Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ် ၂ လ ၁၄ ရက်မြောက်နေ့ မြင်ကွင်း


မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ်  ၂ လ ၁၄ ရက်မြောက်နေ့ မြင်ကွင်း

(မိုးမခ) ဧပြီ ၁၅၊ ၂၀၂၂


ဧပြီလ ၁၄ ရက်  - သင်္ကြန် စစ်မြေပြင် နဲ့ တကယ့်စစ်မြေပြင် 

စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်မှာတော့ သင်္ကြန်ဟာ ဖေဖေါ်ဝါရီလလယ်လောက်က စတင်အသက်ဆုံးရှုံးရသူတွေအတွက် တိတ်ဆိတ်ခြင်းများနဲ့ ဖြတ်သန်းခဲ့တဲ့ သင်္ကြန်ဖြစ်ခဲ့သလို ကိုဗစ်ကူးစက်ကပ်ဘေးရဲ့ ကန့်သတ်ချက်တွေလည်း ရှိနေခဲ့တာကြောင့် ဘာမဏ္ဍပ်မှ မလုပ်ခဲ့သလောက် ဖြစ်ခဲ့ပါတယ်။ 

၂၀၂၂ ခုနှစ် သင်္ကြန်ကတော့ စစ်ကောင်စီကလည်း နိုင်ငံကို ထိန်းချုပ်ထားနိုင်တဲ့ သဘောမျိုး ပြသချင်တာကြောင့် သင်္ကြန်ကို မြို့တိုင်းနယ်တိုင်းမှာ ကျင်းပဖို့ ဖိအားပေးစေခိုင်းခဲ့တာတွေ့ရပါတယ်။ မြို့နယ် အလိုက် မဏ္ဍပ်တွေ ဆောက်ဖို့ သင်္ကြန်လည်မယ့်သူတွေ များအောင် အခကြေးငွေပေး ဆွဲဆောင်ဖို့ လုပ်သလို မြို့ပြပြောက်ကျားအဖွဲ့တွေကလည်း စစ်ကောင်စီရဲ့ သင်္ကြန်ကျင်းပတဲ့နေရာတွေကို ပစ်မှတ်ထား တိုက်ခိုက်မယ်လို့ ကြေညာထားတာ ဖြစ်ပါတယ်။ ရန်ကုန်မြို့ရဲ့ ပင်မမဏ္ဍပ်ဖြစ်တဲ့ မြို့တော်ခန်းမအနီးက သင်္ကြန်ကျင်းပမယ့် နေရာမှာ အကြိုနေ့မတိုင်ခင် တရက်မှာကတည်းက အသံဗုံးတလုံးပေါက်ကွဲခဲ့သလို မန္တလေးတိုင်း မတ္တရာမြို့ကနေ မန္တလေးမြို့ပေါ်က စစ်ကောင်စီက စီစဥ်ကျင်းပတဲ့ သင်္ကြန်မဏ္ဍပ်ကို အားဖြည့်ဖို့ လာတဲ့ ကွန်ပျူတာတက္ကသိုလ်က ဝန်ထမ်းတွေရဲ့ ကားကို သင်္ကြန်အကျနေ့က လမ်းခရီးမှာ ဗုံးခွဲတိုက်ခိုက်ခဲ့တဲ့ ဖြစ်စဥ်လည်း ဖြစ်ပွားခဲ့တယ်လို့ သတင်းတွေအရ သိရပါတယ်။ 

တနည်းအားဖြင့် ပြောရရင် သင်္ကြန်ပွဲ ကျင်းပဖို့ နှိုးဆော်တဲ့ စစ်ကောင်စီနဲ့ စစ်ကောင်စီကို အုပ်ချုပ်လို့ မရအောင် လုပ်ဆောင်မယ့် မြို့ပြပီဒီအက်ဖ်တွေ နဲ့ သင်္ကြန်ကို စစ်မြေပြင် သဘောမျိုးထားရင်ဆိုင် ဖို့ လုပ်ဆောင်ကြတဲ့ သဘောလည်း ဖြစ်ပါတယ်။ 

ရန်ကုန်မြို့ရဲ့ အရေအတွက် နည်းပါလှတဲ့ သင်္ကြန်မဏ္ဍပ်တွေကို ကြည့်လိုက်တဲ့အခါ အချို့သော မြို့နယ်ထွေအုပ်ရုံးတွေ အရှေ့မှာ လမ်းကို ဇစ်ဇက် သံဆူးကြိုးအတားအဆီးချပြီး ကားတစီးချင်းသာ ကွေ့ကောက်သွားနိုင်အောင် လုပ်ထားပြီး စစ်လက်နက်ကိုင်တွေက ဟိုဘက်သည်ဘက် ထိပ်တွေမှာ ကားတာယာဟောင်းတွေ အကာအကွယ်ယူကာ ကင်းစောင့်နေကြတာ တွေ့ရပါတယ်။ 

ယခင် စစ်အာဏာမသိမ်းမီ၊ ကိုဗစ်ကန့်သတ်ချက်တွေ မရှိမီကာလ သင်္ကြန်လိုကာလမှာ နံနက် ၈ နာရီကျော်တာနဲ့ ရန်ကုန်မြို့မှာ ကားအသွားအလာ ဆူညံနေသလို ကားတွေနဲ့ လှည့်လည်ကြတာ တမြို့လုံး စည်ကားခဲ့ပေမယ့် ၃နှစ်တာ ကိုဗစ် နဲ့ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခတွေ အကြားက  သင်္ကြန်က တော့ လည်ပတ်တဲ့ ကားမတွေ့ရသလောက် နဲ့ ရှင်းလင်းနေတာ ဖြစ်ပါတယ်။ 

ဆောင်းဘောက်သံ၊ သီချင်းဖွင့် လှည့်ပတ်သွားလာကြတဲ့ ကားတွေမတွေ့ရပဲ အတားအဆီးတွေ၊ သံဆူးကြိုးတွေ သေနတ်ကို ချိန်ပြီး မြို့ထဲလှည့်လည်သွားနေတဲ့ စစ်ကားတွေပဲ တွေ့ရတဲ့ သင်္ကြန်အခါ ဖြစ်နေပါတော့တယ်။ 

သင်္ကြန်စည်ခြင်း မစည်ခြင်း ရေကစားသူရှိခြင်း မရှိခြင်းဟာ စစ်ကောင်စီကို ဖြုတ်ချနိုင်ခြင်း ဖယ်ရှားရှင်းလင်း နိုင်ခြင်းနဲ့ ဆက်နွယ်နေတာ မှန်ပေမယ့် သင်္ကြန်စည်အောင် လုပ်နိုင်ခဲ့ရင်လည်း စစ်ကောင်စီအာဏာ တည်မြဲမယ်လို့ ပြောမရသလို သင်္ကြန်ဟာ ခြောက်ကပ်နေမှ စစ်ကောင်စီကို ဖြုတ်ချနိုင်လိမ့်မယ်လို့လည်း တယူသန်ကောက်ချက်ချလို့ မရဘူးလို့ မြင်ပါတယ်။

သင်္ကြန်ဟာ နိုင်ငံရေး တိုက်ပွဲရဲ့ မျက်နှာစာ တခုသာဖြစ်ပြီး စစ်ရေးတိုက်ပွဲ မျက်နှာစာမဟုတ်တာကြောင့် အဆုံးအဖြတ်က စစ်ရေးတိုက်ပွဲမျက်နှာစာမှာသာ ရှိမယ့်သဘောလည်း ဖြစ်ပါတယ်။

မြို့ပေါ်က သင်္ကြန်အကြောင်းတွေ ဆိုရှယ်မီဒီယာမှာ စိတ်ဝင်တစား ငြင်းခုံနေကြချိန်မှာ ကရင်ပြည်နယ် ရဲ့ ကော့ကရိတ်၊ မြဝတီနယ်တွေမှာတော့ ထိုးစစ်တွေ ခုခံစစ်တွေ ကာကွယ်စစ်တွေနဲ့ လက်နက်ကြီးသံ စစ် လေယာဥ် စစ်ရဟတ်ယာဥ် သံတွေ အသက်ဆုံးရှုံးမှုတွေ အကျအဆုံးသေပျောက်မှုတွေနဲ့ ပြည့်နှက်နေတာ ဖြစ်ပါတယ်။

အဲဒီဟာက တကယ့်စစ်မြေပြင် ဖြစ်ပြီး မြို့ပေါ်က သင်္ကြန်မဏ္ဍပ်တွေကတော့ စစ်မြေပြင် သဖွယ်ယူဆကြတဲ့ နိုင်ငံရေးတိုက်ပွဲ မျက်နှာစာ တခုသာ ဖြစ်တယ်လို့ ထင်မြင်မိပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar