Breaking News

ကိုကျော် (မြစ်ကြီးနား) - ဓာတ်ဆီပြီးရင် စားသုံးဆီတွေလည်း ဈေးတက်လိမ့်မယ်

ကိုကျော် (မြစ်ကြီးနား) - ဓာတ်ဆီပြီးရင် စားသုံးဆီတွေလည်း ဈေးတက်လိမ့်မယ်
(မိုးမခ) ဧပြီ ၂၅၊ ၂၀၂၂

ဧပြီလ ၂၂ ရက်နေ့မှာ ကမ္ဘာ့စားအုန်းဆီ အများဆုံးထုတ်လုပ်တဲ့ အင်ဒိုနီးရှားနိုင်ငံက ပြည်တွင်းစားသုံးဆီဈေးနှုန်း မြင့်တက်လာမှုကို ထိန်း ချုပ်ဖို့အတွက် ပြည်ပသို့ စားအုန်းဆီတင်ပို့ရောင်းချမှု ယာယီပိတ်ပင်လိုက်ပါတယ်။ 

ဒါကြောင့် ကမ္ဘာတဝှမ်း သုံးစွဲနေကြတဲ့ စားအုန်းဆီ၊ ပဲပိစပ်ဆီ၊ နေကြာဆီနဲ့ rapeseed oil (Canola oil) တို့ရဲ့ ဈေးနှုန်းများက မြင့်တက်သွားလိမ့်မယ်လို့ ပညာရှင်များက ခန့်မှန်းကြပါတယ်။

"အင်ဒိုနီးရှားရဲ့ ဆုံးဖြတ်ချက်က စားအုန်းဆီကိုသာမက ကမ္ဘာတဝှမ်းရဲ့ ဟင်းရွက်ဆီများကိုပါ အကျိုးသက်ရောက်စေမှာဖြစ်ပါတယ်" လို့ commodities consultancy LMC International ဥက္ကဌ James Fry က ပြောပါတယ်။

စားအုန်းဆီကို ဟင်းချက်ရာမှာသာမက ကိတ်မုန့်၊ အလှကုန်ပစ္စည်းနဲ့ သန့်ရှင်းရေးပစ္စည်းများတို့မှာ အသုံးပြုကြပြီး ကမ္ဘာတဝှမ်း ဟင်းရွက်ဆီတင်ပို့မှုရဲ့ ၆၀ ရာခိုင်နှုန်းခန့်ရှိပြီး အင်ဒိုနီးရှားရဲ့ စားအုန်းဆီတင်ပို့မှုက သုံးပုံတစ်ပုံခန့် ရှိပါတယ်။ "ကမ္ဘာတဝှမ်းက အဓိကစားသုံးဆီများ တင်ပို့ရောင်းချမှု ကျဆင်းလာတဲ့အခြေအနေ ဖြစ်နေပါတယ်။ တောင်အမေရိကမှာ မိုးခေါင်မှုကြောင့် ပဲပိစပ်ဆီ၊ ကနေဒါမှာ canola ဆီထွက်သီးပင် မဖြစ်ထွန်းတဲ့ပြဿနာကြောင့် rapeseed ဆီ၊ နဲ့ ယူကရိန်းစစ်ပွဲကြောင့် နေကြာဆီ စတဲ့ အဓိကစားသုံးဆီ တင်ပို့ရောင်းချမှုများက မလုံလောက်မှုဖြစ်နေပါတယ်" လို့ James Fry က ပြောပါတယ်။

လွန်ခဲ့တဲ့ ၆ လလောက်ကတည်းက မလေးရှားမှာ အလုပ်သမားများ မလုံလောက်မှုမှအစ အာဂျင်တီးနားနဲ့ ကနေဒါတို့မှာ မိုးခေါင်မှု စတဲ့အခြေအနေတို့ကြောင့် စားသုံးဆီဈေးနှုန်းများ ၅၀ ရာခိုင်နှုန်းကျော်အထိ ဈေးတက်ခဲ့ပါတယ်။ အာဂျင်တီးနားနဲ့ ကနေဒါတို့က ပဲပိစပ်ဆီနဲ့ canola ဆီ အများဆုံး တင်ပို့ရောင်းချတဲ့နိုင်ငံများ ဖြစ်ကြပါတယ်။

အစတုန်းက စားသုံးဆီကုန်ကြမ်း မလုံလောက်မှုကြောင့် နေကြာဆီ အဓိကတင်ပို့တဲ့ ယူကရိန်းမှ ဝယ်ယူခြင်းဖြင့် ပြသာနာကို အနည်းငယ်ဖြေရှင်းနိုင်မယ်လို့ ကုမ္ပဏီများက မျော်လင့်ခဲ့ကြပါတယ်။ ဒါပေမဲ့ ရုရှားရဲ့ကျူးကျော်တိုက်ခိုက်မှုကြောင့် ယူကရိန်းမှ တင်ပို့ရောင်းချမှု ရပ်တန့်ခဲ့ပါတယ်။ ဒါကြောင့် ကုန်ကြမ်းလိုအပ်ချက်ကို ဖြည့်ဆည်းဖို့ ကုမ္ပဏီများက အင်ဒိုနီးရှားဖက်လှည့်ပြီး စားအုန်းဆီကို ပုံပြီးဝယ်ယူဖို့ လုပ်လာခဲ့ပါတယ်။ အင်ဒိုနီးရှားအစိုးရက စားအုန်းဆီတင်ပို့မှုကို ပိတ်ပင်လိုက်ပြန်တာကြောင့် ဝယ်ယူလိုတဲ့ ကုမ္ပဏီများအတွက် နှစ်ကြိမ်ဒုက္ခရောက်စေပါတယ်လို့ Solvent Extractors Association of India (SEA) မှ ဥက္ကဌ Atul Chaturvedi က ပြောပါတယ်။

စားအုန်းဆီတင်သွင်းတဲ့ အိန္ဒိယ၊ ဘင်္ဂလားဒေါ့ရှ် နဲ့ ပါကစ္စတန် နိုင်ငံတို့က မလေးရှားမှတဆင့် များများဝယ်ယူဖို့ ကြိုးစားကြမှာ ဖြစ်ပေမဲ့ ကမ္ဘာ့ဒုတိယအကြီး စားအုန်းဆီတင်ပို့တဲ့ မလေးရှားက လိုအပ်ချက်ကို အပြည့်ဖြည့်ဆည်းပေးနိုင်မှာ မဟုတ်ဘူးလို့ Atul Chaturvedi က ရှင်းပြပါတယ်။

"အင်ဒိုနီးရှားရဲ့ စားအုန်းဆီကို ဘယ်သူကမှ အစားထိုးပေးနိုင်မှာ မဟုတ်ပါဘူး၊ နိုင်ငံအားလုံးက ပြဿနာအကျိုးဆက်ကို ခံစားရမှာဖြစ်ပါတယ်" လို့  Pakistan Edible oil Refiners Association (PEORA) ဥက္ကဌ Rasheed JanMohd မှ ပြောပါတယ်။

အမေရိကန်မှ ကမ္ဘာ့အကြီးဆုံး အစားအစာနဲ့ လူသုံးကုန်ပစ္စည်းမျိုးစုံ ထုတ်လုပ်တဲ့ကုမ္ပဏီများ Uniliver, P&G (Procter & Gambe) နဲ့ Nestle တို့ကလည်း အင်ဒိုနီးရှားရဲ့ စားအုန်းဆီတင်ပို့မှု ပိတ်ပင်မှုကြောင့် ဒုက္ခရောက်ကြမှာဖြစ်ပါတယ်။ Ferrero Rocher ချောကလက် နဲ့ Nutella (ပေါင်မုန့်သုတ်ထောပတ်ခရင်မ်ကုမ္ပဏီ) တို့ကလည်း အဓိကကုန်ကြမ်းအဖြစ် သုံးရပါတယ်။

၂၀၁၆ ခုနှစ်မှာ Uniliver က စားအုန်းဆီအကြမ်း တန်ချိန် ၁ သန်းကို သုံးခဲ့တယ်လို့ပြောခဲ့ပြီး လက်ရှိနောက်ဆုံး ဒေတာအချက်အလက်များကို ထုတ်ဖော်ဖို့ ငြင်းဆိုခဲ့ပါတယ်။

၂၀၂၀ ခုနှစ်မှာ နာမည်ကျော် KitKat ချောကလက်များ ထုတ်လုပ်တဲ့ကုမ္ပဏီကလည်း စားအုန်းဆီ တန်ချိန် ၄၅၃,၀၀၀ အသုံးပြုခဲ့ပြီး အများစုက အင်ဒိုနီးရှား နဲ့ မလေးရှားတို့မှ တင်သွင်းခဲ့တယ်လို့ သူတို့ရဲ့ဝက်ဆိုက်မှာ ဖော်ပြထားပါတယ်။ 

Oreo တံဆိပ် ကွတ်ကီးမုန့်များ ထုတ်လုပ်တဲ့ကုမ္ပဏီ MONDELEZ INTERNATIONAL က တကမ္ဘာလုံးသုံးစွဲတဲ့ စားအုန်းဆီရဲ့ ၀.၅ ရာခိုင်နှုန်းကို အသုံးပြုတယ်လို့ သူတို့ရဲ့ဝက်ဆိုက်မှာ ဖော်ပြထားပါတယ်။

နို့ထွက်ပစ္စည်းများ ခရင်မ် ဒိန်ချဥ် စတဲ့ စားသုံးကုန်ပစ္စည်းထုတ်လုပ်တဲ့ DANONE က ၂၀၁၈ ခုနှစ်မှာ စားအုန်းဆီ တန်ချိန် ၇၁,၀၀၀ ဝယ်ယူခဲ့ပါတယ်။

အလှကုန်ပစ္စည်းများ ထုတ်လုပ်တဲ့ ကမ္ဘာကျော် L'OREAL ကုမ္ပဏီက ၂၀၂၁ ခုနှစ်မှာ စားအုန်းဆီ တန်ချိန် ၃၁၀ နဲ့ စားအုန်းဆီမှ ထပ်ဆင့်ထုတ်လုပ်တဲ့ ကုန်ကြမ်းပစ္စည်းများကို ဝယ်ယူသုံးစွဲခဲ့ပြီး ပမာဏက စားအုန်းဆီ တန်ချိန် ၇၁,၀၀၀ နဲ့ ညီမျှတယ်လို့ သိရပါတယ်။ ။

ကိုးကား
Reuters - April 24, 2022 - Factbox: From spreads to shampoo, palm oil is part of everyday life. 
Reuters - April 25, 2022 - Indonesia's palm oil export ban leaves global buyers with no plan B)

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar