မောင်ရစ် - ဂျန်ကင်းကို နှုတ်ဆက်ခြင်း (၂)
မောင်ရစ် - ဂျန်ကင်းကို နှုတ်ဆက်ခြင်း (၂)
(မိုးမခ) အောက်တိုဘာ ၇၊ ၂၀၂၀(၂)
ကြောင်တွေမှာ ကိုဗစ်အခြေခံဗိုင်းရပ်စ် ရှိကြတယ်။ ငယ်ကတည်းက။ ကြာတော့ အသွင်ပြောင်းပြီး FIP ဆိုတဲ့ ပြင်းထန်တဲ့ ရောဂါအဖြစ်နဲ့ ကြောင်တွေ ဖျားနာပြီး သေတတ်တယ်။ ဂျန်ကင်း အဲဒါဖြစ်ရင် အခုလိုပဲ အဆုတ်ထဲ ဗိုက်ထဲမှာ အရည်တွေ ပြည့်လာပြီး သေတတ်တယ်။ FIP စစ်ကြည့်ရမယ်။ ဒါမှ မဟုတ်ရင် အဆုတ်မှာ ကျောက်ကပ်မှာ အကြိတ်တွေပေါက်၊ ကင်ဆာဖြစ်၊ အရည်တွေ ပြည့်လာ၊ အဲသည်မှာ ကြောင်ဟာ အသက်ရှုတဖြည်းဖြည်း ကြပ်တည်းလာပြီး သေတော့တာပဲ တဲ့။ အသက်ကလည်း ၁၄ နှစ်ကျော်ပြီဆိုတော့ ကြောင်တွေအတွက် သေဖို့ကောင်းနေတဲ့ အချိန်ရောက်ပါပြီတဲ့။ ဆေးကုသနေလည်း မထူးပါဘူး တဲ့။ သည်တော့ ဆီးသွားပြီး အရည်တွေ သက်သာအောင် ဆီးသွားဆေးပေးမယ်။ အဖျားအနာ မဖြစ်အောင် ပဋိဇီ၀ဆေးထိုးမယ်။ သူ့ကို သည်လိုသာ ထားလိုက်တဲ့။ တဖြေးဖြေး သွားလိမ့်မယ်။ သူလည်း ဘာမှ မတတ်နိုင်ဘူးတဲ့။ ပြီးတော့ ဆေးရုံသွား ကုချင်လို့ ကုကြရင်လည်း ငွေကုန် အချိန်ကုန်ပဲ ရှိတယ်တဲ့။ ကြောင်အတွက် ပိုပြီး အနာတရဖြစ်ဖို့ များပါတယ်တဲ့။ အစားမစားရင် ဗိုက်ဆာတဲ့ အရည်ဆေး တိုက်ပေါ့တဲ့။ အဲတာလည်း သူပေးမယ် တဲ့။
ဂျန်ကင်းသေတော့မယ်ဆိုတာကို ကျနော်တို့လည်း သိတော့ သိနေတာပါပဲ။ သိပ္ပံပညာအားကိုးနဲ့ အတိအကျ သူ့အခြေအနေကို သိချင်တာက ကျနော်တို့ အပြစ်လို့ပဲ ဆိုရမှာပေါ့။ ဂျန်ကင်းတကယ်ကို သေတော့မှာ သည်လိုတွေ အတွင်းမှာ ဖြစ်နေပြီဆိုလိုက်တော့ ကျနော်တို့တတွေမှာ ပူလောင်ပြင်းထန်တဲ့ ဝေဒနာဟာ စိတ်ကို ပြင်းထန်စွာ ထိခိုက်စေပါတယ်။ နောက်များမကြာခင်မှာ သူမရှိနိုင်တော့ဘူးဆိုတဲ့ အသိနဲ့ သူ့ကို မြင်ကြည့်နေရတာဟာ ရေးပြဖို့ အလွန်ခက်ပါတယ်။ ကြောင်နဲ့ လူနဲ့ကြားက ဆက်ဆံရေးမှာတောင် နောက်ဆုံးအချိန်ဆိုတဲ့ အသိဟာ အလွန် ပြင်းထန်နှိပ်စက်ရင် လူတွေချင်းကြားက နောက်ဆုံးအချိန်ကို ကြိုတင်သိရှိပြီးနောက် သူတို့ကြားက ဆက်ဆံရေးဟာ ဘယ်လောက်တောင်မှ ဒုက္ခ သောက ဗျာပါဒ ဝေဒနာတွေ ကြီးမားလိမ့်မလဲလို မှန်းမကြည့်ရဲစရာပါ။ သည်လိုနဲ့ ကျနော်တို့တတွေ ချစ်ခင်သူတွေနဲ့ သေကွဲကွဲကြရတာပဲ မဟုတ်လား။
ရှင်သန်ခြင်းကို ကျနော်တို့ အတူတကွ တန်ဖိုးထား ဖြတ်သန်းကြတယ်ဆိုရင် သေဆုံးခြင်းကိုလည်း ကျနော်တို့ အတူတကွ တန်ဖိုးထား ဖြတ်သန်းကြရမှာပေါ့။ ပျော်တုန်းက အတူတူပျော်ခဲ့ပြီး ဒုက္ခရောက်ချိန် ဝမ်းနည်းချိန်တွေမှာလည်း ကျနော်တို့အတူတူ သွားရဲကြရမှာပေါ့လို့ ကျနော်တို့က တွေးပါတယ်။ အိမ်မှာ ဂျန်ကင်း သက်တောင့်သက်သာရှိမယ့် နေရာထိုင်ခင်းတွေ စီစဉ်ကြတယ်။ အိပ်ခန်းထဲက အိမ်နောက်ဖေး တောင်ကုန်းကို မြင်နေရတဲ့ မှန်တခါးမှာ အိပ်ယာလေးကို ခင်း၊ ရေခွက်၊ အစာခွက်တွေ ချထား။ သူ့အိမ်သာအိုးကိုလည်း သူ့အနားကို ရွှေ့ထား၊ အဲသည်ကနေ ပိုပြီး သီးသန့်ဖြစ်တဲ့ ရေချိုးခန်းဆီ သွားချင်သွားနိုင်အောင် တခါးဖွင့်ထား၊ သန့်ရှင်းရေးလုပ်ထား။ ကျနော်တို့တွေ သူ့နားမှာ ထိုင်နေဖို့လည်း ပြင်ဆင်ထား။ သည်လိုမျိုးပေါ့။
သမီးရေ … သမီးမောင်လေးတော့ သွားတော့မယ် ထင်တယ်လို့ သူ့ကို လှမ်းဖုန်းဆက်ရတယ်။ သမီးက အယ်လ်အေကို ပြန်ပြီး အလုပ်ဝင်တာ ၂ ပတ်ပဲ ရှိသေးတာ။ work from home လုပ်လို့ရတော့ သူလည်း အိမ်ပြန်လာပြီး ဂျန်ကင်းအနား နေလို့ရတာပေါ့။ ဂျန်ကင်းကတော့ တလှုပ်လှုပ် ဟိုဖက်လှည့်လှဲလိုက် သည်ဖက်လှည့် အိပ်လိုက်၊ ရေလေး သောက်လိုက်၊ အစာခွန့်ကျွေးရင် နည်းနည်းစားလိုက်၊ လူတွေနဲ့လည်း သက်တောင့်သက်သာ နေထိုင်လိုက်နဲ့ ကြိုးစားပြီး နေပါတယ်။ သမီးပြန်လာတော့ ဂျန်ကင်းက ညောင်လို့ နှုတ်ဆက်တယ်။ ကျနော့်အိမ်သူ အလုပ်ကပြန်လာသံကြားရင် တတောက်တောက်နဲ့ လမ်းတလှမ်းချင်းလျောက်ပြီး အိမ်ရှေ့ကို ထွက်တယ်။ နောက်ဆုံးအချိန်လို့ လူတွေက သိနေတော့ ဂျန်ကင်းဘာလုပ်လုပ် ဒါတွေဟာ သူ့နောက်ဆုံးအလုပ်တွေပဲဆိုပြီး လူတွေအတွက် ဝေဒနာတွေချည်းပါပဲ။
တနင်္လာနေ့မှာ ဆရာဝန်နဲ့ တွေ့ခဲ့ပြီးနောက် အင်္ဂါ ဗုဒ္ဓဟူးမှာ ဆေးစစ်ချက်တွေ သိရတယ်။ ဂျန်ကင်းက FIP ရောဂါမဟုတ်သော်လည်း အဆုတ်နဲ့ ကျောက်ကပ်အတွင်း အကြိတ်ရှိနေပြီး အဲသည်ကနေ အရည်တွေ ပြည့်လာနေတယ်။ ကင်ဆာ ဖြစ်ဖို့ များတယ်။ နောက်ဆုံးအချိန်ဖြစ်ဖို့ များတယ်။ ကွန်ဖန်းလုပ်တာပေါ့။ ကြာသာပတေးနေ့မှာ သမီး လေယျာဉ်နဲ့ ဂျန်ကင်းဆီ ပြန်ရောက်လာတယ်။ ဂျန်ကင်းအစာမဝင်တာ၊ အလေးမစွန့်တာ ၆ ရက်။ သို့သော်လည်း ဂျန်ကင်းဟာ အေးဆေးဆေးဆေး လန်းလန်းဆန်းဆန်း နှေးနှေးကွေးကွေး လေး နေနေတာမို့ အရင်တုန်းက အတိုင်းလိုပါပဲ။ အသက်ရှုတာကတော့ ပြင်းတာပေါ့။ လူတွေကို ကြည့်မယ်၊ မျက်စိလေးမှိတ်ပြတယ်။ သူ ချစ်တယ်ပေါ့။
အဆုတ်မှာ အနာဖြစ်ပြီး ခံစားရတဲ့ လူတွေ ကျနော်တို့အနားမှာ အတော်များများ ရှိတယ်။ Lung Infection ဖြစ်တယ်လို့ ပြောကြတယ်၊ ကင်ဆာဖြစ်တဲ့ လူတွေလည်း ရှိတယ်။ အဆုတ်အသစ်လဲကြတာလည်း ရှိတယ်။ အဆုတ်ကလည်း အသစ်လဲပြီး ၁၀နှစ်လောက်တော့ ခံတယ် ပြောတယ်။ အဆုတ်ထဲ အရည်တွေ ဝင်လို့ ဖောက်ထုတ်ကြရတယ်။ အသက်ရှုကြပ်တဲ့အခါ အောက်စီဂျင် ရှုရတယ်။ နောက်မရရင် အသက်ရှုစက် တတ်ကြရတယ်။ ကိုဗစ်ဖြစ်တဲ့ လူနာတွေလည်း သည်လိုပဲ အဆုတ်ယောင်လို့ သည်ဝေဒနာတွေ ခံစားကြရတယ်။ အသက်ရှုစက်တတ်ထားရင်း သတိပြန်မလည်လာတော့တဲ့အခါ သက်တောင့်သက်သာနဲ့ အသက်ကုန်သွားတဲ့အထိ ဆေးတွေ စက်အကူအညီတွေနဲ့ လူနာတွေကို ထာ၀ရအနားပေးလိုက်ရတာမျိုးတွေလည်း ရှိပါတယ်။ သည်ကပ်ဆိုးကာလတွင်းမှာ ကျနော်တို့တတွေဟာ သည်မြင်ကွင်းတွေနဲ့ ရင်ဆိုင်ဖြတ်သန်းနေကြ ဖြစ်နေရပါတယ်။
သမီးရဲ့ ရောက်ရောက်ချင်းမေးခွန်းက ဂျန်ကင်းကို သက်တောင့်သက်သာဖြစ်ဖြစ် ဆေးရုံအကူအညီနဲ့ ထာ၀ရအိပ်စက်အနားယူနိုင်အောင် ကျနော်တို့က လုပ်ပေးကြမှာလား … တဲ့။ ကျနော်တို့က ဒါကိုတော့ ချက်ခြင်း သဘောမတူနိုင်ကြပါ။ ဂျန်ကင်းတယောက် အိမ်မှာပဲ သက်တောင့်သက်သာဖြစ်အောင် ကြိုးစားနေထိုင်ရင်းကနေ သဘာ၀အတိုင်း အသက်ကုန်သွားတာကို ကျနော်တို့ ဝိုင်းပြီး စောင့်ရှောက်နိုင်ကြလိမ့်မယ် ထင်တယ်လို့ ဖြေပါတယ်။ ကျနော်တို့ကိုယ်တိုင်လည်း ရင်စီးပြီး ခံနိုင်ရည် ရှိလိမ့်မယ်လို့လည်း ထင်ခဲ့ကြတယ်။ ကျနော်တို့ ၃ ဦးစလုံး ဂျန်ကင်းရဲ့ နောက်ဆုံးအချိန်ကို အတူတူ အဖော်လုပ်ပြီး ဖြတ်ကြမယ်လို့ ထင်ခဲ့ကြတာပေါ့။
တကယ်တန်းကျတော့ ဒုက္ခဝေဒနာကို ခံစားနေရချိန်ဟာ ရုပ်ရှင်တွေထဲက အနှေးပြကွက်တွေလိုပဲ။ အချိန်တွေက မကုန်နိုင်သေးခင်မှာ ခံစားရတဲ့ ဒုက္ခတွေက အချိန်နဲ့မမျှအောင် ကြီးမားလေးလံလှပါတယ်။ ဆရာဝန်ဒေါက်တာဆင်းက ဘယ်လိုပဲ ပြောသည်ဖြစ်စေကာမူ ကျနော်တို့မှာက သည်အတိုင်းကြီး ထိုင်စောင့်နေတာ ထိုင်ကြည့်နေတာကို မလုပ်နိုင်ကြဘူး။ ဂျန်ကင်းမှာလည်း ဝေဒနာခံစားနေရမှာပဲ။ ကျနော်တို့ကလည်း ကိုယ့်ဒုက္ခနဲ့ ကိုယ်ပဲ။ နောက်ထပ် လုပ်နိုင်စရာ ဘာရှိသေးသလဲ။ ဆရာဝန်နဲ့ တနင်္လာနေ့မှာ တွေ့ပြီးနောက် သောကြာနေ့မှာတော့ဖြင့် ကျနော်တို့တတွေဟာ တိရစ္ဆာန်အရေးပေါ်ဆေးရုံတွေမှာ ပြနိုင်ဖို့ ပြန်ကြိုးစားနေကြပြန်ပါပြီ။
အဆုတ်ထဲ ရင်ခေါင်းထဲက အရည်တွေနဲ့၊ အသက်ရှုတွေ ကြပ်တည်းသည်ထက် ကြပ်တည်းလာ၊ နှာခေါင်းနဲ့ ကြိုးစားရှု၊ ပါးစပ်ဟပြီးတော့ ရှု၊ တကိုယ်လုံး တောင့်တန်း ကျောဆန့်ပြီးတော့ အသက်ရှု၊ နောက်ဆုံး အသက်ရှုရပ်တန့်ပြီးတော့ သေဆုံး … ။ သည်လိုမျိုး ရင်ဆိုင်ရမယ်ဆိုတာမျိုးကို ကျနော်တို့လက်ထဲမှာ သည်အတိုင်းပစ်ထားပြီး ရပ်ကြည့်မနေချင်ပါဘူး။ အနည်းဆုံး အရေးပေါ်ဆေးရုံမှာ တင်ပြီးတော့ အနည်းငယ်လေးတော့ သက်သာအောင် ပြုစုလိုက်ချင်တာက ကျနော်တို့ နောက်ထပ်ဆန္ဒဖြစ်လာပြန်ပါတယ်။ ကဲ … ဖုန်းတွေ ဆက်ကြ။ ဂျန်ကင်းကြီး အသက်ရှုကြပ်နေတယ်။ အရေးပေါ်ကို လာပြလို့ ရမလား ခင်ဗျာ။
ဥက္ကလံက အုတ်ဗက် (OakVet) ဆေးရုံက ကျနော်တို့ဖြစ်စဉ်ကို နားထောင်ပါတယ်။ ပြီးတော့ ဖြေတယ်။ လာခဲ့ပါ တဲ့။ သူတို့ သူနာပြုတွေ အောက်စီဂျင်အဆင်သင့်နဲ့ စောင့်နေပါမယ် တဲ့။ ဝမ်းသာလိုက်တာလေ။ ပြီးတော့ ဒေါက်တာဆင်းပေးထားတဲ့ ဆေးစစ်ချက်တွေကိုပါ တပါတည်းသယ်လာခဲ့ကြတယ်။ ဂျန်ကင်းကြီးကိုတော့ ကားနောက်ခန်းမှာ ကြောင်လှောင်အိမ်အကြီးကြီးထဲမှာ စောင်တွေ ခင်းပြီးတော့ပေါ့။
(ဆက်ရေးပါဦးမည်)