ကိုကျော် (မြစ်ကြီးနား) - ကိုဗစ်ပိုးမျိုးကွဲသစ် XE အကြောင်း သိထားစရာ
(မိုးမခ) ဧပြီ ၉၊ ၂၀၂၂
အိုမီခရွန်မျိုးကွဲသစ် XE ဗြိတိန်မှာ ကူးစက်ပျံ့နှံ့နေပြီး ကမ္ဘာ့နိုင်ငံတချို့မှာ ကူးစက်မှုအနည်းငယ် တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
Mayo Clinic မှ ကူးစက်မှုရောဂါဆိုင်ရာ ပရော်ဖက်ဆာ Dr. Andrew Badley ရဲ့ ရှင်းပြချက်အရ အလွယ်ကူဆုံးပြောရရင် နဂိုမူလ အိုမီခရွန်မျိုးကွဲက BA.1 အဲဒီနောက်မှာ BA.2 (အမေရိကန်နဲ့ တခြားနိုင်ငံတွေမှာဖြစ်နေပြီး ပိုပြီးကူးစက်လွယ်တဲ့အမျိုးအစား)၊ XE က ပထမ ၂ မျိုးစလုံးပေါင်းစပ်ထားတဲ့ မျိုးကွဲသစ်ဖြစ်ပါတယ်။ မျိုးကွဲတွေပေါင်းစပ်သွားမှုက တခြားသောဗိုင်းရပ်ပိုးများမှာလည်းရှိကြပြီး ပိုပြီးအန္တရာယ်များတယ်လို့ မဆိုလိုပါဘူး။ ဗြိတိန်သုတေသနပညာရှင်များနဲ့ ဧပြီလ ၅ ရက်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO တို့မှထုတ်ပြန်ခဲ့တာက XE မျိုးကွဲက BA.2 ထက် ၁၀ ရာခိုင်နှုန်းခန့် ပိုပြီးကူးစက်လွယ်ကြောင်း ဒါပေမဲ့ နောက်ထပ် သုတေသနပြုလေ့လာမှုများ လိုအပ်သေးကြောင်း ဖော်ပြထားပါတယ်။
ဇန်နဝါရီလ ၁၉ ရက် ၂၀၂၂ ခုနှစ်မှာ ဗြိတိန်မှာ ပထမဆုံး XE ကူးစက်မှုကို စမ်းသပ်တွေ့ရှိခဲ့ပါတယ်။ UKHSA ရဲ့ မတ်လ ၂၅ ရက်နေ့ ထုတ်ပြန်ချက်အရ စုစုပေါင်း XE ကူးစက်မှု ၆၀၀ ကျော်ကို တွေ့ရှိခဲ့ပါတယ်။ ဧပြီလ ၄ ရက် ကထိုင်းနိုင်ငံ ဘန်ကောက်မှာ တစ်ယောက်နဲ့ ဧပြီ ၆ ရက်က အိန္ဒိယ မွန်ဘိုင်းမှာတစ်ယောက် XE ကူးစက်မှုကို စမ်းသပ်တွေ့ရှိခဲ့တယ်လို့ Bloomberg သတင်းအရ သိရပါတယ်။
◾️XE ကို စိုးရိမ်ဖို့လိုသလား?
"အလွယ်ကူဆုံး အဖြေပေးရရင် အကယ်၍ ကာကွယ်ဆေးထိုးထားမယ် ကျန်းမာရေးလည်းကောင်းတယ်ဆိုရင် စိတ်ပူစရာမရှိပါဘူး၊ ကာကွယ်ဆေး မထိုးထားဘူး တခြားရောဂါတွေလည်းရှိနေရင် ဂရုစိုက်ဖို့လိုပါမယ်" လို့ ပရောဖက်ဆာ Badley က ပြောပါတယ်။
◾️ဘာတွေကို မသိရသေးသလဲ?
"လက်ရှိအချိန်အထိ လုံလောက်တဲ့ သက်သေအထောက်အထားတွေ မရှိသေးတာကြောင့် XE ရဲ့ ကူးစက်မှု၊ ရောဂါပြင်းထန်မှု အခြေအနေတွေကို နောက်ဆုံးကောက်ချက်ချလို့ မရသေးပါဘူး။ ကိုဗစ်ကာကွယ်ဆေးတွေက အိုမီခရွန် BA.1 နဲ့ BA.2 ကူးစက်မှု ရောဂါလက္ခဏာတွေကို ကာကွယ်ပေးနိုင်တာကြောင့် XE မျိုးကွဲသစ်ကူးစက်မှုကိုလည်း ကာကွယ်ပေးနိုင်လိမ့်မယ် ဆိုတာ အကြောင်းပြစရာ အများကြီးရှိပါတယ်" လို့ Badley က ပြောပါတယ်။
ဗြိတိန်အစိုးရကျန်းမာရေးဌာ (UKHSA) မှ XE နဲ့ တခြားသောမျိုးကွဲသစ် XF နဲ့ XD တို့ကို လေ့လာစောင့်ကြည့်နေပြီး လက်ရှိအချိန်ထိ ဗြိတိန်မှာ XF ကူးစက်မှု ၄၀ အောက်ခန့်သာ စမ်းသပ်တွေ့ရှိခဲ့ပါတယ်။ XD ကူးစက်မှုကိုတော့ ဗြိတိန်မှာ မတွေ့ရှိရသေးဘဲ ကမ္ဘာတဝှမ်းမှ အချက်အလက်အရ XD ကူးစက်မှု ၄၉ ခု (အများစုက ပြင်သစ်မှာတွေ့ရှိ) ရှိတယ်လို့ သိရပါတယ်။ WHO မှလည်း XE, XD နဲ့ တခြားသော ပေါင်းစပ်မျိုးကွဲသစ်များကို လိုက်လံခြေရာခံလျက်ရှိကြောင်း။ ။
(ကိုးကား။ ။ TIME - April 8, 2022 - What to Know About the XE Variant)
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar