မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ် ၂ လ ၁၆ ရက်မြောက်နေ့ မြင်ကွင်း
မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ် ၂ လ ၁၆ ရက်မြောက်နေ့ မြင်ကွင်း
(မိုးမခ) ဧပြီ ၁၇၊ ၂၀၂၂
ဧပြီလ ၁၆ ရက် - နိုင်ငံရေး အရိပ်ထိုးခဲ့တဲ့ သင်္ကြန်၊ တနှစ်ကျော်ကာလရဲ့ နောက်လှည့်ကြည့်ခြင်းနဲ့ အနာဂတ်ကို လှမ်းမျှော်ကြည့်ခြင်း
ဆယ်စုနှစ်များစွာအတွင်း မြန်မာ့ရိုးရာ သင်္ကြန်ဟာ နိုင်ငံရေးအရိပ်ထိုးခဲ့ပြီး နိုင်ငံရေးတိုက်ပွဲမျက်နှာစာတခု ဖြစ်ခဲ့တဲ့ သင်္ကြန်ပွဲတပွဲ ဖြစ်ခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်လို၊ ၄၉/ ၅၀ ခုနှစ်တွေက ပြည်တွင်းစစ်ကာလလိုမျိုး ကိုဗစ်ကူးစက်မှုကြောင့် မကျင်းပခဲ့တဲ့ ကာလမျိုးရှိကောင်းရှိခဲ့ပေမယ့် အခုလို သင်္ကြန်ကို နိုင်ငံရေး စစ်မျက်နှာတခုအနေနဲ့ အခင်းအကျင်းတခုအနေနဲ့ လူထုထောက်ခံမှု ပြသရာအဖြစ်အပျက်တခုအနေနဲ့ ပွဲတော်မျိုး မကြုံခဲ့ကြဖူးဘူးလို့ ထင်ပါတယ်။
ဒီလို အဖြစ်အပျက်မျိုး အခြေအနေမျိုးဟာ ဆယ်စုနှစ်များစွာအတွင်း ပထမဆုံး ကြုံကြရတာလို့ မြင်မိပါတယ်။ ဗုံးကွဲမှုတွေ အများအပြား ရှိခဲ့သလို ထိခိုက်ဒဏ်ရာရ သူတချို့လည်း ရှိခဲ့ပါတယ်။ နိုင်ငရေး စစ်ရေးကြောင့် စီးပွားရေးကြောင့် သပိတ်မှောက်မယ် အန္တရာယ်ရှိနိုင်တယ်လို့ ပြောဆိုထားတဲ့ ခြောက်ကပ်တဲ့ သင်္ကြန်ပွဲ ၄ ရက်တာက ဒီနေ့မှာ ပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်။
ရခိုင်ပြည်နယ်ကတော့ လွန်ခဲ့တဲ့ နှစ်တွေမှာ လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပျက်နေခဲ့ပြီး လူတွေ အသက်ဆုံးရှုံးခဲ့ရတာ၊ ရွေးကောက်ပွဲနဲ့ ကိုဗစ်ကူးစက်မှုကြောင့် မကျင်းပခဲ့ရတာတွေ အလွန်မှာ ယခုနှစ် လွတ်လွတ်လပ်လပ် ကျင်းပခဲ့ကြတာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်အနေနဲ့ အခြားသောပြည်နယ် တိုင်းတွေမှာ သင်္ကြန်ကျင်းပနိုင်ခဲ့ချိန်မှာ မကျင်းပနိုင်ခဲ့ကြတာကြောင့် အခုလို ကာလမှာ လွတ်လပ်စွာ ပျော်ရွှင်ပါစေလို့ မုဒိတာစိတ်နဲ့ ရှုမြင်ပေးကြသူလည်း အများအပြားရှိပါတယ်။
ဒီနှစ်သင်္ကြန်ကာလအပြီး အမျိုးသားညီညွတ်ရေးအစိုးရရဲ့ သတင်းစာရှင်းလင်းပွဲကို ယနေ့ ဧပြီလ ၁၆ ရက်နေ့မှာ အွန်လိုင်းကနေ ကျင်းပခဲ့ပါတယ်။ သတင်းစာရှင်းလင်းပွဲ မကျင်းပမီကတည်းက ယာယီသမ္မတ ဖြစ်သူ ဒူးဝါးလရှီလက မြန်မာနိုင်ငံရဲ့ ဧရိယာ ၅၀ ရာနှုန်းကို PDF တွေ စိုးမိုးထားနိုင်ပြီလို့ မိန့်ခွန်းထဲ ပြောဆိုခဲ့ပြီး သတင်းစာရှင်းလင်းပွဲမှာလည်း NUG ရဲ့ ပြောခွင့်ရသူတွေက နယ်မြေအားဖြင့် ၅၀ ရာနှုန်းလောက်ကို စိုးမိုးထားနိုင်ပြီလို့ ဆိုလိုက်ပါတယ်။
အဲဒီဒေသတွေမှာ အုပ်ချုပ်ရေး တရားစီရင်ရေးတွေ စတင်လုပ်ဆောင်နေပြီလို့လည်း ဆိုပါတယ်။ ဘယ်ဒေသတွေလဲ ဆိုတာတော့ မြို့ ၊ ကျေးရွာ အမည်နဲ့ အတိအကျ ပြောဖို့အချိန်မကျသေးလို့ မပြောနိုင်သေးဘူးလို့ ဆိုပါတယ်။ အဲဒီဒေသတွေကို ထိုးစစ်တွေ တိုက်ခိုက်မှုတွေ ရှိနေတာကြောင့်လို့လည်း ပြောသွားတာ ဖြစ်ပါတယ်။
၅၀ ရာနှုန်းလို့ ရည်ညွှန်းတဲ့ ဒေသတွေထဲမှာ စစ်ကိုင်းတိုင်းလို မကွေးတိုင်း မြောက်ပိုင်းလို ၊ ချင်းပြည်နယ်လို၊ ကချင်နဲ့ ကယားပြည်နယ်လို ဒေသတွေ ပါဝင်မယ်လို့ မှန်းဆရပါတယ်။ အဲဒီဒေသတွေထဲမှာ စစ်ရေးအရ လှုပ်ရှားမှုတွေ နေ့စဥ် အပတ်စဥ် လစဥ်လို ရှိနေတဲ့ ဒေသတွေဖြစ်ပြီး မတည်မငြိမ်ဖြစ်နေတဲ့ ဒေသအများအပြားပါဝင်တာလည်း ဖြစ်ပါတယ်။ အုပ်ချုပ်ရေး ဆိုတဲ့နေရာမှာ လက်နက်ကိုင် တပ်ဖွဲ့တွေ စိုးမိုးထားနိုင်တဲ့ အာဏာကို ဆိုလိုတာလား အရပ်ဖက်အုပ်ချုပ်ရေး မျိုးကို တည်ဆောက်နေတာကို ဆိုလိုတာလား ရှင်းရှင်းလင်းလင်း မသိရပါဘူး။
အုပ်ချုပ်ရေးလို့ ဆိုခဲ့ရင်တော့ အခွန်အကောက်၊ အများပြည်သူ ကျန်းမာရေး ပညာရေးအတွက် စီစဥ်ဆောင်ရွက်မှုတွေအထိရှိဖို့ လိုအပ်မှာ ဖြစ်ပြီး တရားစီရင်ရေး၊ တရားဥပဒေစိုးမိုးရေးအဖွဲ့တွေလည်း လိုအပ်မှာ ဖြစ်ပါတယ်။ သို့ပေမယ့် ကောင်းကောင်းထိန်းချုပ်ထားနိုင်တဲ့ နယ်မြေတွေ ရှိသလို စစ်ရေးအခြေအနေအရ ရွှေ့ပြောင်း ဆုတ်ခွာလိုက်၊ ပြန်သိမ်းလိုက် လုပ်ရတဲ့ နယ်မြေတွေလည်း ရှိကောင်းရှိနေမှာမို့ အဲလိုနေရာဒေသတွေမှာ အုပ်ချုပ်ရေး တရားစီရင်ရေး တည်ဆောက်နိုင်ဖို့ အခက်အခဲရှိနေမှာ အမှန်ပဲ ဖြစ်ပါတယ်။
NUG အစိုးရဖွဲ့စည်းပြီး တနှစ်တာကာလမှာ PDF ဖွဲ့စည်းပြီးနောက် တနှစ်နီးပါးအကြာမှာ PDF အင်အား ဘယ်လောက်ရှိလာပြီလဲ၊ အင်အားဘယ်လောက်ရာနှုန်းက NUG ရဲ့ အမိန့်ပေး ညွှန်ကြားမှုအောက်မှာ ရှိပြီးကျန်တဲ့ ဘယ်လောက်ရာနှုန်းက ဒေသအလိုက် ဖွဲ့စည်းထားတဲ့ PDF အဖွဲ့လဲ၊ စတာတွေက စစ်ရေးအရ အရေးကြီးပြီး လျှို့ဝှက်ရမယ့် အချက်အလက်တွေ ဖြစ်လို့ မထုတ်ပြန်တာမျိုးလည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ သို့ပေမဲ့ NUG အနေနဲ့တော့ ကုန်လွန်ခဲ့တဲ့ ၁ နှစ်တာကို ပြန်သုံးသပ်ပြီး မှန်ကန်တဲ့ နိုင်ငံရေး စစ်ရေး လမ်းစဥ်ကို ဆက်လက်ကျင့်သုံးကာ မှားယွင်းတဲ့ လမ်းစဥ်တွေကို ပြင်ဆင်ဖို့ လိုအပ်မယ်လို့ ထင်မြင်မိပါတယ်။
ဒလန်ရှင်းလင်းရေးလို လုပ်ဆောင်မှုမျိုးတွေက လူ့အခွင့်အရေး စံချိန် စံနှုန်းတွေနဲ့ ကိုက်ညီမှု ရှိ၊ မရှိ ဒလန်ဆိုတဲ့ စွပ်စွဲမှုက ဘယ်လို လုပ်ဆောင်မှုမျိုးကို ခေါ်ဆိုတာလဲ ၊ NUG အနေနဲ့ သတင်းပေးသူ ဖြစ်ခဲ့ရင်တောင် သူ့ကို သေဒဏ်ပေးသင့်၊ မသင့် စတဲ့ နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်းတွေ နဲ့ ယှဥ်ပြီးလမ်းညွှန်မှုတွေ ညွှန်ကြားမှု အမိန့်တွေ ထုတ်ဖို့ လိုအပ်မယ်လို့လည်း မြင်မိပါတယ်။ ဒလန်ရှင်းလင်းရေးက မြို့ရွာထဲ၊ ကျေးရွာထဲ လက်စားချေမှုတွေ မတည့်သူတွေကို ချောက်ချဖို့ အခွင့်အလမ်း သို့မဟုတ် အုပ်ချုပ်ရေးဒေါက်တိုင်ဆိုတဲ့ စကားလုံးနဲ့ သတ်ဖြတ်တာတွေက လက်ဝဲစွန်း အယူအဆတွေထဲ ကျရောက်ပြီး သမိုင်းမှာ အမည်းစက်တွေ ထင်ကျန်ရစ်နိုင်ပါတယ်။ လုပ်ကြံသတ်ဖြတ်မှုတွေက လူမှုအသိုင်းအဝိုင်းထဲမှာလည်း ကြိးမားတဲ့ ဒဏ်ရာတွေ ဖြစ်နိုင်ပြီး ဆယ်စုနှစ်နဲ့ချီ စွဲကျန်ရစ်နိုင်ပါတယ်။
NUG အစိုးရအဖွဲ့မှာ လူ့အခွင့်အရေး ဝန်ကြီးဌာနလို ရှိနေပြီးဖြစ်လို့ အခုလို ကိစ္စရပ်တွေကို အဆိုပါဝန်ကြီးဌာနအနေနဲ့ တိတိကျကျ လမ်းညွှန်ပြောဆိုမှုတွေ ရှိသင့်ပြီဖြစ်ပါတယ်။ တနှစ်တာ သတင်းတွေထဲ စစ်ရေး တိုက်ခိုက်မှုတွေနည်းတူ ဒလန်ဆိုတဲ့ စွပ်စွဲချက်နဲ့ လုပ်ကြံသတ်ဖြတ်မှုသတင်းတွေက အရေအတွက် ဆတူနီးပါး ဖတ်ရှုနေခဲ့ရတာ ဖြစ်လို့ ဒီကိစ္စနဲ့ပတ်သက်လို့ ပြန်လည် သုံးသပ်ပြောဆိုမှုတွေ ရှိသင့်ပြီလို့ ယူဆမိပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar