Breaking News

ညိုထွန်းလူ - လွမ်းမိပေါ့ မမရယ်

ညိုထွန်းလူ - လွမ်းမိပေါ့ မမရယ်
(မိုးမခ) ဧပြီ ၁၅၊ ၂၀၂၂

သင်္ကြန်ရောက်ပြီဆိုတော့လည်း ရုပ်မြင်သံကြားမှာ သင်္ကြန်မိုးဇာတ်ကားကိုကြည့်ရစမြဲ။ သည်အချိန်မှာပဲ မန္တလေးကို သမီးငယ်လေးပြန်လာလေ့ရှိသည်။ ရုပ်မြင်သံကြားက သင်္ကြန်မိုးဇာတ်ကားကိုစောင့်မျှော်၍ကြည့်သည်။ ကျွန်တော်သိလိုက်ပြီ။ သမီးငယ်လေးသည် မန္တလေးကိုပြန်လာပြီး မန္တလေးကိုပဲလွမ်းနေရှာသူ။ သူ့ခမျာ မန္တလေးမှာနေ၍ သင်္ကြန်မိုးဇာတ်ကားကိုကြည့်ရင်း သူနှင့်အလှမ်းကွာခဲ့ရသည့် အတိတ်ကမန္တလေးနှင့် မန်းသင်္ကြန်ကို လွမ်းနေရှာသည်။

သေချာတွေးကြည့်လိုက်ပြန်တော့ အတိတ်ကာလသည် မည်မျှပင်ဝေးကွာသွားသည်ဖြစ်စေ အလွမ်းတွေကတော့ အရိပ်ပမာ ကပ်ငြိပါလာတတ်သည်ပဲ။ တကယ်တော့လည်း သည်အချိန်သည်အခါရောက်လေတိုင်း မန္တလေးသူ မန္တလေးသားတို့၏ သင်္ကြန်အလွမ်းတွေကို လူမှုကွန်ယက်မှာ အမြဲတွေ့ရလေ့ရှိသည်။ အလွမ်းတွေ ကြည်နူးစရာတွေက တစ်ယောက်ကိုတစ်ယောက် ကူးစီးသွားခဲ့ကြသည်။ ဒါဖြင့် ကျွန်တော်သည် ...။

သမီးငယ်လေးနှင့်အတူ သင်္ကြန်မိုးဇာတ်ကားကို ခဏတဖြုတ်ကြည့်သည်။ သဘောကျပါသည်။ နှစ်သက်ခံစားရပါသည်။ သို့ရာတွင် စိတ်ထဲမှာ တစ်ခုခုလိုနေသလိုလို။ သည်မှာပင် ထား (ခင်သန်းနု) ကို ကျွန်တော်သတိပြုမိလိုက်သည်။ ခင်သန်းနု၏အလှသည် စျေးချိုရွှေဆိုင်တန်းသူတွေ၏အလှနှင့်မတူ။ တမူကွဲပြားနေသည်မို့ ခံစား၍မရ။ သူ့အလှသည် သဏ္ဍာန်လုပ်သရုပ်ဆောင်ခဲ့ရသည့် ရုပ်ရှင်မင်းသမီးတစ်ယောက်
၏အလှမျှသာဖြစ်သည်။ သည့်ထက်မပို။ မန္တလေးသူတွေ၏ တကယ့်ပုံရိပ်အစစ်တွေနှင့် အနည်းငယ်ကွာလှမ်းနေသည်ဟု ထင်မိသည်။ဒေသစွဲကြီးနေတာကြောင့် သည်နှယ်တွေးနေရော့သလား မဆိုနိုင်။

"သင်္ကြန်မိုးထဲက ခင်သန်းနုက ကျွန်တော်တို့မန္တလေးသူတွေနဲ့မတူသလို မန္တလေးသူတွေရဲ့အလှကိုလည်း မမှီပါဘူးမမရယ်" ဟု ပြောလိုက်မိသည်။ ဟော... ကြည့်ပါဦးလေ။ မမက ကျွန်တော့်ကိုပြုံး၍ကြည့်နေ၏။ သူ့အကြည့်တွေက ပိုလိုက်တာဟု ပြောချင်နေသည်လား။ မမသည်လှ၏။ နွဲ့၏။ သူ့မျက်လုံးတွေက ရွှန်းလက်နေ၏။ သူ့အရယ်အပြုံးတွေက ကျွန်တော့်ရင်ကို လှိုက်ဖိုသွားစေ၏။ ကောင်လေးကလည်းကွာ မင်းပြောတဲ့သူတွေထဲမှာ မမ မပါပါဘူးနော် မမက မလှပါဘူးကွာ။ တကယ်ပြောတာနော် မမက မလှဘူးရယ် တဲ့။သြော် ခက်ရချည့်။  ...ကွာ။ .... နော်တွေနှင့် မမ၏အပြောတွေက ကျွန်တော့်နှလုံးသားကို ကွန်ယက်သဖွယ်အုပ်မိုးထားခဲ့ပြန်ပါပကော။

မမသည် လှလည်းလှ၏။​ စကားပြောတာလေးကလည်း မြတ်နိုးစရာ။ သည်လိုဖြင့် ပိတောက်တွေနှင့်အတူ သင်္ကြန်တွေ တစ်နှစ်ပြီးတစ်နှစ်ဖြတ်သန်းသွားခဲ့သည်။ သင်္ကြန်တွင်းတစ်ရက်မှာ မမဆီကို ကျွန်တော်ရောက်တတ်သည်။ မမ၏အလှသည် ဝင်းပနေဆဲ။ သူ့အရယ်အပြုံးတွေက ချိုမြနေဆဲ။ သူ့မျက်လုံးအကြည့်တွေက ကျွန်တော့်ကိုလွှမ်းမိုးနေဆဲ။ မမက မလှပါဘူးကွာဟု ရယ်သံလွင်လွင်လေးနှင့်ပြောရင်း ကြည်နူးပျော်ရွှင်နေဆဲ။

မမကို ကျွန်တော်လွမ်းသည်။ တမြန်မနှစ်က ကိုဗစ်ရောဂါတွေရောက်လာကတည်းက သင်္ကြန်ရက်တိုင်း မမဆီကို ကျွန်တော်မရောက်ဖြစ်တော့ပါ။ မမသည် ဖေ့စ်ဘွတ်မသုံးတတ်ပါ။ မည်သို့ပင်ဖြစ်စေ မမသည်ကျွန်တော့်ရင်ထဲမှာရှိနေစမြဲ။ မမကိုသတိရရင်း ဆရာမောင်သာရ၏ ထမီကျွတ်၍ လွှတ်လိုက်သည်ဝတ္ထုထဲက မသည်းအူပျော်နေရသူမို့ထင့် သင်္ခါရနှင့်မပတ်သက် စိုးစဉ်းမျှလည်း အလှမပျက်ပါတကားဟု စာအချို့ကို သတိရလိုက်မိသည်။ ဟုတ်သည်။ ကျွန်တော့်အတွက်တော့ မမသည် သင်္ခါရနှင့်ဝေးကွာနေဆဲ။ လှဆဲ တခါတလေတော့ ဟက်ဟက်ပက်ရယ်မောရင်း ကောင်လေးကလည်းနော် မမက မလှပါဘူးကွယ်ဟု ညည်းညူဟန်ပြုရင်း ကြည်ကြည်နူးနူးဖြင့် ပြောတတ်စမြဲ။ကျွန်တော့် အသက်ရှူသံတွေ မြန်ဆန်သွား၏။ အဝေးဆီသို့လှမ်းမျှော်ကြည့်ရင်း မမရေ အားလုံးပျော်ကြမယ့်သင်္ကြန်ရောက်ရင် ကျွန်တော်လာခဲ့မယ်နော်ဟု တိုးတိုးလေးပြောလိုက်မိသည်။ သည်တော့လည်း ကြည်နူးအပြုံးရိပ်တွေဖြင့် မမကိုမြင်ယောင်သွားခဲ့ရသည်။ လွမ်းမိပေါ့မမရယ် ... ကျွန်တော်လွမ်းနေမိခဲ့ပေါ့။

ညိုထွန်းလူ

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar