုင်ဆိုင်မှုတွေကို တိုးပွားအောင်လည်း အဆက်မပြတ်ကြိုးစားသည်။

ဆိုရလျှင် သူတို့၏အတွေး သူတို့၏အမြင် သူတို့၏စိတ်ကူးမျှော်လင့်ချက်နှင့် လိုချင်မက်မောမှုတို့သည် ငွေနှင့်အာဏာမှလွဲ၍ တခြားဘာမျှမရှိ။ သည်လိုဆိုလျှင် အိပ်ဖို့ စားဖို့ မေထုန်မှီဝဲဖို့လောက်သာ နားလည်သည့်တိရစ္ဆာန်တွေနှင့် ဘာများကွာခြားသနည်း။

ကျွန်တော့်မျက်လုံးထဲတွင် တောတိရိစ္ဆာန်တို့၏လောကဝန်းကျင်ကို မြင်ယောင်သွားသည်။ သတ္တဝါတွေမည်မျှပင်အမျိုးအစားကွဲပြားနေသည်ဖြစ်စေ သေချာတွေးကြည့်လိုက်သောအခါ စားသူနှင့် အစားခံရသူဟူ၍ နှစ်မျိုးတည်းသာရှိသည်ကိုတွေ့ရသည်။ တောတိရိစ္ဆာန်တို့လောကတွင် အင်အားကြီးသူက အနိုင်ယူစမြဲ။ ဒါကြောင့်လည်း ခြင်္သေ့တွေကျားတွေက တောကိုအုပ်စိုးသည့် တောဘုရင်တွေ။ သင်းတို့တတွေနှင့်တွေ့လျှင် အင်အားမဲ့သည့်သတ္တဝါငယ်ကလေးတွေခမျာ အသက်ဘေးမှလွတ်အောင်ပြေးကြရသည်။

ခွေးအတွေနှင့် တောခွေးတွေကတော့ အုပ်စုလိုက်နေကြသည်။ တောဘုရင်ဟုဆိုရမည့်ခြင်္သေ့နှင့် ကျားတွေလည်း သည်လိုအုပ်စုဖွဲ့နေကြသည့်အကောင်တွေနှင့်တွေ့လျှင်တော့ ယှဥ်ပြိုင်တိုက်ခိုက်နှိုင်စွမ်းမရှိ။ နေ့စဥ်နှင့်အမျှ နယ်မြေလုကြ ဖမ်းဆီးရမိထားသည့်အစားအစာအတွက် တကောင်နှင့်တကောင် ကိုက်ကြ ခဲကြ။ ရှုံးသည့်အကောင်က ထွက်ပြေး။ ထွက်မပြေးနိုင်လျှင် အသက်ဆုံးရှုံး၍ အစားခံရတော့မည်။

အစားအစာအတွက်ဆိုလျှင် မျိုးတူအချင်းချင်းလည်း ကိုက်ခဲတိုက်ခိုက်ဖို့လည်းဝန်မလေးကြ။ တော၏ ဥပဒေသက ရှင်းပါသည်။ အင်အားကြီးသူကအင် အားနည်းသူကို အနိုင်ယူစတမ်းဟု ရိုးရှင်းသည့်သဘောသဘာဝကို ဖော်ပြနေလျက်။ တိရစ္ဆာန်တွေမှာ မေတ္တာကရုဏာအကြောင်း နားမလည်။ ဗိုက်ဆာလာသည့်အချိန်မှာ သူ့အသက်ရှင်သန်တည်မြဲရေးအတွက် သားကောင်ကိုရှာဖွေ ဖမ်းဆီးစားသောက်မည်။ သည်ထက်ပို၍မတွေး။ တွေးရအောင်လည်း အသိဉာဏ်စွမ်းမရှိ။ ထို့ကြောင့် ပိုက်ဆံတခုတည်းကိုသာကြည့်နေကြသူတွေ ပိုက်ဆံနောက်ကို ငမ်းငမ်းတက်လိုက်နေကြသူတွေက တိရိစ္ဆာန်တွေနှင့်မခြားဆိုသည့်သဘောကို ရပ်စကင်းကပြောချင်တာလားဟု ကျွန်တော်ဖြန့်ထွက်တွေးမိလိုက်သည်။

ဒါဖြင့် ပိုက်ဆံကအရေးမကြီးတော့ဘူးလားဟု မေးစရာရှိလာသည်။ လူတိုင်း လူတိုင်း နေ့စဥ်နေ့တိုင်း ငွေရနိုင်မည့်အရေးကိစ္စကိုပဲ တွေးနေရ၍ ငွေသည်အရေးကြီးသည်။ သို့သော်လည်း ရှာခဲ့သည့်ငွေသည် သမ္မာအာဇီဝဖြစ်ဖို့တော့လိုသည်။ ငွေဆိုတာက ကိန်းဂဏန်းဖြင့် တန်ဖိုးသတ်မှတ်ထားသည့် စာရွက်တရွက်မျှသာ။ ကျွန်တော်တို့သည် ဖြူဖြူစင်စင်ရှာဖွေရရှိခဲ့သည့်ငွေအချို့ကို ကုသိုလ်ကောင်းမှုပြုကြသည်။ တဦးကို တဦး ကူညီထောက်ပံ့ကြသည်။

အရေအတွက် နည်းပါးကောင်းနည်းပါးနိုင်သော်လည်း သေချာတွေးကြည့်လျှင် တရားသဖြင့် ရှာဖွေခဲ့သည့်ငွေဖြစ်၍ ငွေစက္ကူပေါ်မှာရိုက်နှိပ်ထားသည့် ရှိရင်းစွဲကိန်းဂဏန်းတန်ဖိုးတွေထက် သူ့တန်ဖိုးက ပိုမိုကြီးလှသည်။

တလောက ဖေ့စ်ဘွတ်မှာရိုက်ကူးထားသည့် ဗီဒီယိုတခုကိုကြည့်လိုက်ရသည်။ တောအုပ်တွင်းတနေရာမှာတော်တော်လေးကြီးသည့်မှန်ချပ်တခုကို ထောင်ထား၏။ သည်မှန်ချပ်ရှေ့ကို ဆင်တွေ ကျားတွေ မျောက်တွေစသဖြင့် သတ္တဝါအမျိုးစုံ ရောက်လာကြသည်။ မြင်ရတာ ရယ်စရာလည်းကောင်းသလို စိတ်မကောင်းဖြစ်မိခဲ့သည်။ တိရစ္ဆာန်တွေခမျာ မှန်ထဲမှာ သူတို့ပုံတူကိုတွေ့သော်လည်း သူတို့မှန်းမသိ ထိတ်လန့်ခြောက်ခြားနေ လျက်။

သည်တော့လည်း မှန်ချပ်ထဲကသူ့ပုံသဏ္ဍာန်ကိုကြည့်ရင်း အင်အားကြီးသည့်ရန်သူဟု ထင်မြင်သွားပြီး ပြန် လည်တိုက်ခိုက်ဖို့မတွေးနိုင်ဘဲ ကြောက်အားလန့်အားဖြင့် ထွက်ပြေးကြတော့သည်။ ပြဒါးသုတ်ထားသည့်ကြည့်မှန်ချပ်သည် သက်ရှိသက်မဲ့တို့၏ရုပ်သွင်သဏ္ဍာန်ကို အရှိအတိုင်းဖော်ပြနေသည်ကို မသိရှာကြ။

လူနှင့်တိရစ္ဆာန်ကို အသိဉာဏ်မြင့်မားမှုဖြင့် ပိုင်းခြားထားသည်။ ဒါကြောင့်လည်း အသိဉာဏ်နိမ့်ပါးသည့်တိရစ္ဆာန်တွေကို လူတွေက မိမိတို့ကိုယ်ကျိုးအတွက် လိုသလိုစေခိုင်းနိုင်ခဲ့ကြသည်။ ဟုတ်ပါပြီ လူတွေက တိရိစ္ဆာန်တွေထက် အသိဉာဏ်စွမ်းရည်မြင့်မားနေသည်ကို လူတိုင်းသိပြီးသားမို့ အထူးပြောစရာမလို။ ဒါဖြင့် လူအချင်းချင်းမှာလည်း ကွဲပြားခွဲခြားမှုတွေရှိနေတာက ဘာကြောင့်လဲ။

ယေဘူယျပြောရလျင် ပညာဉာဏ်စွမ်းရည်အနိမ့်အမြင့်ကိုမူတည်၍ ကွဲပြားသွားခြင်းကြောင့်ဖြစ်သည်။ လူတိုင်း၏ ရှိရင်းစွဲအသိဉာဏ်တွေကို ပညာဖြင့်ပေါင်းစပ်နိုင်မှ ဉာဏ်ပညာကိုရရှိလာခဲ့သည်။ ဉာဏ်ပညာကိုရရှိမှ လောကသဘောကို ဆင်ခြင်နိုင်စွမ်းရှိလာခဲ့သည်။ အရှိတရားကို နားလည်သွားပြီး အမှားအမှန်ကိုခွဲခြားနိုင်ပြီး အနာဂတ်ကို တွေးဆနိုင်မည်ဖြစ်သည်။

ဉာဏ်ပညာရရှိဖို့အတွက် တနေ့တရက်တည်း တည်ဆောက်၍မရပါ။ နေ့စဥ်နေ့တိုင်း စာဖတ်ခြင်းဖြင့် သင်ယူလေ့လာစုဆောင်းရစမြဲ။ ဖတ်ခဲ့ရသည့်စာအုပ်တအုပ်က ကိုယ်နှင့်အလှမ်းဝေးသည့် လောကဝန်းကျင်အကြောင်းကိုပြောပြသည်။ တခြားစာအုပ်တအုပ်ကတော့ အတွေးအမြင်တွေအားကောင်းလာအောင် ပံ့ပိုးပေးတတ်သည်။ တချို့စာအုပ်တွေကတော့ ရသခံစားမှုတွေဖြင့် မေတ္တာကရုဏာတွေထားတတ်အောင်နှင့် အမှန်တရားကိုယုံကြည်မှုရစေသည့် အင်အားသတ္တိတွေကို မွေးဖွားပေးလိုက်သည်။

စာပေဟောပြောပွဲတိုင်းမှာ စာဖတ်ကြပါဟု ကျွန်တော်တို့တိုက်တွန်းရစမြဲ။ စာဖတ်ခြင်းသည် မိမိ၏ဉာဏ်ပညာတွေထက်မြက်နေဖို့အတွက် အမြဲတန်းသင်ယူလေ့လာနေရခြင်းပင်ဖြစ်သည်။ စာမဖတ်ခဲ့လျှင် သို့မဟုတ် ရပ်စကင်းပြောသလို စာပေကိုအထင်သေးခဲ့လျှင် ရေရှည်မှာရပ်တည်နိုင်မှာမဟုတ်တာတော့ သေချာသည်။

စာမဖတ်တော့လည်းဘာဖြစ်လဲ။ ကျုပ်မှာချမ်းသာကြွယ်ဝမှုတွေ သြဇာအာဏာပါဝါတွေရှိတယ်။ ဘယ်သူ့ကိုဂရုစိုက်စရာလိုသလဲဟု မေးပါအံ့။ သူ၏ချမ်းသာကြွယ်ဝမှုနှင့်သြဇာအာဏာတို့သည် အတုအယောင်တွေဖြစ်နေသည်ကို သူမသိ၍ဘာမျှပြောစရာမရှိပါ။ ထို့အတူ တကမ္ဘာလုံးကအာရုံစိုက်နေကြပြီး လတ်တလောဖြစ်ပျက်နေသည့်အရေးကိစ္စနှင့်လည်း ဥပမာမပြုချင်ပါ။ ကိုယ်လုံးပေါ်ကြည့်မှန်တချပ်ထောင်ပြီး ကိုယ့်ကိုယ်ကိုသာကြည့်လိုက်ပါဟု အကြံပြုချင်မိသည်။

အရှိအတိုင်းဖော်ပြနေသည့်မှန်ထဲကရုပ်သွင်သဏ္ဍာန်ကို သေချာစွာကြည့်လျှင် မိမိ၏အတွင်းအစ္ဇျတ္တတွေလည်း ထင်ဟပ်နေသည်ကို တွေ့ရမည်။ သို့ရာတွင် ကြည့်တိုင်းလည်းမမြင်နိုင်။ ဉာဏ်ပညာဖြင့်ကြည့်မှသာတွေ့မြင်ပါလိမ့်မည်။ ခက်တာက မိမိ၏ကြွယ်ဝချမ်းသာမှုနှင့် အရှိန်သြဇာတွေကျဆင်းသွားမည်ကို ပူပန်စိုးရိမ်နေပြီး ကိုယ့် အရိပ်ကိုပင် ရန်သူထင်နေရသူတွေအဖို့တော့ ဖြောင့်မတ်မှန်ကန်စွာဖြင့် အရှိအတိုင်းဖော်ပြနေသည့်ကြည့်မှန်တချပ်သည် သူတို့အနားမှာရှိနေသော်လည်း ရှိမှန်းမသိဘဲ နီးလျက်ဖြင့်ဝေးနေသည်ကို ကျွန်တော်သတိပြုမိလိုက်သည်။

ညိုထွန်းလူ

-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar