Breaking News

သီအိုဇော် - အာဏာရှင်တို့၏ အတ္တ၊ အာဃာတနှင့် အင်ပါယာအိပ်မက်


သီအိုဇော် - အာဏာရှင်တို့၏ အတ္တ၊ အာဃာတနှင့် အင်ပါယာအိပ်မက်

(မိုးမခ) မတ် ၈၊ ၂၀၂၂


‘စစ်’လို့ ဆိုလိုက်တာနဲ့ သဘောသဘာဝအရ ပဋိပက္ခများ၊ အမျိုးမျိုး အထွေထွေသော ပုံစံနဲ့ တိုက်ခိုက်ဖြေရှင်းရမှုများ၊ နောက်ဆက်တွဲ နာကျင်ကြေကွဲစရာများက ယှဥ်တွဲယှက်နွယ်ပြီးသားလို့သာ ပြောရပါလိမ့်မယ်။ သူ့ပင် ကိုဝိသေသကိုက အနုနည်းနဲ့ဖြေရှင်းကြတာမျိုး မဟုတ်ရတဲ့အထဲ၊ ဘူးလေးရာ ဖရုံဆင့်သလို ဖြစ်စေရတာ ကတော့ စစ်ပွဲကို ဦးဆောင်သူများရဲ့ အတိတ်ကရရှိခဲ့တဲ့ နာကြည်းချက်၊အတ္တ၊ အာဃာတနဲ့ ကုစားမရခဲ့တဲ့ စိတ်ဒဏ်ရာတွေပဲ ဖြစ်ပါတယ်။

ဒါ့အပြင် ထိုအာဏာရှင်အနေနဲ့ လက်တွေ့မကျတဲ့ အိပ်မက်တစ်ခုကို မက်နေသေးတယ်ဆိုရင်တော့ နှစ်ဘက် အသက်ပေါင်းများစွာ ရင်းကြရသည့်တိုင်အောင်၊ ဘာကိုမှ မငဲ့ညှာကြတော့ပဲ၊ မတရားတဲ့စစ်ကို ဆင်ခြင်တုံတရား ကင်းမဲ့စွာ ဆင်နွှဲကြပါတော့တယ်။

ရုတ်ခြည်း ထဖြစ်တာမျိုး မဟုတ်ဘဲ နှစ်နိုင်ငံအကြား တငွေ့ငွေ့လောင်မြိုက်နေရာကနေ စတင်ခဲ့တဲ့၊
ရုရှားရဲ့ ယူကရိန်း ကျူးကျော်စစ်ဟာ ဒေသတွင်းလုံခြုံရေးကိုသာမက၊ ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ လူသားမျိုးနွယ်စု ဖြစ် တည်မှုကိုတောင် ခြိမ်းခြောက်လာတဲ့ အနေအထားဆိုတာ တစ်စထက်တစ်စ ပိုပေါ်လွင်လာပါတယ်။ ဒါဟာ အပူအပင် လွန်နေကြတာများလားလို့ ဆိုရင်တော့၊ ဆက်ပြီး ပုံဖော်ကြည့်ဖို့လိုပါတယ်။

ပထမအချက်အနေနဲ့ ဒုတိယကမ္ဘာစစ်လွန်ကာလမှာ အကြီးမားဆုံးသော စစ်အင်အားကို ရုရှားနိုင်ငံက အသုံးပြုနေခြင်းကို ဂရုပြုကြရပါမယ်။၊ ၁၉၇၉ခုနှစ် အာဖဂန်နစ္စတန်နိုင်ငံကို သိမ်းပိုက်စဥ်ကထက် အင်အား သာလွန်ပါတယ်။ ထိခိုက်ကျဆုံးမှုကို ကြည့်ပြန်ရင်လည်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနရဲ့ တရားဝင်ထုတ်ပြန် ချက်အရ ဆိုရင်တောင် ရက်ပိုင်းအတွင်း ရုရှားစစ်သည် အင်အား (၅၀၀) ခန့် ကျဆုံးခဲ့ပြီး ဖြစ်ပါတယ်။

ယူကရိန်းဘက်က အဆိုအရဆိုရင် မတ်လ (၆) ရက်နေ့ နံနက် (၆) နာရီအထိ ရုရှားတပ်ဖွဲ့ဝင် (၁၁,၀၀၀)ကျော် သေဆုံး ခဲ့ပြီလို့ ဆိုပါတယ်။ အတိအကျ ကိန်းဂဏန်းရဖို့ ခက်ခဲနေတဲ့အချိန်မှာ ရုရှားထုတ်ပြန်ချက်ကို အတည်ယူရင်တောင် ကမ္ဘာ့ဒုတိယစစ်အင်အားကြီးနိုင်ငံရဲ့ ကျဆုံးမှုက မနည်းလှတာကို တွေ့ရမှာပါ။

ပိုပြီးရှင်းလင်းအောင် နှိုင်းယှဥ်ကြည့်ရင် နှစ် (၂၀) ခန့်ကြာတဲ့ အာဖဂန်နစ္စတန် စစ်ပွဲတလျှောက်လုံးမှာ အမေရိ ကန် တပ်ဖွဲ့ဝင် စုစုပေါင်း (၂၄၆၀) ပတ်ဝန်းကျင် ကျဆုံးပြီး၊ ဗြိတိန်စစ်သည်ကျဆုံးစာရင်းက (၅၀၀) မပြည့်တာ ကိုတွေ့ရပါတယ်။ ဒါ့ကြောင့်ရုရှားရဲ့ အဆုံးအရှုံးဟာ များတယ်လို့ဆိုရမှာပါ။ 

ဗိုလ်ချုပ် Andrey Sukhovetsky လို အဆင့်မြင့်စစ်ဗိုလ်ချုပ်တစ်ယောက်တောင် ကျဆုံးစာရင်းထဲ ပါတယ်ဆိုရင် ရုရှားတပ်ဖွဲ့တွေရဲ့ သေဆုံးမှုဟာ သူတို့တရားဝင်ထုတ်ပြန်ချက်ထက် များစွာသာလွန်နေမှာကို ခန့်မှန်းကြည့်နိုင်ပါတယ်။

ဒီတော့ ပူတင်နဲ့ ရုရှား စစ်တပ်ဟာ ကျားနာတစ်ကောင်လို ဖြစ်နေမယ်ဆိုတာ ထင်ရှားပါတယ်။ စိုးရိမ်စရာတစ် ခုက ရုရှားစစ်တပ်ရဲ့ ‘escalate to de-escalate’ဆိုတဲ့ စစ်ရေးခံယူချက်ပါ။ နျူကလီယားလက်နက်အထိ သုံးပြီး ‘စစ်ရှိန်လျော့ကျလာ‌စေဖို့အတွက် စစ်ရှိန်မြှင့်ပြီးတိုက်ခိုက်ဖို့လိုတယ်’ ဆိုတဲ့ ဖီလော်ဆော်ဖီကို ဆုပ်ကိုင်ထား ကြခြင်း ဖြစ်ပါတယ်။

ဒီနောက်ပိုင်းရက်များမှာလည်း Human Rights Watch (HRW)လို လူ့အခွင့်အရေးအဖွဲ့တွေ ထောက်ပြခဲ့တဲ့ Chechnya (ချေချင်းညာ)စစ်ပွဲ၊ ဆီးရီးယား Aleppo (အယ်လက်ပို) တိုက်ပွဲတွေမှာလို၊ ရုရှားတပ်ဖွဲ့တွေ ဝေဟင်ရော မြေပြင်ကပါ ဖျက်အားပြင်း လက်နက်မျိုးစုံ သုံးပြီး၊ အရပ်သားများအပေါ်ငဲ့ကွက်မှုမရှိတဲ့ အပြင်းအထန်တိုက်ခိုက်မှုမျိုး ယူကရိန်းမှာ ဆက်လက်ကျူးလွန်လာမှာ စိုးရိမ်နေကြရပါတယ်။

တကယ်တော့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ အမြဲတမ်းဗီတို အာဏာရှင် နိုင်ငံကြီးက အမှန်တကယ် သုံး ဖြစ်တာ၊မဖြစ်တာ အသာထား၊ အခု ယူကရိန်း ကျူးကျော်စစ်အတွင်း နျူးကလီးယားတပ်ဖွဲ့ကို တပ်လှန့်ခြိမ်း ခြောက် ပြလာတာကတော့ မလုပ်သင့်တဲ့ မလုပ်အပ်တဲ့ အရာပါ။

အခုဆိုရင် ယူကရိန်းတွင်သာမက ဥရောပတိုက်တစ်ခုလုံးမှာ အကြီးဆုံးဖြစ်တဲ့ ဇက်ပိုရဇ်ဇီးယား (Zaporizhzhia) နျူးကလီးယား ဓာတ်အားပေးစက်ရုံ ဒုံးကျည်ထိမှန်ခံရသည်အထိ ဖြစ်ပွားခဲ့ပြီး ဖြစ်ပါတယ်။ ရုရှားဘက်က ‘ဘူး’ဆက်ခံနေပေမယ့်လည်း ကုလသမဂ္ဂရဲ့ အဏုမြူစောင့်ကြည့်ရေးအဖွဲ့ IAEA ညွှန်ကြားရေးမှူးချုပ် ရာဖာရယ် ဂရော့စီ (Rafael Grossi)က အေဂျင်စီအနေနဲ့ ရုရှားဒုံးကျည်ထိမှန်ခဲ့တယ်လို့ပဲ နားလည်ထားကြောင်း ပြောကြားခဲ့ပါတယ်။

အာဏာရှင်များနှင့် အတိတ်၏ ချည်နှောင်မှု 

လွတ်လပ်စွာပြောဆို ရေးသားခွင့်မရှိတဲ့ ရုရှားနိုင်ငံတွင်းမှာတော့ အစိုးရရုပ်မြင်သံကြားက ယူကရိန်းရဲ့ ဒုတိယအကြီးဆုံးမြို့ Kharkiv(ခါကိဗ်)က Freedom Square ဒုံးကျည်အတိုက်ခိုက်ခံရမှုကို ယူကရိန်းဘက်ကပဲ ပြု လုပ်ခဲ့တယ်လို့ ထုတ်လွှင့်ခဲ့ပါသေးတယ်။ 

တကယ်ကတော့ ရုရှားကျူးကျော်တပ်တွေဟာ ပစ်မှတ်တိုင်းကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ပစ်ခတ်နေတာပါ။
’လွတ်လပ်မှုရင်ပြင်’လို့ ခေါ်နိုင်တဲ့ Freedom Square ဟာ အရင်နာမည်ဟောင်းများ ရှိခဲ့ပေမယ့် ဆိုဗီယက် ယူ နီယံအောက်ကနေ ခွဲထွက်ပြီး လွတ်လပ်ရေး ရယူပြီးတဲ့နောက်မှာ ဒီနာမည်သစ်နဲ့ တည်ရှိလာခဲ့တာပါ။ အရင်ရှိ ခဲ့ဖူးတဲ့ အမည်ဟောင်းတွေထဲမှာ လီနင် ရှိစဥ်က လျှို့ဝှက်ထောက်လှမ်းရေး ရဲတပ်ဖွဲ့ (Cheka)ရဲ့ အကြီးအကဲ ဖြစ်သူ Felix Dzerzhinsky ကို အစွဲပြုပေးထားတဲ့ နာမည်လည်း ပါပါတယ်။ 

၆၆ ပေခန့်ရှိတဲ့ ယူကရိန်းရဲ့ အကြီးဆုံး လီနင်ရုပ်တုဟာလည်း ဒီရင်ပြင်မှာရှိခဲ့ပြီး ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့က ယူကရိန်းပြည်သူတွေက ဖြိုလှဲဖျက်ဆီးခဲ့ကြတဲ့ နေရာလည်း ဖြစ်ပါတယ်။ ယူကရိန်းလွတ်လပ်ရေးနဲ့အတူ အသစ်တဖန် မွေးဖွားခဲ့တဲ့၊ ရုရှားဩဇာအငွေ့အသက်တွေ ဖယ်ရှားခံခဲ့ရတဲ့ Freedom Square ဟာ အစွန်းရောက် အမျိုးသားရေးဝါဒီ ရုရှားများအတွက် အညှိုးအတေးနဲ့ လက်စားချေစရာ ပစ်မှတ်တစ်ခု ဖြစ်ခဲ့တယ်လို့လည်း ဆိုနိုင်ပါတယ်။

သမိုင်းကို နောက်ပြန်ကြည့်မယ်ဆိုရင် ယူကရိန်းဟာ ၁၉၂၂ခုနှစ်မှာ ဆိုဗီယက်ယူနီယံအဖြစ် စတင်ပေါ်ပေါက် လာစေဖို့ ကမကထပြုခဲ့တဲ့ အစပထမနိုင်ငံများထဲမှာ ပါဝင်ခဲ့ပါတယ်။

ဆိုဗီယက်သမ္မတ ဂေါ်ဘာချော့ဗ် (Gorbachev) လက်ထက် ပြုပြင်ပြောင်းလဲရေးတွေ ပြုလုပ်နေစဥ် ၁၉၉၁ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့မှာ သဘောထားတင်းမာသူတွေရဲ့ ၃ ရက်ခန့်သာကြာတဲ့ မအောင်မြင်သော အာဏာသိမ်းမှု ဖြစ်ပွားခဲ့ပါတယ်။

အာဏာသိမ်းမှုအပြီး ရက်ပိုင်းအကြာ သြဂုတ်လ ၂၄ ရက်နေ့ မှာတော့ ယူကရိန်းနိုင်ငံက လွတ်လပ်ရေး ကြေ ညာလိုက်ပါတယ်။

၁၉၉၁ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့မှာ လူထုဆန္ဒခံယူပွဲ ကျင်းပပြီး (၉၀.၃)ရာခိုင်နှုန်း ထောက်ခံမှုနဲ့ အတည်ပြုခဲ့ပါတယ်။

ဆိုဗီယက်ယူနီယံမှာ ပါဝင်တဲ့ ၁၅ နိုင်ငံအနက် ယူကရိန်းက ဒုတိယလူဦးရေအများဆုံး၊ ဒုတိယအကြီးဆုံး နိုင်ငံ အဖြစ် ရုရှားရဲ့နောက်က ရှိခဲ့တာပါ။ ယူကရိန်းလွတ်လပ်ရေးရယူခဲ့ခြင်းဟာ ဆိုဗီယက်ပြည်ထောင်စုပြိုကွဲခဲ့ရ ခြင်းအတွက် အဓိကကျတဲ့အကြောင်း အချက်များထဲက တစ်ချက်လို့ ဆိုကြပါတယ်။

သမ္မတ ဂေါ်ဘာချော့ဗ် လက်ထက် မအောင်မြင်တဲ့ သြဂုတ် အာဏာသိမ်းမှုကို State Committee on the State Emergency (ရုရှားဘာသာ အတိုကောက်-GKChP)က ဦးဆောင်ပါတယ်။ အဓိကကျတဲ့ အဖွဲ့ဝင် တစ်ယောက်က Vladimir Kryuchkov (ဗလာဒီမီယာ ကရုရှ်ကော့ဗ်)ဖြစ်ပြီး ကေဂျီဘီ ထောက်လှမ်းရေး အဖွဲ့ရဲ့ အကြီးအကဲပါ။ အာဏာသိမ်းမှုနောက်ပိုင်းမှာ ဖယ်ရှားခံရပြီး အကျဥ်းကျခဲ့ရသူလည်း ဖြစ်ပါတယ်။

အာဏာသိမ်းမှုဖြစ်နေစဥ် ၁၉၉၁ခုနှစ် သြဂုတ်လ ၂၀ ရက်နေ့မှာ ကေဂျီဘီအဖွဲ့က Podpolkovnik အဆင့် (ဒုဗိုလ်မှုးကြီးရာထူးနှင့် ညီမျှသော)ရှိ အသက် (၃၉) နှစ်အရွယ် အရာရှိတစ်ဦး နုတ်ထွက်ခဲ့ပါတယ်။ သူဟာ အရှေ့ ဂျာမနီမှာ တာဝန်ကျစဥ်ကလည်း ၁၉၈၉ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့က ဘာလင်တံတိုင်းကြီး ပြိုလဲခဲ့တာ၊ အဲဒီနောက် အရှေ့ဂျာမနီနိုင်ငံ ပြိုပျက်ခဲ့တာတို့ကို မျက်ဝါးထင်ထင် ကိုယ်တွေ့ကြုံကြိုက်ခဲ့ရသူတစ်ဦးလည်း ဖြစ်ပါတယ်။ 

၁၉၉၁ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့မှာ ဆိုဗီယက်ယူနီယံရဲ့ တူ တံစဥ်အလံ ကရင်မလင်မှာ နောက်ဆုံး
လွှင့်ထူခဲ့တဲ့ အချိန်ကိုလည်း ဖြတ်သန်းခဲ့ရသူပါ။

ဒီလိုပြင်းထန်တဲ့ ရိုက်ခတ်မှုတွေ ခံခဲ့ရသူက ‌နောင်တစ်ချိန်မှာ အလားတူ ဆိုဗီယက်ပြည်ထောင်စု ပုံစံသစ်တစ်ခုကို မရရတဲ့နည်းနဲ့ ပြန်လည်တည်ထောင်နိုင်အောင် ကြိုးစားမယ်လို့ အံကြိတ်ကြုံးဝါးခဲ့လေမလား၊ ဒီအဖြေကိုပေးနိုင်မယ့် တစ်ဦးတည်းသော ပုဂ္ဂိုလ်ကတော့ အထက်ကဖော်ပြခဲ့သူ တဖြစ်လဲ၊ ယနေ့ရုရှားသမ္မတ ‘ဗလာဒီမီယာ ပူတင်’ ပဲ ဖြစ်ပါတယ်။

ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲသွားပြီးနောက် ပူတင်ရဲ့ အနောက်အုပ်စုအပေါ်ထားရှိတဲ့ အမြင်၊ အတေးအမှတ် အာဃာတတို့ကို ရုရှားတပ်တွေ ယူကရိန်းထဲ ဝင်ရောက်ရမှုနဲ့ ပတ်သက်ပြီး ပြောကြားခဲ့တဲ့ သူ့ရဲ့မိန့်ခွန်းထဲမှာ တွေ့ မြင်နိုင်ပါတယ်။ 

On the Historical Unity of Russians and Ukrainians ဆိုတဲ့ သူရေးခဲ့တဲ့၊ ရုရှားလူ မျိုးတွေနဲ့ ယူကရိန်းလူမျိုးတွေရဲ့ သမိုင်းတလျှောက် ညီညွတ်မှုများအကြောင်း ၂၀၂၁ခုနှစ် အက်ဆေးမှာ ရုရှား၊ ယူကရိန်း၊ ဘယ်လာရုစ်လူမျိုးတို့ဟာ ‘Kievan Rus’ ဆိုတဲ့ ဘိုးဘေးများက ဆင်းသက်လာတဲ့ တအူထုံ့ဆင်း သွေးချင်းများဖြစ်တယ်လို့ သူ ယုံကြည်တဲ့အကြောင်း ဖော်ပြခဲ့ပါတယ်။

ဒါဟာ သူ တကယ် ယုံကြည်တာဖြစ်နိုင်သလို ရုရှား၊ ယူကရိန်း၊ ဘယ်လာရုစ် ပြန်ပေါင်းထုပ်လိုမှုကို နှပ်ကြောင်း ပေးတယ်လို့လည်း မြင်နိုင်ပါတယ်။ ဒီ ၃ နိုင်ငံဟာ ဆိုဗီယက်ပြည်ထောင်စုရဲ့ ကနဦးအဖွဲ့ဝင်နိုင်ငံတွေလည်း ဖြစ်ပါတယ်။ ပူတင်ထက် အာဏာရှင်သက်တမ်း ပိုရင့်တဲ့ ဘယ်လာရုစ်သမ္မတ လူကာရှန်ကို (Lukashenko) ဟာ ၂၀၂၀ ရွေးကောက်ပွဲအပြီးမှာ ဘယ်လာရုစ်သမိုင်းမှာ အကြီးဆုံးဆန့်ကျင်ဆန္ဒပြမှုတွေနဲ့ ကြုံခဲ့ရပြီး အီးယူ (EU)ကလည်း သူ ပြန်ရွေးချယ်ခံရတယ်ဆိုတာကို အသိအမှတ်မပြုခဲ့ပါဘူး။

ယူကရိန်းနိုင်ငံကတော့ သမ္မတ ဗလော်ဒီမီယာ ဇလဲန်းစကီး (Volodymyr Zelensky) ခေါင်းဆောင်မှုနဲ့ နေတိုး၊ အီးယူတို့ဘက် ပိုပိုနီးကပ်သွားတဲ့အချိန်ပါ။ ဒါ့ကြောင့် အသက် (၇၀) တန်းရောက်လာတဲ့ ပူတင်ရဲ့ အင်ပါယာ အိပ်မက်ကို အကောင်အထည်ဖေါ်ဖို့ ဒီထက် ပိုမစောင့်နိုင်တော့တဲ့ အနေအထားဖြစ်လာပါတယ်။ 

အနောက်အုပ်စု မဟာမိတ်တွေရဲ့ အဆင်မချောတဲ့ အာဖဂန်နစ္စတန်နိုင်ငံ ဆုတ်ခွာမှု၊ ယူကရိန်းကို အမေရိကန်နဲ့ နေတိုး မဟာမိတ်များက သူတို့တပ်ဖွဲ့တွေ စေလွှတ်မှာမဟုတ်လို့ ပြောကြားခဲ့မှုတို့က ပူတင်ကို သွေးတိုးစမ်းဖို့ ဖြစ်လာစေခဲ့ပါတယ်။

တကယ်ကတော့ ဒီနေ့မဟုတ်ရင် ‌နောက်နေ့လို့တောင် ပြောရမလောက်အောင် ပူတင်က စိတ်ပိုင်းဖြတ်ထားတဲ့ပုံပါ။ သူ့ရဲ့တွေးခေါ်ဆုံးဖြတ်မှု အမှားတွေကို ကြိုမြင်ခဲ့ပုံမရပဲ၊ ခရိုင်းမီးယားစစ်ပွဲ (၂၀၁၄) လောက်သာ ယူကရိန်းနဲ့ နိုင်ငံတကာက တုံ့ပြန်ကြမှာပါလို့ တွက်ဆ‌ထားတယ်လို့ ယူဆနိုင်ပါတယ်။

အာဏာရှင်များရဲ့ အိပ်မက်၊ အာဃာတ၊ လက်စားချေ တုံ့ပြန်လိုမှုနဲ့ စိတ်ဒဏ်ရာတို့ ပေါင်းစပ်သွားမှုက
သမိုင်းမှာ ကြီးမားတဲ့ အချိုးအကွေ့ကို ဖြစ်စေနိုင်ပါတယ်။ ထင်ရှားတဲ့ ဥပမာတစ်ခုကို ပြသရရင်တော့ ပထမ ကမ္ဘာစစ်မှာ စစ်ရှုံးခဲ့တဲ့ အစွန်းရောက် အမျိုးသားရေးဝါဒီ ဟစ်တလာရဲ့ လက်စားချေလိုမှုကိုပါ။ 

ဟစ်တလာ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ဂျာမနီဟာ ပထမကမ္ဘာစစ်မှာ ရှုံးသွားပြီးတဲ့နောက် ပထမအဆင့်အနေနဲ့ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးခဲ့ရပါတယ်။ စစ်နိုင်မဟာမိတ်တွေ ရွေးချယ်ခဲ့တဲ့၊ ပဲရစ်မြို့ မြောက်ဘက်မှာရှိတဲ့ Compie`gne (‌ကောမ်ပြဲညာ)မြို့၊ Forest of Compie`gne သစ်တောနက်ထဲမှာ မဟာမိတ်တပ်ဖွဲ့များရဲ့ သေ နာပတိ ပြင်သစ် ဗိုလ်ချုပ်ကြီး Ferdinand Foch (ဖာဒီနန်ဖေါရှ့်) စီးလာတဲ့ ရထားတွဲ (Compie`gne Wagon) ပေါ်မှာ ၁၉၁၈ခုနှစ် နိုဝင်ဘာလ (၁၁) ရက်နေ့က လက်မှတ်ထိုးခဲ့ကြတာပါ။

ဒုတိယကမ္ဘာစစ် အစောပိုင်းမှာတော့ သမိုင်းတစ်ပတ်ပြန်လာခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာတော့ ဂျာမန်တွေ ဝင် ရောက်ကျူးကျော်မှုကို ပြင်သစ်တို့ မတားဆီးနိုင်တော့တဲ့အတွက် အပစ်အခတ်ရပ်စဲရေး သဘောတူလိုက်ရပါတယ်။ အမေရိကန်ကလည်း ကမ္ဘာစစ်ထဲ မဝင်သေးလို့ မဟာမိတ်တို့ အားလျော့နေတဲ့အချိန်ဆိုတော့ ဂျာမန် တွေအတွက် ပြင်သစ်မြေကို ခွဲပေးခဲ့ရတဲ့ အခြေအနေ ဖြစ်ခဲ့ပါတယ်။

အဓိကပြောချင်တာက ၁၉၄၀ခုနှစ် ဇွန်လ ၂၂ ရက်နေ့ အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးပွဲ အစီအစဥ်ပါ။ အောင်နိုင်သူ ဟစ်တလာက သူ ဖြစ်ချင်တဲ့နေရာကို ရွေးပါတယ်။ Compie`gne (‌ကောမ်ပြဲညာ)မြို့၊ Forest of Compie`gne သစ်တောပါ။ ပထမ ကမ္ဘာစစ်တုန်းက သူတို့စစ်ရှုံးလို့ လက်မှတ်ရေးထိုးခဲ့တဲ့နေရာ အတိအကျပါပဲ။ ဒါနဲ့တင်မကျေနပ်သေးပါဘူး။

ဗိုလ်ချုပ်ကြီး ဖေါရှ့်စီးခဲ့တဲ့ Compie`gne Wagon ရထားတွဲပေါ်မှာမှ လက်မှတ်ထိုးကြရမယ်ဆိုတဲ့အတွက် ပြတိုက်ထဲ ရောက်နေပြီဖြစ်တဲ့ ရထားတွဲကို ပြန်ယူဆောင်လာခဲ့ရပါတယ်။ စဥ်းစားကြည့်လိုက်ရင် ဒီလိုလက်စားချေတဲ့ အနေအထားရောက်ဖို့အတွက် နှစ်ဘက်တပ်ဖွဲ့တွေနဲ့ အပြစ်မဲ့အရပ်သားများစွာရဲ့ အသက်၊သွေး၊ ချွေး၊ မျက်ရည်တွေ စတေးပေးခဲ့ရသလိုပါပဲ။

ယေဘုယျအားဖြင့်တော့ လူသားတိုင်းက ငြိမ်းချမ်းရေးကို လိုလားပါတယ်လို့ ပြောကြမှာပါ။ အဆိုးမြင်တတ် သူတစ်ယောက် မဟုတ်ပေမယ့် လောဘ ဒေါသ၊ မောဟ မကင်းနိုင်သော လူသားများ ဖြစ်ကြတဲ့အတွက် ‘စစ်’ ဆိုတဲ့အရာကို လုံးဝဥဿုံပစ်ပယ်ပြီး ‘စစ်’ကင်းမဲ့တဲ့ ကမ္ဘာတစ်ခု တည်ဆောက်နိုင်ဖို့ကတော့ လက်တွေ့ကျမှ ကျနိုင်ပါ့မလားလို့ တွေးထင်နေမိပါတယ်။

ဆင်ခြင်တုံတရားမကင်းမဲ့တဲ့’စစ်’၊ စည်းမျဥ်းကျင့်ဝတ်တွေကို လိုက်နာတဲ့’စစ်’ ဆိုရင်တောင်၊ ကြိုဆိုရမလို ဖြစ်နေတဲ့ ဒီကနေ့ ကမ္ဘာရဲ့အခြေအနေပါ။ အစွန်းရောက်အိပ်မက်၊ အတ္တ၊ အာဃာတနဲ့ စိတ်ဒဏ်ရာတို့ ပေါင်းစပ်သွားခဲ့ရင်တော့ စစ်မိစ္ဆာ၊ စစ်ဘီလူး၊ စစ်ဝါဒီ အာဏာရှင်တို့ရဲ့ စစ်ပွဲ ကြီး ငယ်ကို အတိတ်ကလည်းတွေ့၊ ဒီနေ့မှာလည်း ကြုံနေရသလိုမျိုး၊ အနာဂတ်မှာလည်း ရှောင်လွှဲဖို့ ခက်ခဲနေကြဦးမယ် ထင်ပါတယ်။

သီအိုဇော်


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar


x