ညိုထွန်းလူ - ရင်မှာခိုင်မြဲ ယုံကြည်မျှော်လင့်ခြင်းတွေ
ညိုထွန်းလူ - ရင်မှာခိုင်မြဲ ယုံကြည်မျှော်လင့်ခြင်းတွေ
(မိုးမခ) ဧပြီ ၉၊ ၂၀၂၂
တမြန်မနေ့က နံနက်သုံးနာရီလောက်မှာ မိုးတွေရွာသည်။ မိုးနှင့်အတူ လေကလည်း ခပ်ကြမ်းကြမ်းပါလာခဲ့သည်။ ရေပါသည့်မိုး ဖြစ်၍ ကျွန်တော် သဘောကျသွား၏။ ဒါက ဘောလုံးသမားတွေလိုပြောရလျှင် ရာသီဥတုက ကိုယ့်ဘက်မှာရှိနေသည်မို့ ဟန်ကျလိုက်ပါဘိ။ မိုးရွာချလိုက်၍ အပူဓာတ်တွေ ချက်ချင်းကင်းဝေးသွားပြီး နောက်နှစ်ရက်လောက်အထိ အေးအေးသက်သာ နေခွင့်ရတော့မည်။
ကျွန်တော်တို့သည် နည်းပညာဖွံ့ဖြိုးတိုးတက်သည့်ခေတ်ကြီးထဲမှာ ရှင်သန်နေထိုင်ကြရသော်လည်း ပူပြင်းသည့်နွေရာသီရောက်တိုင်း မိုးတပြိုက် ရွာချလိုက်ဖို့အရေးကို အမြဲမျှော်နေရဆဲ။
နေရောင်ဝင်းဝင်းတောက်နေသည့် မိုးကောင်းကင်ဆီသို့ အမှတ်တမဲ့ လှမ်းမျှော်ကြည့်ရင်း မိုးရွာမည့် တိမ်စိုင်တိမ်လိပ်တွေ ရှိလိုရှိငြား ယောင်မှားရှာဖွေနေမိဆဲ။ မည်သို့ပင်ဖြစ်စေ မနေ့ညပိုင်းကရွာချလိုက်သည့်မိုးသည် အေးမြခြင်းကို ဆောင်ယူလာခဲ့သည်မို့ လာခြင်းကောင်းသည့်မိုး ဖြစ်သည်။ ရက်မကြာ နောက်ထပ် တမိုးများ ရွာလိုက်လျှင်ဖြင့်ပျော်စရာ။
ဧပြီလထဲမှာ ကောင်းကင်ကောဇာဂြိုဟ် အပြောင်းအလဲတွေ ရှိသည်။ အင်္ဂါဂြိုဟ်က ဧပြီ ၇ ရက်နေ့မှာ ကုမ်ရာသီသို့ ပြောင်းသည်။ ဗုဒ္ဓဟူးဂြိုဟ်ကလည်း မနေ့က မိဿရာသီကို ပြောင်းသွား၏။ကောင်းကျိုးပေးသည့် ကြာသပတေးဂြိုဟ်ကတော့ ဧပြီ ၁၃ ရက် သင်္ကြန်အကြိုနေ့မှာ မိန်ရာသီသို့ရောက်တော့မည်။ သည်တော့ ဂြိုဟ်တွေ အကူးအပြောင်းကလည်း ကိုယ့်ဘက်မှာ ရှိနေခဲ့သည်။သည်မှာပင် အားတက်စရာအတွေးတွေကြောင့် တခဏမျှ စိတ်ပေါ့ပါးသွားရသည်။
မိုးအေးအေးမှာစိတ်အာရုံတွေက ပျံ့လွင့်နေပြီး ဟိုရောက် သည်ရောက်။
ဗေဒင်အကြောင်းကို တွေးရင်း သန္နိဋ္ဌပြက္ခဒိန်ကြည့်ပြီး သူ့အတွေး သူ့စိတ်ကူးနှင့်သူ ရှိနေတတ်သည့် အဖေ့ကို သတိရမိလိုက်သည်။ အဖေသည် နေ့စဥ်နေ့တိုင်း ရေဒီယိုနားထောင်သည်။စာဖတ်သည်။ တခါတရံတော့ သန္နိဋ္ဌပြက္ခဒိန်စာအုပ်ဖွင့်ကြည့်သည်။ ပြီးတော့ နံရံပေါ်မှာ ချိတ်ထားသည့် ပြက္ခဒိန်ကို ကြည့်ပြန်သည်။ သူ့ကွမ်းအစ်အဖုံးပေါ်မှာလည်း သင်္ကြန်စာက အဆင်သင့်ခေါက်လျက်သားရှိသည်။
ယခုအချိန်တော့ အဖေ့အမွေကို ကျွန်တော် ဆက်ခံလိုက်ရပြီ။ နားလည်တတ်ကျွမ်း၍ မဟုတ် စူးစမ်းလေ့လာရုံမျှသာ။ နေ့စဥ် ဖေ့စ်ဘွတ်ကို ကြည့်လိုက်၊ စိတ်ကူးရလျှင်ဗေဒင်ဘက် ရောက်သွားပြီး သန္နိဋ္ဌစာအုပ်ကို ဖွင့်ကြည့်လိုက်။ ပြီးတော့ တင်ပလ္လင်ခွေထိုင်ရင်း ကွမ်းတမြုံ့မြုံ့ဖြင့် ဟိုဟိုသည်သည် တွေးနေမိတတ်သည်။
နေရောင်ပါးပါးလင်းနေသည့် နံနက်ခင်း။ ကျွန်တော့်မျက်လုံးတွေက မျက်နှာချင်းဆိုင်အိမ်ရှေ့ရှိ ပိတောက်ပင်ကြီးဆီသို့ ရောက်သွားသည်။ ပိတောက်တွေ ပွင့်နေသည်ကို တွေ့ရသည်။ စိမ်းမြသစ်ရွက်တွေကြားမှာ အဝါရောင် အစက်အပြောက်တွေ ဖောက်ထားသည့်နှယ် ရင်ကို အေးမြသွားစေသည့် ပိတောက်ပွင့်ကလေးတွေ။ တစ်နေ့က ရွာလိုက်သည့်မိုးကြောင့် ပွင့်လာကြဟန်တူသည်။ပိတောက်ပန်းတွေ အနည်းအကျင်းလောက်သာ တွေ့ရသော်လည်း နောက်နှစ်ရက် သုံးရက်လောက်မှာတော့ ပင်လုံးကျွတ် ပွင့်ကြပါလိမ့်မည်။
လွင့်မျောသွားသည့် စိတ်အာရုံထဲမှာ ပိတောက်ရနံ့တွေ ရလာခဲ့သည်။ သင်္ကြန်ဒိုးဆစ်သံကလေးတွေကို ကြားလိုက်မိသလိုလို။ မကြာမီ သင်္ကြန်ကျပြီး နှစ်သစ်ကူးချိန်ကို ရောက်တော့မည်။
နှစ်စဥ်နှစ်တိုင်း သင်္ကြန်မရောက်ခင် နှစ်လလောက်ကတည်းက သင်္ကြန်သီချင်းတွေကို ကြားလာရသည်။ အရောင်းအဝယ်တွေလည်း ကောင်းလာခဲ့သည်။ လမ်းနံဘေးမှာ ချရောင်းသည့် လေဘေးဆိုင်တွေမှာလည်း စျေးဝယ်သူတွေ အုံခဲနေလျက်။ စတိုးဆိုင်ကြီးတွေကလည်း သင်္ကြန်အထူးလျှော့စျေးဟု ကြေညာသည်။
နေ့စဥ် အသက်ဝင်လှုပ်ရှားနေသည့် မြင်ကွင်းတွေနှင့် တေးသီချင်းတွေက အားလုံးကို လှုပ်နိုးနေသည့်အလား။ သင်္ကြန်ရောက်ဖို့ နေ့ရက်တွေ နီးကပ်လာသည်နှင့်အမျှ ကျွန်တော်တို့အားလုံး၏ ရင်ထဲသို့ ပက်ဖျန်းလိုက်သည့် သင်္ကြန်ရေအေးအေးတွေ တစိမ့်စိမ့် တိုးဝင်လာသည်ဟု ခံစားရသည်။ လူတိုင်း စိတ်ပေါ့ပါးလန်းဆန်းနေကြသည်။
လူငယ်တွေက သင်္ကြန်မှာပျော်ဖို့ တွေးရင်း ရင်ခုန်နေကြ၏။ လူကြီးတွေကတော့ တစ်နှစ်ကူး၍ တစ်နှစ် ကြူးလာသည့်အချိန်ရောက်တိုင်း အနာဂတ်ကို လှမ်းမျှော်ကြည့်သည်။ မကောင်းတာမှန်သမျှအားလုံးကို သင်္ကြန်ရေနှင့်ဆေးကြောပြီး နှစ်ဟောင်းနှင့်အတူ နောက်သို့ ချန်ထားချင်ကြစမြဲ။နှစ်တစ်နှစ် ကုန်ဆုံးသွားတိုင်း အသက်တစ်နှစ်ကြီးလာရမှန်း သိကြပါ၏။ သံသရာကိုကြည့်သောမျက်စိတွေလည်း ရှိပါ၏။ သို့ရာတွင် တရားသဘောဖြင့် မမြဲသော လူ့ ဘဝကို မသိချင်ယောင်ဆောင်ပြီး နှစ်သစ်ကို ရွှင်လန်းစွာ ကြိုဆိုချင်သည်။ နှစ်သစ်နှင့်အတူ ကောင်းတာတွေမှန်သမျှရောက်လာကြမည်ဟု ယုံကြည်မျှော်လင့်ခဲ့ကြသည်။
သို့ဖြင့် နှစ်သစ်ကိုရောက်လာပြီး နေ့ရက်တွေကို ဖြတ်သန်းရင်း သုံး လေးလလောက်အကြာမှာတော့ ရင်ထဲမှ မျှော်လင့်ချက်တွေလည်း တဖြည်းဖြည်း လွင့်ပြယ်သွားခဲ့ရပြန်သည်။ ခက်တာကသြော်- ဒီနှစ်ကလည်း မနှစ်တုန်းကလိုပါလားဟု မည်သူမျှ မတွေးကြ။ နေ့စဥ် ရင်ဆိုင်နေရသည့် လူ့အရေးကိစ္စတွေထဲမှာပဲ ချာလည်ချာလည်ဖြစ်ရင်း နှစ်ဟောင်းကုန်ဆုံးတော့မည့်အချိန်နှင့်သင်္ကြန်အငွေ့အသက်ကလေးတွေ ရလာသည်နှင့် တပြိုင်တည်း ရင်ထဲက မျှော်လင့်ချက်တွေလည်း ဖျတ်ခနဲ လင်းလက်လာခဲ့ပြန်သည်။
နှစ်တွေ တစ်နှစ်ပြီးတစ်နှစ် ကုန်ဆုံးသွားခဲ့သည်။ မပြည့်စုံမှုတွေ၊ အလိုမကျမှုတွေဖြင့် နေသားကျလာကြသည့် ကျွန်တော်တို့သည်လည်း ပျော်သလိုလိုဖြင့် သင်္ကြန်တွေကို ဖြတ်သန်းခဲ့ကြသည်။သို့ရာတွင် လွန်ခဲ့သည့်နှစ်နှစ်ကတည်းက သင်္ကြန်သည် တစ်နှစ် တစ်ကြိမ် ရောက်လာခဲ့သာ်လည်းကျွန်တော်တို့ခမျာ ရွှင်မြူးပျော်ရွှင်ခွင့်မရကြတော့ပြီ။
ကိုဗစ်ဘေးအန္တရာယ်ကြောင့် သင်္ကြန်သည် တိတ်ဆိတ်စွာဖြင့် ပြီးဆုံးသွားခဲ့သည်။ မနှစ်တုန်းကလည်း ပြည်တွင်းရေး အပူမီးတွေ တောက်လောင်ကုန်၍ သင်္ကြန်ကို မည်သူမျှ အရေးတယူ မစဥ်းစားနိုင်အား။ သည်အပူမီးတွေက တစ်နှစ်ကုန်ဆုံး၍ သင်္ကြန် နောက်တစ်ကျော့ ပြန်ရောက်လာသည့်တိုင် အရှိန်ပြင်းပြင်းဖြင့် လောင်မြိုက်နေဆဲ ဖြစ်သည်။
သည်အဖြစ်မျိုး ကြုံရမည်ဟု ယောင်လို့မျှ မတွေးခဲ့ဖူးပါ။ ချစ်စရာကောင်းပြီး အလှပေါင်းခသည့်နိုင်ငံ၏ပုံရိပ်တွေလည်း ပျက်ပြယ်သွားခဲ့ရလေပြီ။ ထို့အတူ ကျွန်တော်တို့ခမျာလည်း နေ့စဥ်နှင့်အမျှ အထိတ်ထိတ်အလန့်လန့်ဖြင့် ဖြတ်သန်းနေရပြီး စိတ်မလုံခြံမှုတွေ ဖိစီးနေရသည်။ ဘာကြောင့်မှန်းမသိဘဲ အလိုလို ကြောင့်ကြနေရတာတွေ။ အကြောင်းကိစ္စမရှိဘဲ အိမ်ထဲမှအိမ်အပြင်သို့ထွက်ခဲသည်။ ခရီးဝေးဆိုတာ ထားဘိဦး။ မြို့တွင်းမှာပဲ တစ်နေရာရာသို့ သွားခဲ့လျှင်လည်း စိတ်မှာတထင့်ထင့်။ နေရထိုင်ရတာ အဆင်မပြေ။ မသိစိတ်ထဲမှာ အမောတွေ ကပ်ငြိနေသည်။ ပျော်ရွှင်စရာတွေက ဘယ်ဆီဘယ်ဝယ်သို့ ရောက်သွားကြပြီလဲ။
သင်္ကြန်လေညင်းထဲမှာ ပိတောက်ရနံ့တွေ စီးမျောပါလာခဲ့သည်။ သင်္ကြန်နှင့် ပိတောက်ပန်းသည်ထာဝစဥ်တင့်တယ်လိုက်ဖက်နေစမြဲ။ သင်္ကြန်ရောက်ခါနီး ပိတောက်တွေ ပွင့်ကြသည်နှင့် အားလုံးက မက်မက်မောမော ခူးယူပန်ဆင်ကြလေ့ရှိသည်။ ကျွန်တော်သည် ပင်မြင့်ဆီက ပိတောက်ပန်းတွေကို ငေးကြည့်နေမိသည်။
တစ်ခါတုန်းကတော့ သည်လိုအချိန်မှာ ပိတောက်တွေပွင့်လာပြီဆိုမှဖြင့် ကျွန်တော်တို့ လမ်းတစ်ခုလုံး လှုပ်လှုပ်ရှားရှား။ သူသူကိုယ်ကိုယ် ပိတောက်ပန်းတွေကို လိုချင်ကြသည်။ အိမ်ရှင်ကို ခွင့်တောင်း၍ ပိတောက်ပန်းတွေ ခူးကြသည်။
ယခုတော့ သူ့ကို မည်သူမျှ အရေးမလုပ်နိုင်ကြတော့ပြီ။ မနက်တိုင်း လာနေကျ ခေါင်းရွက်စျေးသည်ကလည်း ပိတောက်ပင်ကြီးကို မော်၍မျှ မကြည့်။ သူ့စိတ်ထဲမှာ အချိန်မီ စျေးရောင်းနိုင်ဖို့ပဲတွေးနေမှာ သေချာသည်။ အိမ်ရှင်ကိုယ်တိုင်လည်း ပိတောက်ပန်းတွေ ပွင့်နေသည်ကို သတိပြုမိဟန်မရှိ။ လမ်းပေါ်မှာ သွားလာနေကြသူတွေကလည်း ထူးမခြားနား။ ကျွန်တော်တို့အားလုံးနံနက်လင်း၍ မျက်စိနှစ်လုံး ပွင့်လာသည်နှင့် တစ်နေ့တာကိစ္စ ဆောင်ရွက်ရမည့်အရေးကိုပဲ စိတ်တပူပူဖြင့် တွေးနေကြရရှာသည်။ တခါတရံ စိတ်နှင့်လူနှင့် မကပ်နိုင်ဘဲ ရှိနေတတ်သည်။
ငေးရင်း တွေးရင်းဖြင့် တစုံတခု ပျောက်ဆုံးသွားသလို ကျွန်တော် ခံစားလိုက်ရသည်။ သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်ရင်း ကိုယ့်ကိုယ်ကိုယ် ပြန်လည်ဆန်းစစ်မိပြန်သည်။ သင်္ကြန်ရောက်တော့မည်ဆိုသည့် အသိကြောင့် ကျွန်တော်သည်လည်း ပေါ့ပါးရွှင်လန်းပါလေစ။ မေးခွန်းမဆုံးခင်မှာပင် အသာအယာ ခေါင်းယမ်းလိုက်မိသည်။
ပျော်ရွှင်ခြင်းနှင့် ဝမ်းနည်းကြေကွဲခြင်းတို့သည် ဆန့်ကျင်ဘက်မှာ ရှိနေကြသည်။ လူတိုင်း လူတိုင်းနှလုံးသားခံစားမှုတွေ မျှဝေကြစမြဲ။ သင်္ကြန်ဆိုတာ ပျော်စရာ။ သင်္ကြန်နှင့်အတူ တနိုင်ငံလုံးရွှင်လန်းပျော်ရွှင်ကြသည့် ပုံရိပ်တွေ။ သူလည်း ပျော် ကိုယ်လည်း ပျော်ရွှင်ရသည့် သင်္ကြန်။ တကယ်တော့ ပျော်ရွှင်မှုကို ဇွတ်အတင်း ဖန်တီး၍မရပါ။ ယခုအချိန်မှာတော့ အများစုကအကြောင်းအမျိုးမျိုးကြောင့် စိတ်ဆင်းရဲ ပင်ပန်းနေကြရ၍ သင်္ကြန်နှင့် ပျော်ရွှင်မှုကို မတွေးနိုင်ကြတော့ပါ။ ထိုအခါ မကြာခင် ရောက်လာတော့မည့် သင်္ကြန်သည်လည်း မနှစ်ကလိုပဲ တိတ်ဆိတ်စွာဖြင့် ပြီးဆုံးသွားပြန်ဦးမည်လား။
တကယ်တော့ ပျော်ရွှင်ခြင်း ဝမ်းနည်ကြေကွဲရခြင်းတို့သည် လက်ရှိ ရင်ဆိုင်နေရသည့် အခြေအနေအပေါ်မှာ အမှီသဟဲပြုနေလျက် ရှိနေသည်။ ပိတောက်ပန်းကလေးတွေကတော့ ခက်ထန်ကြမ်းတမ်းသည့် လူ့အရေးကိစ္စတွေကို နားမလည်ရှာ။ မိုးစက်မိုးပေါက်တွေကို ရယူပြီး အစွမ်းကုန်ပွင့်လန်းလာကြသည်။ သင်္ကြန်နှင့်အတူ သူလည်း ပျော်ရွှင်ချင်ရှာပါလိမ့်မည်။
သည်တော့လည်း နောက်နှစ် သင်္ကြန်ရောက်တော့မှပဲ တို့တတွေ အတူတူပျော်ကြတာပေါ့ကွာဟု အားနာနာဖြင့် ပြောမိပါလိမ့်မည်။ သည်လိုဖြင့် နှစ်ဟောင်းကုန်၍ နှစ်သစ်သို့ ကူးပြောင်းလေတိုင်းကျွန်တော့်ရင်ထဲမှာ ကောင်းတာတွေ ရောက်လာတော့မည်ဟု ယုံကြည်မျှော်လင့်မှုတွေက ပြန်လည်နိုးထ ရှင်သန်လာခဲ့ပါပကော။
ညိုထွန်းလူ
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar