ညိုထွန်းလူ - အကြမ်းပန်းကန်လုံးထဲမှာ
(မိုးမခ) ဧပြီ ၁၇၊ ၂၀၂၂
မွန်းလွဲတစ်နာရီခန့်ရှိပြီ။ လူတယောက်တလေမျှ ရှိမှရှိသေးရဲ့လားဟု တွေးရလောက်အောင် အားလုံးတိတ်တိတ်ဆိတ်ဆိတ် ငြိမ်ငြိမ်သက်သက်။ အိမ်ရှေ့လမ်းပေါ်မှာလည်း အသွားအလာရှင်းနေ၏။ လာနေကျဆိုင်ကယ်စျေးသည်တွေဆီက အော်လံအသံတွေလည်း မကြားရ။ ကျွန်တော်တို့တရပ်ကွက်လုံး နေပူပြင်း၍ ကိုယ့်အိမ်ထဲမှာပဲ ငြိမ်ကုပ်နေကြရသည်လော။ ထို့အတူ အော်လံကြီးဖွင့်၍ လာသည့်စျေးသည်တွေကလည်း သင်္ကြန်ရက်နီး၍ သူတို့ဇာတိနေရပ်ဆီသို့ပြန်သွားကြပြီလော။ ကျွန်တော်ဖြင့် ရပ်ကွက်ထဲမှာ အော်လံဖွင့်ပြီးစျေးရောင်းသည့်စျေးသည်တွေကိုတော့ တယ်လည်းအမြင်မကြည်လင်ချင်။ မည်သို့ပင်ဖြစ်စေ ခေတ်ကလည်း ယခင်နှင့်မတူတော့သည်ကိုး။
လမ်းလျှောက်ရောင်းချသည့်စျေးသည်တွေမရှိသလောက် နည်းပါးသွားခဲ့ပြီး ဆိုင်ကယ်တွေနှင့်ရောင်းသည့်စျေးသည်တွေများလာခဲ့သည်။ သူတို့သည်ရပ်ကွက်ထဲသို့ ဆိုင်ကယ်ကိုတလှိမ့်ချင်းမောင်းလာပြီး အဆင်သင့်အသံသွင်းထားသည့်အော်လံကိုဖွင့်၏။ ပြီးတော့ ကိုယ့်အိမ်ရှေ့မှာလေးငါးမိနစ်ခန့် ရပ်ချင်ရပ်နေတတ်၏။ အဲသည်ဆိုင်ကယ်စျေးသည်တွေက ရပ်ကွက်လမ်းထဲသို့ တောင်အရပ်မှလာသည်လည်းရှိ၏။မြောက်အရပ်ဆီမှလည်းလာကြ၏။ တခါတရံ အော်လံကိုယ်စီဖွင့်ရင်း ဆုံချင်လည်းဆုံကြ၏။
စဉ်းစားကြည့်ပါ။ နေပူပြင်းရသည့်အထဲ လျှပ်စစ်မီးမလာ၍ ချွေးတလုံးလုံးဖြင့် ခွေလုလု ယိုင်တိုင်တိုင်ဖြစ်နေချိန်မှာ အော်လံဆီက နာပျော်ဖွယ်မရှိသည့်အသံတွေကြားလိုက်ရပြီဆိုမှဖြင့် ဘယ်လောက်များဒေါသဖြစ်စရာကောင်းလိုက်ပါသလဲ။ နေ့စဉ်နှင့်အမျှ မကြားချင်ဘဲနားဆင်ရသည့်ဒုက္ခက မသေးလှပေ။ ခက်တာက သည်နေ့တော့ ကြားနေကျအသံတွေကိုမကြားရ၍ စိတ်ထဲမှာတခုခုလိုနေသလိုလို ဖြစ်နေမိပြန် သည်။ သည်မှာပဲ ကိုယ့်ကိုယ်ကို ပြန်လည်ဆင်ခြင်ကြည့်မိသည်။ တကယ်တန်းတော့ စားဝတ်နေရေးဆိုသည့် အရေးသုံးပါးတွေဖြင့်နပန်းလုံးရင်း စိတ်တိုင်းမကျဖြစ်နေချိန်တွင် စျေးရောင်းလာကြသည့်ဆိုင်ကယ်စျေးသည်တွေအပေါ် ကျွန်တော်က မဆီမဆိုင် အမြင်မကြည်လင်နေခြင်းသာဖြစ်သည်။
မြို့ပြလူ့အဖွဲ့အစည်းထဲက ရုန်းကန်ဖြတ်သန်းနေကြရသည့် သာမန်လူတွေအဖို့ စိတ်လက်ပေါ့ပါးစွာဖြင့် နေ ထိုင်ရသည့်နေ့ရက်တွေက နည်းသည်။ ပူပန်ကြောင့်ကျစရာတွေက တခုမဟုတ်တခုရှိနေတတ်သည်။ လူ့သဘောကား ထူးဆန်းလှ၏။ တရက်တလေမျှ အေးအေး သက်သာလေးနေလိုက်ရပြန်တော့လည်း ကြုံခဲ့ရသည့်စိတ်မောလူမောပင်ပန်းဆင်းရဲသမျှတွေကလည်း မေ့ပျောက်သွားရပြန်သည်။ ခံတက်ချဉ်သည်လာလို့ ဝယ်ထားတယ်ဟု အမျိုးသမီးကပြောသည်။ ကျွန်တော်သည် အညာမှာမွေးပြီး အညာဓလေ့ရွာဓလေ့ဖြင့် ကြီး ပြင်းလာခဲ့သူဖြစ်၍ သူ့အခါသူ့ရာသီရောက်မှ စားရသည့်ရာသီစာကလေးတွေကို မက်မောသည်။
သည်လိုအချိန်မှာ အဆင်သင့်လျှင် ခံတက်ချဉ်သုပ် ဒါမှမဟုတ် ဟင်းဂလာချဉ်သုပ်လေးတွေကို စားရကံ ကြုံစမြဲ။ ကြက်သွန်ဖြူ သုံးလေးမွှာလောက်ထည့်။ ပြီးမှကြက်သွန်နီများများနှင့် နီနီရဲရဲငရုပ်သီးမှဲ့တွေကို ထောင်းထည့်ပြီးနောက် ဆီရွှဲရွှဲဆမ်းထားသည့် ကိုယ့်အကြိုက် ခံတက်ချဉ်သုပ်ကို မြင်ယောင်သွားရင်း လျှာတစိုစိုဖြစ်သွားရသည်။ ရာသီဥတုပူပြင်းနေချိန် ခံတက်ချဉ်သုပ်လေးကို တစ်ဇွန်းပြီး တစ်ဇွန်း ကော်စားလိုက်။ ထို့နောက် ရေနွေးကြမ်းပူပူလေးကို တဖူးဖူးမှုတ်သောက်လိုက်ဆိုမှဖြင့် အလိုလေးဗျာ ရှူးရှူးရှဲရှဲမြည်သံတွေထွက်ကုန်ပြီး လူတစ်ကိုယ်လုံးမှာလည်း ချွေးတွေတရွှဲရွှဲ။
'ခံတက်ချဉ်အိုးကိုဖွင့်လိုက်တော့ အနံ့လေးသင်းနေတာ အညွန့်ကလေးတွေချည်း အချဉ်တယ်ထားတာရယ်။ လက်ဖက်ရည်အကြမ်းပန်းကန်တလုံးကို ၃၀၀ ဆိုလို့ နှစ်လုံးငါးရာနဲ့ဆစ်ပြီး တစ်ထောင်ဖိုး၀ယ်လိုက်ရတာတောင် များများမရဘူး။ စျေးသည်ရဲ့အကြမ်းပန်းကန်က အိမ်ကအကြမ်းပန်းကန်ရဲ့ တစ်ဝက်သာသာပဲရှိတာလေ"
စားပွဲပေါ်က အကြမ်းပန်းကန်လုံးကို အမျိုးသမီးကမေးငေါ့ပြလိုက်ရင်း ပြောလိုက်သည်။ မည်သို့ဖြစ်သွားမှန်းမပြောတတ်ပါ။ ခံတက်ချဉ်ကို ရုတ်တရက်မေ့လျော့သွားပြီး အကြမ်းပန်းကန်လုံးလေးကိုပဲ ငေးမောကြည့်နေမိပြန်သည်။ သူ့သက်တမ်းမနည်းတော့ပါ။ နှစ်ငါးဆယ်ခန့်ရှိပြီ။ တရုတ်တန်းစျေးမှ လက်ဖက်ရည်ကရားနှင့်အကြမ်းပန်းကန်တွေ အစုံလိုက် အမေဝယ်လာခဲ့သည်ကို ကျွန်တော်မှတ်မိသည်။ အဖေက ရေနွေးကြမ်းကြိုက် သည်။ မနက်တိုင်း ချက်ပြုတ်ပြီးစီးသည်နှင့် ရေနွေးအိုးတည်ပြီးနောက် ဆူပွက်လာသည်နှင့် ဓာတ်ဘူးထဲသို့ အဆင်သင့်ထည့်ထားရသည်။ နေ့လည်လောက်ရောက်သည်နှင့် ဓာတ်ဗူးထဲကရေနွေးတွေကို ကရားထဲသို့သွန်ထည့်လိုက်ပြီးနောက် လက်ဖက် ခြောက်အနည်းငယ်ခပ်လိုက်သည်။ လက်ဖက်ရည်ကြမ်းဝိုင်းစတင်ဖို့ အဆင်သင့်ဖြစ်သွားခဲ့ပြီ။
များသောအားဖြင့် အဖေ့လက်ဖက်ရည်ကြမ်းဝိုင်းသည် သူတယောက်တည်းသာရှိတတ်သော်လည်း ပျင်းစရာမရှိ။ စာဖတ်ရင်း ရေနွေး ကြမ်းလေးမော့လိုက်။ တွေးလိုက်စသည်ဖြင့်။ အိမ်သို့ဧည့်သည်တွေရောက်လာလျှင်တော့ လက်ဖက်ရည်ကြမ်းဝိုင်းသည် မြိုင်ဆိုင်စိုပြေသွားခဲ့သည်။ ကျောက်မဲမြို့သား သူငယ်ချင်း စိုင်းမြင့်သိန်းမန္တလေးကိုအလည်လာတိုင်း လက်ဆောင်လက်ဖက်ခြောက်ထုပ်တွေ ယူလာတတ်၍ အဖေသဘောကျ၍မဆုံး။ ရှမ်းကြီးလာမှပဲ လက်ဖက်ခြောက်ကောင်းကောင်းခပ်သောက်နိုင်တာကွ၊ မင်းသောက်ကြည့်ပါလား၊ အနံ့ရောအရသာရောသိပ်ကောင်းတာဟုပြော၍ သူ့လက်ဖက်ရည်ကြမ်းဝိုင်းထဲသို့ ဖိတ်ခေါ်လိုက်သည်။
ကျွန်တော်က အင်းမလှုပ် အဲမလှုပ်။ လက်ဖက်ရည်ကြမ်းကိုမကြိုက်သည်လည်းမဟုတ် ကြိုက်သည်ဟုလည်း မဆိုနိုင်ပြန်။ လက်ဖက်ခြောက်လက်ဆောင်ယူလာခဲ့သည့် ကျွန်တော့်သူငယ်ချင်းသည်လည်း ကျွန်တော့်လိုပဲဖြစ်လိမ့်မည်ထင်သည်။ လက်ဖက်ရည်ကြမ်းကို နှစ်နှစ်ခြိုက်ခြိုက်ဖြင့်သောက်တာ တခါမျှမတွေ့ခဲ့ရ။
အမှန်တော့ နှစ်ကာလများစွာတည်ရှိခဲ့သော လက်ဖက်ရည်ကြမ်းဝိုင်းသည် ချစ်စရာကောင်းသည့်မြန်မာ့ယဉ် ကျေးမှု ကျေးလက်ဓလေ့ဖြစ် သည်။ အိမ်ကိုရောက်လာသည့်ဧည့်သည်တိုင်းကို လက်ဖက်ရည်ကြမ်း ဆေးပေါ့ လိပ် လက်ဖက်ပွဲစသည်တို့ဖြင့် ဧည့်ဝတ်ပြုကြသည်။ လက်ဖက်ရည်ကြမ်းသောက်ရင်း ရပ်ရေး ရွာရေး လူမှု ရေး စီးပွားရေးတွေအကြောင်း ဆွေးနွေးနိုင်သည်။ လက်ဖက်ရည်ကြမ်းဝိုင်းမှာသုံးလေယောက်လည်း ရှိချင်ရှိမည်။ လေးငါးယောက် ဆုံချင်လည်း ဆုံတတ်သည်။ တခါတရံတော့ နှစ်ယောက်တည်းဖြင့် ဝိုင်းဖွဲ့တတ်သည်။ သို့ဖြင့် လက်ဖက်ရည်ကြမ်းဝိုင်းဖွဲ့ရင်း တယောက်နှင့်တယောက် ရင်းနှီးသွားကြသည်။ ဆုံတွေ့ဖန်များတော့ တယောက်အကြောင်းတယောက်ပိုသိလာရသည်။ အပြန်အလှန်နားလည်မှုတွေရှိသွားသောအခါ အမြင်လွဲမှားစရာအကြောင်းမရှိတော့။ ထို့ပြင် လက်ဖကရည်ကြမ်းဝိုင်းမှာ မည်သူ့ကိုမျှမလာရဟု ကန့်သတ်ထားခြင်းမရှိပါ။ ကချင်လည်း လက်ဖက်ရည်ကြမ်းဝိုင်းမှာ ထိုင်နိုင်သည်။ ရှမ်း ကရင် ကယား ချင်းတို့လည်း ထိုနည်းတူ။ မွန်နှင့်ရခိုင်တို့လည်း ဝိုင်းဖွဲ့နိုင်သည်။
ကျွန်တော်တို့နိုင်ငံတွင် တချိန်က လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် တနေရာနှင့်တနေရာက အလှမ်း ကွာနေကြသည်။ အနေဝေး၍ တယောက်အကြောင်းကို တယောက် မသိကြ။ အပြန်အလှန်နားလည်မှုတွေအားနည်းသွားသောအခါ အမြင်တိမ်းစောင်းမှုတွေဖြစ်ပေါ်တတ်သည်။ ထိုအခါ တိုင်းပြည်အတွက်ငြိမ်းချမ်းရေးသည် ခရီးမရောက်နိုင်ကြဘဲရှိတတ်သည်။ သည်တော့လည်း လက်ဖက်ရည်ကြမ်းဝိုင်းသည် ဟိတ်ဟန်မလို တဦးနှင့်တဦးရင်းနှီးခင်မင်သွားစေပြီး ထိုမှတဆင့် ညီညွတ်ခြင်း ငြိမ်းချမ်းသာယာခြင်းကိုဖော်ဆောင်ပေးနေတာပါလားဟု နားလည်လိုက်မိသည်။ အဲယားကွန်းအခန်းထဲက ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေအကြောင်း မီဒီယာမှတဆင့် ဖတ်ရှုရပါ၏။ ဆွေးနွေးလိုက်ကြ ခဏနေတော့ တိုက်ပွဲတွေပြန်ဖြစ်ကြရင်း သံသရာလည်နေလျက်ရှိသည်မို့ သည်နှယ်ဆွေးနွေးပွဲမျိုးတွေကို ကျွန်တော့်အဖို့ယုံကြည်ရမှာ ခက်ခဲနေလေသည်။
လက်ဖက်ရည်ကြမ်းဝိုင်းမှတော့ အဲသည်လိုမဟုတ်ပါ။ အပေးအယူအလျော့အတင်းတွေဖြင့်လည်း ညှိနှိုင်းစရာမလိုပါ။ အနိမ့်အမြင့် အဆင့်ခွဲခြားထားခြင်းလည်းမရှိပါ။ ရိုးသားပွင့်လင်းသည်။ အားလုံးတန်းတူရည်တူ။ ရင်း ရင်းနှီးနှီးပြောဆိုကြရင်း တယောက်ကိုတယောက်တန်ဖိုးထားပြီး အပြန်အလှန်နားလည်မှုတွေတိုးပွားလာသည်နှင့်အမျှ ယုံကြည်ချစ်ခင်မှုတွေခိုင်မြဲလာခဲ့သည်။
သို့သော်လည်း မြန်မာ့ယဉ်ကျေးမှု ကျေးလက်ဓလေ့ လက်ဖက်ရည်ကြမ်းဝိုင်းသည် ယနေ့အချိန်မှာတော့ မြို့ပြဝန်းကျင်မှာ မှေးမှိန်ပျောက်ကွယ်သွားခဲ့ရလေပြီ။ ထိုအခါ အဖေ့ထံမှကောင်းမြတ်သောအမွေကို ကျွန်တော်မဆက်ခံနိုင်ခဲ့၍ စိတ်မကောင်းဖြစ်ရသည်။ ဒါကလည်း ခေတ်နှင့်မျိုးဆက်၏ ချိတ်ဆက်မှုပြေလျော့သွားခြင်းကြောင့်ဖြစ်မည်ထင်ပါသည်။ ကျွန်တော်တို့ကတော့ လက်ဖက်ရည်ဆိုင်မှာပဲ ဆုံတွေ့ကြသည်။လက်ဖက်ရည်ဆိုင်ထိုင်ရင်းဖြင့် ရေနွေးကြမ်းတခွက်နှစ်ခွက်လောက် သောက်ဖြစ်သည်။ ဘာရယ်မဟုတ် ကိုယ့်ရှေ့မှာရှိနေ၍ သောက်လိုက်မိခြင်းသာ။ လွန်ခဲ့သည့်လေးငါးနှစ်လောက်က အနယ်နယ်အရပ်ရပ်သို့ စာပေဟောပြောပွဲတွေရောက်ဖြစ်သည်။ အထူးသဖြင့် စစ်ကိုင်းတိုင်းထဲမှာ နေရာအနှံ့ရောက်ခဲ့သည်။ လမ်းပန်းမသာသည့်တချို့ရွာတွေမှာ ညအိပ်ခဲ့ရသည်။ ခေတ်နှင့်အတူဖြတ်သန်းနေကြသည့် ကျေးလက်ဒေသတွေမှာလည်း ပြောင်းလဲသွားကြလေပြီ။ ချက်အရက်နေရာမှာ ဘီယာပုလင်းတွေရောက်လာခဲ့သည်။ စလောင်းတွေက မိုးသို့မျှော်လျက်။ လက်ကိုင်ဖုံးတွေကိုပွတ်၍ ကျယ်ဝန်းသော လောကဝန်းကျင်ထဲမှာ စိတ်အာရုံတွေထွေပြားနေလျက်။
မည်သို့ပင်ဖြစ်စေ ကိုယ့်အိမ်ရောက်လာကြသူတိုင်းကို လက်ဖက်ရည်ကြမ်းအိုးဖြင့် ဧည့်ခံကြစမြဲ။ သူ့ချည်းသာမဟုတ်။ ကြွေပန်းကန်ပြားထဲမှာ ဒေသထွက်အစားအစာတွေပါစမြဲ။ အဖေရှိခဲ့စဉ်က ရေနွေးကြမ်းတခွက်တောင် မော့သောက်ဖော်မရသော ကျွန်တော်သည် ဒေသခံတွေနှင့်အတူ လက်ဖက်ရည်ကြမ်းဝိုင်းဖွဲ့ရင်း လွတ် လပ်ပေါ့ပါးနေလျက်။ ရပ်ရွာဒေသအကြောင်း စိုက်ပျိုးသီးနှံတွေအကြောင်း မေးဖြစ်သည်။ ကျွန်တော်တို့နိုင်ငံတွင် ကျေးလက်ဒေသမှာ လူဦးရေအများဆုံးနေထိုင်ကြတာမဟုတ်ပါလား။ စိုက်ပျိုးရေးနိုင်ငံဖြစ်၍ ကျေးလက်ဒေသတွေကိုအားထားရသည်။ စာပေဟောပြောပွဲမှပြန်လာတိုင်း တခဏဆုံခဲ့ရသည့်နယ်ခံတွေ၏ပုံရိပ်တွေက ကျွန်တော်နှင့်အတူကပ်ပါလာခဲ့သည်။ ယော ဆောကျောက်ထုနှင့် ထီးလင်း ဂန့်ဂေါမြို့တွေဆီက အမှတ်ရစရာတွေ။
ဟိုးအထက်မှာတော့ ခန္တီး ဟုမ္မလင်းနှင့် ဖောင်းပြင်။ ပြီးတော့ ဗန်းမောက်ပင်လည်ဘူး ကောလင်းနှင့်ဝန်းသို။ ရေဦး တန့်ဆည် ရွှေဘို ဝက်လက် အရာတော်။ ထိုမှတဖန် ဧရာဝတီနှင့်ချင်းတွင်းကြားရှိ ကျွန်းမြေထဲကရွာတွေ။ ကနီ ယင်းမာပင်နှင့် ပုလဲဘက်မှာလည်း သွားခဲ့ရသေးသည်။ ဘယ်နေရာပဲရောက်ရောက် ဝမ်းပန်းတသာကြိုဆိုကြ၍ ကိုယ့်ဆွေကိုယ့်မျိုးရှိရာသို့ ပြန်လာရသလိုခံစားရသည်။ ယခုတော့လည်းဘယ်ဆီကိုမှလည်း မသွားနိုင်တော့၍ ဖေ့စ်ဘွတ်ထဲမှာပဲ အာရုံကျက်စားနေမိသည်။
ဖေ့စ်ဘွတ်ကြည့်ပြန်တော့လည်း စိတ်ချမ်းသာမှုက နည်းနည်းပဲရသည်။ ကျွန်တော်ရောက်ခဲ့သည့်အရပ်ဒေသတွေဆီက အဖြစ်အပျက်တွေကိုမြင်တွေ့ရသောအခါ ငေးငိုင်သွားရတော့သည်။ အနိဋ္ဌာရုံလွှမ်းနေသည့် သတင်းနှင့်ဓာတ်ပုံတွေက ကျွန်တော့်အား ချွန်ထက်သည့်အရာဖြင့်ထိုးစိုက်လိုက်သည့်အလား ပြင်းရှစွာနာကျင်ခံစားနေမိသည်။ တဆက်တည်းမှာ မြို့ပြ၏မွန်းကျပ်မှုထဲမှာ လုံးထွေးနေရသည့် ကိုယ့်အဖြစ်က ဘာမျှမဟုတ်ပါလားဟု တွေးမိလိုက်သည်။ စားပွဲပေါ်မှ အကြမ်းပန်းကန်လေးကို သတိလက်လွတ်ငေးစိုက်ကြည့်နေမိသည်။ ကျွန်တော့်အတွေးနှင့်ခံစားချက်တွေက လက်ဖက်ရည်အကြမ်းပန်းကန်လုံးကလေးထဲမှာ လှိုင်းထန်နေလျက်။ ကျွန်တော်တို့သည် ငြိမ်းချမ်းရေးကိုလိုချင်သည်။ နေရသခိုက်လူ့ဘဝတွင် စိတ်အေးလက်အေးနေချင်မိသည်။ ဝါးကြမ်းပြင်ပေါ်က လက်ဖက်ရည်ကြမ်းဝိုင်းသည် ငြိမ်းချမ်းသာယာခြင်း၏အမှတ်လက္ခဏာဖြစ်သည်။ လက်ဖက်ရည်ကြမ်းဝိုင်းဆီမှ ရယ်မောသံတွေကိုကြားရသောအခါ ချမ်းမြေ့ပျော်ရွှင်သွားရသည်။
သို့သော်လည်း သဗ္ဗေသင်္ခါ အနိစ္စာဆိုသည်ကို မေ့လျော့နေမိသည်ကော။ အရာရာကို ထိတ်လန့်စိုးရိမ်နေရသော ကျွန်တော့်မှာဖြင့် ရေနွေး ကြမ်းအိုးက လွင့်စင်သွားပြီး အကြမ်းပန်းကန်းလုံးတွေ အစိတ်စိတ်အမွှာမွှာကွဲကြေသွားကြသည်ကို မြင်ယောင်သွားမိလိုက်သည်နှင့်အသက်ရှူကျပ်သွားရတော့သည်။ အတိတ်အာရုံထဲမှာနစ်မြောရင်း အကြမ်ပန်းကန်လုံးကလေးကိုပဲ အထူးအဆန်းသဖွယ် စိုက်ကြည့်နေမိသည်။ လက်တဆုပ်စာမျှရှိမည့်သည်ပန်းကန်လုံးလေးထဲမှာဖြင့် မွန်းကြပ်မှုတွေ နာကျင်မှုတွေနှင့်အတူ စာနာကရုဏာစိတ်တွေ ရောထွေးနေလျက်။ အပြင်ဘက်မှာတော့ နေသည် ဝင်းဝင်းတောက် ပူပြင်းနေလျက်ရှိသည်။
ညိုထွန်းလူ
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar