ငြိမ်း (ပဲခူး) - ဟိုးအရင် နေ့ဟောင်းများ (၄)
(မိုးမခ) ဧပြီ ၁၀၊ ၂၀၂၂
◾️ရုပ်ရှင်ရုံ
ငါတို့မြို့မှာ ရုပ်ရှင်ရုံ သုံးရုံရှိတယ်။ ရဲတံခွန်၊ ညွှန့်၊ ရွှေဟင်္သာ စတဲ့ အမည်တွေနဲ့ပဲ ဖြစ်တယ်။ ရဲတံခွန် ရုပ်ရှင်ရုံက ရွှေမော်ဓော ဘုရားလမ်း မှာရှိတယ်။ ညွှန့်ရုပ်ရှင်ရုံက ပဲခူးစျေးကြီးနားမှာ ရှိတယ်။ ရွှေဟင်္သာရုပ်ရှင်ရုံက ပဲခူးဘူတာကြီးနားမှာ ရှိတယ်။ အဲ့ဒီရုပ်ရှင်ရုံ သုံးရုံလုံးမှာ ငါရုပ် ရှင်ကြည့်ဖူးတယ်။ ငါရှစ်တန်းစာမေးပွဲဖြေပြီးတော့ အားလပ်နေတဲ့ နေ့ရက်တွေထဲက တစ်ရက်မှာပေါ့။ ငါ့မကြီးက သူ ရုပ်ရှင်သွားကြည့်ဖို့ ငါ့ကိုခေါ်တယ်။ ငါ့မှာပျော်လိုက်တာပြောမနေနဲ့။ ပြီးတော့ ပုဆိုးအသစ်နဲ့အင်္ကျီအသစ်လည်း ငါဝတ်ရပြီဆိုတော့ တပျော်ပေါ် တပျော်ဆင့်သွားတယ်။ ပြီးတဲ့အခါ ဖိနပ်အသစ်လည်း ငါစီးရတော့မှာဆိုတော့ အပျော်တွေဟာ ငါ့ဆီမှာလာပြီး စုနေသလိုပါပဲ။
မကြီးရယ် ငါရယ် မကြီးသူငယ်ချင်းတစ်ယောက်ရယ် ရဲတံခွန်ရုပ်ရှင်ရုံဆီ ကုန်းကြောင်း လမ်းလျှောက်သွားကြတယ်။ မညီမညာ ဂဝံလမ်းပေါ်မှာ ငါတို့လမ်းလျှောက် သားကြတယ်။ ဝါးအစည်းပြေသလိုဖြစ်နေတဲ့ ကတ္တရာလမ်းပေါ်မှာ ငါတို့လမ်းလျှောက်သွားကြတယ်။ မက္ကတစ်လမ်းမကြီးတလျှောက် ငါတို့လမ်းလျှောက်သွားနေကြတာပေါ့။
ငါတို့ လမ်းလျှောက်သွားနေရင်းဆိုက်ကားသမားတွေက ငါတို့ကို ဆိုက်ကားသွားမလားဆိုပြီးမေးတာ ခဏ ခဏပဲ။ စက်ဘီးကယ်ရီသမားတွေက ငါတို့ကို ကယ်ရီသွားမလားဆိုပြီးမေးတာ ခဏ ခဏပဲ။ ငါတို့ကလည်း မသွားဘူးဆိုပြီး ပြန်ဖြေရတာ ခဏ ခဏပါပဲ။ ငါတို့ကို စက်ဘီးတွေ ကျော်တက်သွားတယ်။ ဆိုက်ကားတွေ ကျော်တက်သွားတယ်။ ငါကတော့ လမ်းလျှောက်ရတာကို မောရမှန်း မသိဘူး။ တစ်ယောက်ထဲ ပျော်နေတာ။
မက္ကတစ်လမ်းမကြီး အဆုံးကိုရောက်တော့ သနပ်ပင်လမ်းမကြီးကို ကျော်ရတယ်။ စက်ဘီးတွေ၊ ဆိုက်ကားတွေ၊ ကားအချို့၊ ဆိုင်ကယ်အချို့ တဝီဝီနဲ့ လူးလာခေါက်တုန့်သွားနေကြတယ်။ လမ်းရှင်းသွားတော့ ငါတို့ အပြေးတပိုင်းနဲ့လမ်းဖြတ်ကူးကြတာပေါ့။ ပြီးတော့ ငါတို့လမ်း သွယ်လေးကို လမ်းဖြတ်လျှောက်ကာ ရွှေမော်ဓောဘုရားလမ်းပေါ် ရောက်ပြီ။ ရွှေမော်ဓောဘုရားကြီးကို ငါတို့ ဖူးတွေ့ရပြီ။ ပြီးတဲ့အခါ ငါတို့ လမ်းနည်းနည်း ဆက်လျှောက်ပြီး ရဲတံခွန် ရုပ်ရှင်ရုံ ရှေ့ကိုရောက် ကြတာပေါ့။
ရဲတံခွန် ရုပ်ရှင်ရုံထဲကို ငါတို့ဝင်လိုက်တယ်။ ငါတို့လို ရုပ်ရှင်ကြည့်မယ့်လူတွေ အများပြီးပဲ။ ပထမဦးဆုံး ရုပ်ရှင်ရုံထဲဝင်ဖူးတဲ့ ငါ့မှာ အံ့သြနေရ။ ငါရုပ်ရှင်ကြော် ငြာပိုစတာတွေကို လိုက်ကြည့်နေတယ်။ အခုပြနေတဲ့ ရုပ်ရှင်ကြော်ငြာပိုစတာတွေ နောက်ရုံတင်မယ့် ရုပ်ရှင်ကြော်ငြာပိုစတာတွေ အရောင်စုံ အရွယ်အစား အစုံ။ မကြီးလာခေါ်မှ ငါဟာ ရုပ်ရှင်ကြော်ငြာပိုစတာတွေနားကနေ လှည့်ထွက်လာခဲ့တယ်။
ငါတို့ ရုပ်ရှင်ကြည့်ရမယ့် အချိန်ရောက်ပြီ။ လက်မှတ်စစ်က ရုပ်ရှင်ပြခန်းအပေါက်ဝမှာ အဆင်သင့်ရပ်စောင့်နေပြီ။ ဒီလိုနဲ့ တစ်ယောက်ပြီးတစ်ယောက် တန်းစီကာ လက်မှတ်စစ်ကို လက်မှတ်ပြပြီးအခြားလူတွေ ဝင်နေကြတယ်။ ငါတို့အလှည့်ရောက်တော့ လက်မှတ်စစ်ကို လက် မှတ်ပြကာ ဝင်ကြတာပေါ့။ ငါတို့ ရိုးရိုးတန်းရှိတဲ့ ရုပ်ရှင်ပိတ်ကားကြီးနားက ထိုင်ခုံနေရာတွေ ဆီလျှောက်လာခဲ့တယ်။ ငါတို့ ထိုင်ရမယ့် ခုံနံပါတ်ရှိရာ နေရာကိုရောက်တော့ ငါတို့သုံးယောက် သစ်သားထိုင်ခုံတွေပေါ် ထိုင်လိုက်ကြတယ်။
ဆလိုက်မီးထိုးထားတဲ့ ရုပ်ရှင်ပိတ်ကားကြီးပေါ်မှာ နောက်ရုံတင်မယ့် ရုပ်ရှင်ထွေလာတွေကို ပြနေတယ်။ ရုပ်ရှင်ပိတ်ကားကြီးက တချက် တချက် တုန်တုန်သွားတယ်။ တချက် တချက် အစက်အပြောက်တွေ ထနေတယ်။ ငါ့မှာ ရုပ်ရှင်ပိတ်ကားကြီးကို အခုမှ မြင်ဖူးတာဆိုတော့ အံ့သြ ဝမ်းသာလို့နေတယ်။ တအောက်လောက်နေတော့ ရုပ်ရှင်ပိတ်ကားထက်မှာ နိုင်ငံတော်အလံ ပေါ်လာတယ်။ စပါးနှံတွေနဲ့ စက်သွားနဲ့ နိုင်ငံ တော် အလံပုံစံက။ ငါတို့ မတ်တပ်ရပ်ကာ အလေးပြုကြတယ်။ ပြီးတော့ ရုပ်ရှင်စာတန်းထိုးပြီ။ ငါတို့ကြည့်ရမယ့် ရုပ်ရှင်အမည်က ရင်ခွင်နန်းတော်။ သရုပ်ဆောင်တွေက ဒွေး၊ ထွန်းအိဒြာဗိုလ်၊ နန္ဒာလှိုင်တို့ပဲ ဖြစ်တယ်။ ငါပထမဆုံး ကြည့်ဖူးတဲ့ ရုပ်ရှင်ဇာတ်ကားပေါ့။
ရုပ်ရှင်ကားအသစ် ရုံတင်ပြီဆို ရပ်ကွက်တွေထဲ ကားပေါ်ဓာတ်စက်တင်ပြီး လိုက်အော်တယ်။ ရုပ်ရှင်ကြော်ငြာပိုစတာတွေကို လမ်းပေါ် ကြဲချတယ်။ ငါ လိုက်လုတာပေါ့။ ရုပ်ရှင်ကြော်ငြာပိုစတာ နှစ်ရွက် သုံးရွက်လောက်များ ငါရရင် ငါ့အနားမှာ လိုချင်တဲ့လူတွေ ဝိုင်းအုံလို့။ ပြီးတော့ ငါ့သူ ငယ်ချင်းတွေထဲမှာလည်း ငါဟာ ရုပ်ရှင်ကို အရင်ဆုံးကြည့်ဖူးတာ။ ပြီးတဲ့အခါ ပဲခူးမှာရှိတဲ့ ရုပ်ရှင်ရုံ သုံးရုံးလုံးမှာလည်း ရုပ်ရှင်ကြည့်ဖူးတဲ့ကောင်ဆိုတော့ ငါ့သူငယ် ချင်းတွေကြားထဲမှာ ငါဟာ ထောင်ထောင် ထောင်ထောင်နဲ့ပေါ့။
◾️တီဗွီ
ကျွန်တော်တို့အိမ်မှဦ တီဗွီမရှိဘူး။ အဲ့ဒီတော့ တီဗွီရှိတဲ့အိမ်မှာ သွားကြည့်ရတဉယ်။ ကျွန်တော်က တီဗွီကြည့်ရတာကို ကြိုက်တယ်။ ကျွန်တော်တို့ကွမ်းယာဆိုင်ရှေ့မှာရှိတဲ့ ကျွန်တော်တို့နဲ့သတဲ့ ကြီးကြီးဒေါ်ပိုးရီတို့အိမ်မှာ ည ၇ နာရီထိုးကား သွားသွားကြည့်တယ်။ ကိုရီယားဇာတ်လမ်းတွဲတွေ တရုတ်ဇာတ်လမ်းတွေပေါ့။
ဆောင်းဦးရွက်ကြွေ ချစ်သက်သေ ဇာတ်လမ်းတွဲ ကျွန်တော်သိပ်ကြိုက်တာ။ ဇာတ်ကောင်တွေက ဂျွန်စောတို့ အွန်စောတို့ ထယ်စောက်တို့။ အဲ့ဇာတ်လမ်းတွဲလာတဲ့နေ့ဆို ကျွန်တော့်မှာ သွားကြည့်ရတာအမော။ ကြီးကြီးဒေါ်ပိုးရီဆို အဲ့ဇာတ်လမ်းတွဲကြည့်ပြီးမှ ဘုရားရှိခိုးတာ။
ကျွန်တော်တို့အိမ်နောက်ဖေးက ကျွန်တော့်သူငယ်ချင်းအိမ်မှာ ည ၉ နာရီမှလာတဲ့စစ်ကားတွေ ကျွန်တော်သွားကြည့်တယ်။ ည ၉ နာရီမှလာမယ့်စစ်ကားကို ည ၈ နာရီလောက်ထဲက ကျွန်တော်ကြည့်ဖို့ သွားစောင့်နေတာ။ ည ၉ နာရီထိုးလို့ ဇာတ်ကားလာပြီဆို ကျွန်တော့်ရင်ထဲမှာ အပျော်လှိုင်းလုံးတွေ တအိအိနဲ့တက်လာတာပေါ့။ ကျွန်တော် မျက်တောင်မခတ်စတမ်း ကြည့်တယ်။ ကျွန်တော် စိတ်ဝင်တစားနဲ့ ကြည့်တယ်။ ကျွန်တော် သိပ်ကြိုက်တဲ့စစ်ကားကို။
ကျွန်တော်တို့အိမ်ခေါင်းရင်းက ဘဘကြီးတို့ အိမ်မှာလည်း ကျွန်တော် တီဗွီသွားကြည့်တာပဲ။ ဗွီဗွီအချိုရည်ကြော်ငြာဆို ကျွန်တော် သိပ်ကြိုက်တာ။ ဒွေးနဲ့ထက်ထက်မိုးဦး ကြော်ငြာတာ။ "ခံတွင်းပျက်လို့ အာရုံနောက်နေ အားလုံးလန်းသွားမယ်။ အမောအပန်းပြေတယ်။ ချက်ခြင်းလန်းသွားမယ်။ ဗွီဗွီ မန်းကျည်း အချိုရည် အီးယား အီးယား ယို" ကျွန်တော်လိုက်ဆိုတယ်။ Beauty ခေါင်းလျှော်ရည် ကြော်ငြာလည်း ကျွန် တော် သိပ်ကြိုက်တာပဲ။ "Beauty ခေါင်း လျှော်ရည်ဟာ ကျွန်တော်အကြိုက်ဆုံးပါပဲဗျာ" ဆိုတဲ့ နေရာရောက်ရင် ကျွန်တော် လိုက်ဆိုတာ။ အဲ့ကြော်ငြာလည်း ဒွေးနဲ့ထက်ထက်မိုးဦး ကြော်ငြာတာပဲ။ တီဗွီကြည့်ရင် ကျွန်တော်ကရှေ့ ဆုံးကထိုင်ပြီး ကြည့်တာ။ အဲ့ဒါကို ဘဘကြီးက ကျွန်တော့်ကို အမြဲနောက်တယ်။ "ဟဲ့ကောင် မင်းသမီးလှေကားပေါ်ကဆင်းလာရင် မင်းကို စကပ်နဲ့အုပ်မိနေအုံးမယ်" တဲ့။ အဲ့ဒီအခါ ကျွန်တော်နဲ့ အတူတူ တီဗွီကြည့်နေတဲ့ လူတွေက ရယ်ကြတယ်။
ကျွန်တော်ဟာ ကျွန်တော်တို့လမ်းထဲက တီဗွီရှိတဲ့ အိမ်တိုင်းမှာ တီဗွီလိုက်ကြည့်ဖူးတယ်။ အမေက ကျွန်တော့်ကို တီဗွီလိုက်ကြည့်လွန်းလို့ "နင်က အိမ်ပေါက်စေ့ တီဗွီလိုက်ကြည့်နေတာပဲလို့" ပြောတာ နေ့တိုင်းပဲ။ ကျွန်တော်ကလည်း ကျွန်တော်ပဲလေ။ တီဗွီနေ့တိုင်း မကြည့်ရရင် မနေနိုင်ဘူး။
◾️ဦးတိုးကြီးနဲ့ ဦးကျော်စိန်
ဦးတိုးကြီးက ကျွန်တော်တို့အိမ်ရှေ့မှာနေသည်။ ဦးတိုးကြီးပုံစံသည် ဆံပင်ကောက်ကောက် အသားမဲမဲ မျက်နှာပြည့်ပြည့်နှင့်ဖြစ်ပြီး ရုပ်တည်တည်ကြီးဆိုလျှင် အလွန်ကြောက်စရာကောင်းပါသည်။ ထို့အတူပင် ဦးတိုးကြီး၏ အသံသည်လည်း အော်လိုက်လျှင် အလွန်ကြောက်စရာ ကောင်းနေပြန်ပါသည်။ ဦးတိုးကြီးသည် ဆိုင်းသမားတစ်ယောက်ဖြစ်သောကြောင့် သူ့အိမ်မှာ ရှိသည့်ရက်ကနည်းပြီး မရှိသည့်ရက်ကများသည်။
ဦးတိုးကြီး သူ့အိမ်မှာမရှိဘူးဆိုသည်ကို ကျွန်တော်တို့သိပြီဆိုသည်နှင့် သူ့အိမ်ထဲဝင်ကာ ကစားကြသည်။ တူတူပုန်းတိုင်း ကစားကြသည်။ လိုက်တိုင်းပြေးတိုင်း ကစားကြသည်။ အိမ်ပတ်ချာလည် လှည့်ပြေးချင်းဖြစ်သည်။ သေနတ်ပုံစံလုပ်ထားသည့် အုန်းလက်တွေနှင့် သေနတ် ပစ်တိုင်းကစားကြသည်။ တရက်မှာ ကျွန်တော်တို့ ထိုသို့ကစားနေရင် ဦးတိုးကြီးသည် ဆိုင်းတီးပြီး ပြန်ရောက်လာသည်။ ကျွန်တော်တို့ သူ့အိမ်မှာကစားနေကြသည်ကို တွေ့သွားပြီ ဖြစ်သည်။ ဦးတိုးကြီးသည် အသံနက်ကြီးဖြင့် ကျွန်တော်တို့ကို အော်ခေါ်တော့သည်။
ကျွန်တော်တို့ ကြောက်ကြောက်လန့်လန့်ဖြင့် ပြေးကြသည်။ ဦးတိုးကြီးက နောက်ကပြေးလိုက်သည်။ နောက်ဆုံး ကျွန်တော့်ကိုမိသွားသည်။ ဦးတိုးကြီးသည် ကျွန်တော့်ကို ခြေထောက်နှစ်ချောင်းမှ ကိုင်မြှောက်လိုက်ပြီး အသစ်တူးထားသည့် အိမ်သာကျင်းထဲသို့ တွဲလောင်းချထားလိုက်သည်။ "နောက်တခါ ငါ့အိမ်ထဲ လာဆော့အုံးမလား၊ နောက်တခါ ငါ့အိမ်ထဲလာဆော့အုံးမလား" ဟု ကျွန်တော့်ကို ထပ်ခါ ထပ်ခါ ပြောသည်။ ကျွန်တော်ကလည်း "မဆော့တော့ပါဘူး၊ မဆော့တော့ပါဘူး" ဟု ထပ်ခါထပ် ခါ ပြန်ပြောရပါသည်။
ထို့နောက် ဦးတိုးကြီးသည် အချိန်တအောက်လောက်ကြာသည့်အခါ ကျွန်တော့်ကို ပြန်လွှတ်လိုက်သည်။ ထိုအခါ ကျွန်တော်သည် "လာဆော့တော့ ဘာဖြစ်လဲကွာ" ဟု ကျယ်ကျယ်လောင်လောင်အသံဖြင့် ပြန်ပြောပြီး အိမ်သို့ သုတ်ခြေတင် ပြေးလေသည်။ ဦးတိုးကြီးသည် ပြုံးပြုံးကြီးကြည့်ရင်းဖြင့် ကျွန်တော့်နောက်မှာ ကျန်နေခဲ့ပါသည်။
ဦးကျော်စိန်သည် ကျွန်တော်တို့ အိမ်ဘေးနားမှာ နေသည်။ ဦးကျော်စိန်သည် ကျွန်တော်တို့ချစ်ရသည့် ဖိုးဖိုးကြီး ဦးဖိုးတေ၏ သားတစ်ယောက်လည်း ဖြစ်သည်။ ကျွန်တော်သည် ငိုလျှင် တော်တော်နှင့်အငို မတိတ်ပေ။ ထို့ကြောင့် ကျွန်တော် အငိုတိတ်အောင် အမေသည် ဦးကျော်စိန်ကို အော်ခေါ်ရသည်။ ဦးကျော်စိန်ဆိုသော အမည်ကိုကြားသည်နှင့် ကျွန်တော့်မှာ ငိုနေသည်ကို ရပ်ရလေသည်။
ဦးကျော်စိန်သည် ပိန်ပိန်ပါးပါးခန္ဓာကိုယ်နှင့် ကြည့်ပျော်ရှုပျော် ရုပ်ရည်ရှိသည်။ ထို့ကြောင့် ကျွန်တော်ကြောက်ရမည့် ပုံစံမဟုတ်ပေ။ သို့ သော် ဦးကျော်စိန် လေပြေလေးနှင့် ကျွန်တော့်ကိုစကားပြောလိုက်လျှင် ကျွန်တော့်မှာ အလိုလိုကြောက် ရွံ့၍လာတော့သည်။ ဦးကျော်စိန်သည် လက်သမားတစ်ယောက်ဖြစ်သောကြောင့် မိုးလင်းကနေ မိုးချုပ်ထိ မြို့တွင်းမှာဖြစ်စေ မြို့အနီးက ရွာတွေမှာဖြစ်စေ အိမ်လိုက်ဆောက်ရသည်။ ညမှသာ အိမ်ပြန်ရောက်တတ်သည်။ ပြီးသည့်အခါ အလုပ်မရှိ သည့် နေ့တွေဆိုလျှင်တော့ ဦးကျော်စိန်သည် အိမ်မှာ တနေကုန်ရှိနေတတ်သည်။
ကျွန်တော်သည် ဦးကျော်စိန်ကို ကြောက်ရွံ့ရသူတစ်ယောက်ဖြစ်သောကြောင့် သူ့အိမ်မှာ သူ ရှိ၊ မရှိ အမြဲစောင့်ကြည့်နေရသည်။ ကျွန်တော်သည် ဦးကျော်စိန်ကို အမြဲစောင့်ကြည့်နေရင်းဖြင့် တရက်မှာ သူမရှိဘူးအထင်ဖြင့် လမ်းပေါ်မှာကစားနေရင်း တည့်တည့်ကြီးကို တိုးတော့သည်။ ကျွန်တော်သည် ဘယ်လိုမှရှောင်ပြေးလို့မရတော့သဖြင့် အသင့်အနေအထားဖြင့် လက်ပိုက်ထားလိုက်သည်။ ဦးကျော်စိန်သည် မျက်နှာခပ်တည်တည်ဖြင့် ကျွန်တော့်ကို မျက်စိမှိတ်ခိုင်းသည်။ ပြီးလျှင် "မင်းမျက်လုံးထဲမှာဘာတွေမြင်ရလဲ" ဟု ကျွန်တော့်ကို မေးသည်။ ကျွန်တော်က "အဖြူရောင်၊ အပြာရောင်၊ အဝါရောင်၊ အနီရောင်၊ အစိမ်းရောင်တွေ မြင်ရတယ်" ဟု ပြန်ဖြေရသည်။ လမ်းသွား လမ်းလာ များသည် ကျွန်တော့်အဖြစ်ကိုကြည့်ပြီး ရယ်သွားကြသည်။ ထို့နောက် ဦးကျော်စိန်သည် သူမဟုတ်သလိုပင် သူ့လမ်းသူ ဆက်လျှောက်သွားသည်။
ဦးကျော်စိန်သည် ကျွန်တော့်ကိုတွေ့သည့်အခါတိုင်း လက်ပိုက်ခိုင်းထားပြီး မျက်စိမှိတ်ခိုင်းကာ ဘာတွေမြင်ရလဲဟုမေးသည်။ ထိုသို့ ကျွန်တော့်ကိုမေးပြီးလျှင် ဦးကျော်စိန်သည် သူမဟုတ်သလိုပင် သူ့လမ်းသူ ဆက်လျှောက်သွားမြဲ ဖြစ်သည်။ ကျွန်တော်သည် ဦးတိုးကြီးကို ပြန် ပြောပြီး ပြေးသလိုတော့ ဦးကျော်စိန်ကို မလုပ်ရဲပါ။ အဘယ်ကြောင့်ဆိုသော် ကျွန်တော်သည် ဦးတိုးကြီးထက် ဦးကျော်စိန်ကို ပို၍ကြောက်ရွံ့နေသောကြောင့်ပင် ဖြစ်ပါ၏။
ငြိမ်း (ပဲခူး)
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar