မင်းကိုနိုင် - တော်လှန်ရေးဆိုတာ ယုံကြည်သူတို့ရဲ့အရာ
(မိုးမခ) ဧပြီ ၁၇၊ ၂၀၂၂
ရောက်ရာအရပ်က ရရာနည်းနဲ့တော်လှန်နေကြတဲ့အချိန်မှ ာပြည်ထောင်စုအနှံ့က ပြည်သူတွေရဲ့ တော်လှန်သင်္ကြန် သပိတ်တွေနဲ့ စစ်ကောင်စီကို အန်တုကြတာတွေ့ကြမှာပါ။ (စစ်ကောင်စီဇွတ်ပုံဖေါ်ဟန်ပြချင်နေတဲ့ အနည်းငယ်သောချွင်းချက်ကို မဆိုလို) ပါ။ အဓိကအကျဆုံးဖြစ်တဲ့ပြည်သူဟာ အပျော်အပါးထက် အနာဂတ်ကိုတန်ဖိုးထားသူများဖြစ်ကြောင်း ပြနေတာပါ။
ပွဲတော်ရက်မနွှဲလိုက်ရလေခြင်းလို့ မရေတွက်ပဲ အားလုံးဘဝအိပ်မက်တွေဖျက်ဆီးခဲ့သူကိုသာ တည့်တည့်ရင်ဆိုင်အံတုနေဆဲပါ။
မျိုးဆက်သစ်တွေထဲမှာလည်း ထို့အတူပါပဲ။ တော်လှန်ရေး သတိအမြဲရှိကြသူတွေ၊ ဘယ်တော့မှ အချင်းချင်းမငြူဆူ၊ ပွဲလမ်းတွေကိုလည်း မမက်ပဲ စစ်ကောင်စီကိုသာ တစိုက်မတ်မတ်တိုက်နေတဲ့ မျိုးဆက်တွေကိုလည်းတွေ့မှာပါ။ သူတို့က တော်လှန်ရေးကို ရိုးရိုးရှင်းရှင်းပဲမြင်တယ်။ တော်လှန်ရေးဆိုတာ ယုံကြည်သူတို့ရဲ့အရာ၊ ဘာမှမဝေဝါးဘူး၊ ချီတုံချတုံ၊ ချိနဲ့နဲ့အဘိဓမ္မာမျိုးမဟုတ်ဘူး။
တချို့သံချပ်ထိုးတဲ့ video ကလစ်တွေမှာဆို သံချပ်ဝတ်စုံရှိဟန်မတူ။ PDF ယူနီဖောင်းကြီးနဲ့ပဲ သံချပ်ထိုးချလိုက်တာပါ။ ဘာလုပ်လုပ် တင့် တယ်နေတဲ့ယူနီဖောင်းကိုမှန်ကန်စွာသုံးလိုက်တာပါပဲ။ ဒီလိုပဲ PDF သမီးပျိုလေးကလည်း သူ့ရဲဘော်တွေအတွက် သကြန်အကကို ဒီဝတ်စုံနဲ့ပဲကပါတယ်။ ဒါ ဘာကိုပြနေသလဲဆိုတော့ ပင်ကိုယ်တွေက၊ ဂီတာ တယောကိုင်တဲ့လက်တွေ၊ ကီးဘုတ်ကိုင်တဲ့လက်တွေ၊ စုတ်တံဆေးခွက်ကိုင်တဲ့လက်တွေကိုး။
အာဏာမသိမ်းခင်ကာလကိုပြန်ကြည့်ရအောင်ပါ။ ရန်ကုန်မြို့တော်ခန်းမရှေ့ ပန်းခြံထဲက သံစုံတီးဝိုင်းတခု။ တီးမှုတ်သူတွေက ဆယ်ကျော် သက်နဲ့ လူငယ်အများစု။ သီဆိုသူတွေက လာနားထောင်ရင်း ဝင်ဆိုခွင့်ရသွားတဲ့ ရွယ်တူပရိသတ်တွေ။ ဘာအနှောင့်အယှက်မှမရှိ၊ ဘယ်သူကမှ မလေးမခန့်မလုပ်။ တမြတ်တနိုးအားပေးခဲ့ကြတာ။ ထို့နောက် ပူးပေါင်းခဲ့ကြတာပါ။ ဆိုတဲ့သီချင်းကလည်း ဘာပေါ်လစီသီချင်းမှမဟုတ် မေတ္တာဖွဲ့တေးမျှသာ။ နောက်တော့ ဝင်ပါရမှန်းသိ။ လေးစားမှုအပြည့်နဲ့ ဝင်ဆိုကြ။ တဦးနဲ့တဦးကြားလဲ ဘာအတားအဆီးမှမရှိ၊ ဘာခွဲခြားဆက်ဆံမှုမှမရှိ၊ အချင်းချင်းချစ်ခင်သောမျက်လုံးများဖြင့်သာ ကြည့်ကြကုန်၏။ အသားအရောင်လိင်၊ အမျိုးဘာသာကိစ္စမဟုတ်။ “လူသားချင်းသာ” ဆိုတဲ့သက်တန့်ကြီးက ထင်းထင်းကြီးပေါ်ခဲ့တဲ့ထိုညနေ။
ဒါတကိုယ်တော်လက်စွမ်းပြမဟုတ်၊ စုဖွဲ့မှုအလှတရားသာ။ ငါတို့ပေါင်းလုပ်ကြမယ် ပေါင်းဖန်တီးကြမယ်ဆိုတဲ့ အသိနဲ့ အကျင့်။ ဒါမျိုးအား လုံးပါဝင်ခွင့်ရသည့် (စုပေါင်းတာဝန်ယူရသည့်) မြေပြင်ဂီတမျိုး ဘယ်ခေတ်မှာ ရခဲ့ဖူးကြပါသလဲ။ ယခုမျိုးဆက်သစ်ခေတ်မှာမှ ရတာပါ။ သူတို့ဒါတွေကို ”ကမ္ဘာကြီးရဲ့ကျက်သရေရှိသည့်ဝတ်စုံ” ဖြစ်မှန်းသိ၍ ကျကျနနဆင်မြန်းတတ်နေပြီ။
ဒီလိုအနာဂါတ်ပျိုးပင်လေးချ စိုက်ချိန်မျိုးမှာ၊ လိုချင်တာမရ၍ အကြောင်းပြချက်ခပ်ညံ့ညံ့ဖြင့် အာဏာထသိမ်းလိုက်ရာ၊ ငယ်သူအိပ်မက်တွေအားလုံး မတရားကျင့်ခံလိုက်ရသည်။ ဒီကတော်လှန်ရေးစသည်။
သတိထားမိကြပါဦးမည်။ အဲဒီနှစ်ပိုင်းတွေမှာ Landscape မြေပြင်အလှဆင်လုပ်ငန်းတွေ၊ ပျိုးဥယျာဉ်လုပ်ငန်းတွေ၊ အိမ်မွေးတိရစ္ဆာန်အစာဆိုင် အရုပ်ဆိုင်တွေ အပြိုင်အဆိုင်ရှင်သန်ကြီးထွားလာကြတာ။ ဒါ ဘာကိုပြနေသလဲဆိုတော့ လူတွေဟာချစ်တတ်ကြောင်း၊ သဘာဝတရားကိုတန်ဖိုးထားတတ်ကြောင်း၊ လောကကိုအလှဆင်ချင်ကြကြောင်း၊ သက်သေပြဖို့ကြိုးစားနေကြတာ။ ယဉ်ကျေးသောခေတ်သစ်ကမ္ဘာကို ငါတို့လည်းလိုက်ဖို့ နှလုံးရည်မီပါတယ်ဆိုတာ အဓိကပြလိုက်တဲ့နှလုံးသားစောင်းကြိုးတွေပဲ မဟုတ်ပါလား။ ဒီလိုအချိန်မျိုးမှာမှ ယဉ်ကျေးသောမျိုးဆက်အား အာဏာသိမ်းစိန်ခေါ်လိုက်သည်။ ခေါ်သံထူးသံတွေနဲ့ ရရာကိုင်ဆွဲတိုက်ပွဲဝင်ရင်း ခုပီဒီအက်ဖ်ဝတ်စုံကြီးနဲ့ သံချပ်ထိုးနေရပြီ။ ပီဒီအက်ဖ်လက်မောင်းတံဆိပ်ကြီးနဲ့ နတ်သျှင်နောင်ကို တယောထိုးနေရပြီ။
သံချပ်တစ်ဖွဲ့ကိုကြည့်ပါ။ ဘာတူရိယာမှမရှိလည်း ရအောင်သံချပ်ထိုးပြသည်။ အိုးခွက်ပန်းကန်ပလတ်စတစ်ပုံးတွေကို အထာကျကျ၊ အဌာရ သဆယ့်ရှစ်ရပ် အကုန်တတ်ကြောင်းလည်းပြသွားသည်။ ကျွန်တော်တို့တော်လှန်ရေးက ဒါမျိုးဖြစ်သည်။ မရှိရှိတာနဲ့ ရအောင်လုပ်ပြမယ့် ဇွဲခပ်သည့်ပြည်သူမျိုး။ မိုင်တဲတာဝါတိုင်ကိုတောင် လောင်ချာလုပ်ပစ်တဲ့ပြည်သူမျိုးပဲ။ လူစွမ်းလူစပိုင်းကတော့ ပေမှီ ဒေါက်မှီ။ ဒါဖြင့် ဘာလိုသေးသလဲမေးရင် ဘဏ္ဍာရေးပဲ။ ဖြေရှင်းနည်းတွေလည်းပေးထားပြီ။ ရက်ပိုင်းအတွင်း သိန်းပေါင်းထောင်ချီရှာပေးနိုင်သည့် C2D လို အစီအစဉ်တွေ တီထွင်နိုင်ခဲ့ပြီ။
ကမ္ဘာ့သမိုင်းမှာ ဘယ်တော်လှန်ရေးမှာမှမရှိဖူးသည့် ကြံဆနိုင်စွမ်းတွေပြခဲ့ပြီ။ ထပ်ထွင်နိုင်ပြန်တာက click နှိပ်ရင်း၊ Game ဆော့ရင်း ငွေရှာပြမည့်နည်းလမ်း။ စစ်အာဏာရှင်ကို ညာဏ်ပညာက နည်းပညာလှိုင်းစီး၍ ရော့ အဲ့ဒီမှာတကွက်ဟု ”ပြ” လိုက်ပြီ။ ပြည်သူတွေ ဘာတာဝန်ယူရမလဲ။
အဖြေက နိုင်ချင်ရင် ကလစ်ပါ။
မြန်မြန်နိုင်ချင်ရင် များများကလစ်။
ရှင်းပ။
ဒါက မျိုးဆက်သစ်တွေရဲ့တော်လှန်ရေးသတင်းစကား။ နိုင်ရာတာဝန်ယူကြရုံသာ။ Bond ဝယ်၊ click လုပ်။ နိုင်ရာအားစိုက်လုပ်ရုံသာ။ ယန္တရားတွေကရှိပြီးသား၊ မောင်းအားသာလိုသည်။ ရက်ပိုင်းအတွင်း ပြည်သူ့အစိုးရရဲ့ MoD အပါအဝင် ဝန်ကြီးဌာနတွေကလည်း တနိုင်ငံလုံးအခြေအနေကို ပြည်သူ့ထံအစီရင်ခံတော့မည်။ ယခုရက်ထဲ ပြည်သူ့အောင်ပွဲတွေကလည်း စစ်ကောင်စီဘက်သားတွေအတွက် ခါးသီးသောအမှန်တရားတွေအဖြစ် မထွေးနိုင် မအန်နိုင်ဝါးနေရ။
ဒီခေတ်လောက် သူတို့အကျအဆုံးများတဲ့ခေတ်မရှိ။ လူတိုင်းအသိ။ စစ်တပ်ထဲအပြိုအကွဲအများဆုံး ခေတ်၊ အဆိုးဆုံးခေတ်၊ ပြည်သူ့ဆန့်ကျင်ခံရမှုအများဆုံးခေတ်။
စခန်းကုန်းတခုလောက်ရချင်ရမည်။ ပြည်သူနှလုံးသားကိုတော့ ထာဝရ ဆုံးရှုံးလိုက်ရပြီဆိုတာ သူတို့သိသည်။ ထီးမူနန်းဟန် အရပ်ဝတ်ဟန်တွေနဲ့လှည့်စားသည့်တိုင် မနိုင်။ ပြည်သူက ဖက်ပေါင်းစုံကဆန့်ကျင်နေကြမြဲ။ အလုံးစုံတိုက်ပွဲ သူတို့ရှုံးမှာပဲ။ ပြည်သူနိုင်မှာပဲ။ ပြောပြီးသား။ ဒီလိုအချိန်Non CDM တွေ တိမ်းတိမ်းပွေပွေ ဘာစဉ်းစားနေသနည်း။ တခုပဲပြောချင်သည်။ စစ်ကောင်စီထံအသုံးတော်ခံ Non CDM များ မိမိရုံးမှမောင်းထုတ်ခံရပြီဆိုလျှင် ထိုပီဒီအက်ဖ်လူငယ်ကလေး၏မျက်နှာကို စေ့စေ့ကြည့်ပါ။
ထိုမှသည် စစ်ကောင်စီဒေါက်တိုင်အဖြစ်တရားစွဲဆိုခံရသူများ၊ ထိုနေ့မှာ၊ စေ့စေ့ပြန်ကြည့်ပါ။ အဲဒီမျက်နှာကို မှတ်မိပါသလား။ “ရုံးမတက်နဲ့ ရုန်းထွက်ပါ“ လို့ မြို့လယ်ခေါင်လမ်းပေါ် ဒူးထောက်တောင်းပန်ခဲ့တဲ့ လူငယ်လေးရဲ့မျက်နှာကိုမှတ်မိပါရဲ့လားဟု။
မင်းကိုနိုင်
၁၆/၄/၂၀၂၂
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar