ပီတာဂလန့် - ပုကျယ်နဲ့ သင်္ကြန်လိမ်
(မိုးမခ) ဧပြီ ၁၅၊ ၂၀၂၂
အခု ၂၀၂၂ သင်္ကြန်မှာ ပုကျယ် ဂွမ်းနေတာလေးတွေ အတင်းတုပ်ကြအုံးစို့ရဲ့။
မအလပုကျယ် မျှော်မှန်းထားတာက ကျန်ခဲ့တဲ့ နှစ်နှစ်က မကျင်းပဖြစ်ခဲ့တဲ့သင်္ကြန်ကို ဒီနှစ်မှာ အပီအပြင်ကျင်းပမဟဲ့လို့ ကြိမ်းဝါးပြီး မြန်မာပြည်ကြီး သာယာပျော်ရွှင်နေကြသယောင် ပြုမလို့ဆိုပဲ။
သို့ပေမဲ့ သင်္ကြန်မတိုင်မီမှာပဲ မြို့ပြစစ်ဆင်ရေးက "နန်းထိုက်အောင်" လို့ အမည်သစ်နဲ့ စစ်ဆင်ရေးအရည်အသွေးကို မြှင့်ပြလိုက်တော့ ပုကျယ်စိတ်ကူးအိပ်မက် ပျက်ပြယ်သွားပုံရတယ်။ မလန့်ခံနိုင်ရိုးလား၊ ရန်ကုန် အင်းလျားလမ်းက မအလပုကျယ်အိမ်နဲ့ မျက်စောင်းထိုးမှာရှိတဲ့ လုံခြုံရေးကင်း အကြုံးခံလိုက်ရလို့ ရဲခွေးတစ်ကောင်ဂန့်သွားတယ်လေ။ ဆိုတော့ ရိုးရိုးသားသား သင်္ကြန်လည်ချင်တယ် ဆိုအုံးတော့ ရန်ကုန်မှာရယ် မဟုတ်ပါဘူး၊ နယ်မြို့တွေမှာကော လွတ်လွတ်လပ်လပ် သွားလာလို့ မရတော့ဘူး ဖြစ်သွားပါတယ်။ အစစ်အဆေးတွေ ဒင်းကြမ်းလုပ်ခံရတော့တယ်။ ရန်ကုန်မှာဆိုရင်လည်း မြို့တော်ခန်းမရှေ့ လူဝင်တဲ့အပေါက်ကို မဟာဗန္ဓုလလမ်းနဲ့ ကုန်သည်လမ်းအပေါက်တစ်ပေါက်ပဲ ဖွင့်ထားပြီး ဝင်စေတယ်။ ကျန်တဲ့လမ်းက ဝင်ပေါက်တွေကို ပိတ်ထားတယ်။
ပြည်သူတွေလည်း သူတို့ကျင်းပတဲ့ မဏ္ဍပ်တွေကို သွားဖို့ဝေးလို့ ဘယ်သူမှ အပြင်ထွက်ဖို့ စိတ်မကူးကြတော့ဘူး။ စကစကိုဆန့်ကျင်တဲ့ တော်လှန်သင်္ကြန်က အော်တိုခလုတ်နှိပ်လိုက်သလိုပါပဲ။ သင်္ကြန်အကြိုနေ့မှာတွင်ပဲ သူ့လူနဲ့သူတောင် ကျုံးသွင်းပြီးမှ ကျင်းပရဲတော့တယ်။ နောက်ဆုံးမှာ ငါးထောင်စားလို့ခေါ်တဲ့ အခပေးကြေးစားတွေကို faw ထရပ်ကားကြီးတွေ၊ ခွေးဘီလူးလို့ခေါ်တဲ့ ကားသေးသေးလေးတွေပေါ်မှာ တင်ပြီး မြို့တော်ခန်းမရှေ့ ပတ်မောင်းနေရတဲ့အခြေ စိုက်တော့တာပါပဲ။ ညနေခင်းမှာတော့ မြေနီကုန်း ပြည်သူ့ရင်ပြင်ရှေ့မဏ္ဍပ်ကို ဖြတ်တဲ့ကားမှန်သမျှ သေနတ်တဲ့ချိန်ပြီး မောင်းသွင်းကြတယ်ဆိုပဲ။ ဟေ ဟေ့ အရူးမီးဝိုင်းခံရသလို ရေလောင်းနေရတဲ့ ပုကျယ်အပေါက်ဖြစ်နေပါရော့လား။ ပြည်သူတွေ ပျော်နေတာကို ဟန်ဆောင်ပန်ဆောင်ပြချင်တဲ့ မအလပုကျယ်တော့ ဂွမ်းရှာပြီ။
ရန်ကုန်အပါအဝင် မြို့ကြီးတော်တော်များများဟာ ကျီးနဲ့ဖုတ်ဖုတ်ဆိုသလို ခြောက်ကပ်နေလို့မို့ လူစည်စေချင်တဲ့ သင်္ကြန်ရက်များကို မအလပုကျယ် ဒလန့်လုပ်လိုက်တဲ့ silent strike များလို့တောင် ထင်မှတ်ရပါတယ်။
စကစရဲ့ အသံလွှင့်မီဒီယာ MRTV, MWD တွေဆိုရင် ၂၀၁၉၊ ၂၀၁၈ စတဲ့ ပြီးခဲ့တဲ့နှစ်ဟောင်းတွေက မူဗီဖိုင်အဟောင်းတွေ ထိုးပြနေရရှာတယ်။ ပုကျယ်တစ်ကောင်မှာတော့ဖြင့် မိန့်မိန့်ကြီးနဲ့ "တို့ပြည်သူတွေ ညီကြသားဟ" လို့ ဂျင်းထည့်ခံနေတယ် ပြောရမှာပေါ့။ အမှန်တကယ်က သူ့လက်ကိုင်တုတ် စစ်ခွေးတွေဟာ လုံခြုံရေးတောင် ပြည့်ပြည့်ဝဝ မယူနိုင်ကြတော့ပါဘူး။ ကြောက်အောင်လှန့်ခြောက်နေတဲ့ အဆင့်ပဲ ရှိပါတော့တယ်။
မအလရပ်ကွက်ဘက်က စိတ်ပျက်အားကုန်တဲ့ သတင်းတွေလည်း ဆက်တိုက်ဆိုသလို ကြားနေရတယ်။ ဗိုလ်မှူးချုပ်အဆင့်လောက် ပုဂ္ဂိုလ်တွေတောင် အောက်ခြေအဆင့်ကို စည်းရုံးဆွဲဆောင်ဖို့ ပြောစရာစကားလုံး ချို့တဲ့နေကြပြီ။ အမှန်တရားကို ထုတ်မပြောဝံ့သေးပေမဲ့ အမှန်တရားကို ခံစားလို့ရနေပြီ ဖြစ်ပါတယ်။ မအလပုကျယ်ဘက် ပြောင်းလှည့်ချိန်ဟာ တစထက်တစ နီးလာပြီလို့ ပြောရပါမယ်။ ဘယ်သူ သူရဲကောင်းဖြစ်လာမလဲလို့ အဆင်းဘီးတပ်ကာ စောင့်ကြည့်ကြရုံပါပဲ။
ကိုဗစ်ကပ်ရောဂါကြောင့် တစ်နှစ်၊ ပုကျယ်အာဏာငန်းစဖမ်းတာ တစ်နှစ် စုစုပေါင်း နှစ်နှစ် ပြည်သူတွေဟာ ပွဲတော်အပျော်ရက်တွေနဲ့ ဝေးနေရတယ်။ ဒါတွင်မက ချင်း၊ စစ်ကိုင်း၊ မကွေး၊ ကယား၊ ကရင်၊ ကချင် စတဲ့ဒေသတွေမှာ မအလဖက်ဆစ်တပ်နဲ့ ရင်ဆိုင်တိုက်ပွဲဝင်နေရတယ်။ တစ်ဆက်တည်းမှာ ဒေသခံပြည်သူ သိန်းချီသောကိန်းဂဏန်းတွေဟာ စစ်ဘေးဒုက္ခသည် ဖြစ်နေကြရတယ်။ ဒီလိုအချိန်မှာ လူစိတ်ရှိကြသူတိုင်းဟာ အပျော်မဲ့မဲ့ကာလကြီးကို ဖြတ်သန်းနေကြရတယ်ဆိုတဲ့ အသိစိတ်နဲ့ သွားလာနေထိုင်နေကြရပါတယ်။
ဆိုတော့ အခုလို အတာသင်္ကြန်နှစ်ကူးချိန်မှာ သူ့ကိုယ်သူ သူကောင်းပြုသူလို့ ထင်မှတ်စေအောင် ပြုမူလာတဲ့ မအလပုကျယ်ခမျာ သနားဖို့ပင်ကောင်းသေးတော့ဟု ပြောရမှာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီနှစ်သင်္ကြန်မှာ သကြားမင်းက လူ့ပြည် မဆင်းတော့ပါဘူးတဲ့။ လူ့ပြည်ဆင်းတဲ့အခါမှာ မကောင်းသူတွေအမည်စာရင်းမှတ်ဖို့ ခွေးသားရေမလောက်ငလို့ ဖြစ်ပါတယ်။ မအလပုကျယ်နဲ့ အလိုတူအလိုပါ အမည်စာရင်းတွေက ခွေးသားရေမှာ မမှတ်နိုင်လောက်အောင် များလွန်းလို့ ဖြစ်ပါတယ်။ သည်တော့ သကြားမင်းက လူ့ပြည် သူမဆင်းတော့ဘဲ သူ့ဝရဇိန်လက်နက်နဲ့ ပုကျယ်နဲ့အပေါင်းပါတစ်သိုက်ကို အဝီစိထိ အရောက်တန်းပို့မှာ ဖြစ်တဲ့အကြောင်း ကြေညာမောင်းခတ်လိုက်ရပါတယ်။
ပီတာဂလန့်
သရုပ်ဖော်ကာတွန်း ဘီရုမာ
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar