Breaking News

ညိုထွန်းလူ - ယင်ကောင်များ

ညိုထွန်းလူ - ယင်ကောင်များ
(မိုးမခ) မေ ၂၂၊ ၂၀၂၂

ခက်လိုက်ပါဘိ။ ပဲပြုတ်သည်မလာတာ သုံးရက်ရှိသွားပြီ။ သည်တော့ နံနက်ခင်းဘရိတ်ဖတ်စ်သည် ထမင်းပူပူနွေးနွေးကလေးကို အကြော်ကလေးဖြင့်သာပွဲတော်နေရ၍ အဆင်မပြေ။ စိတ်ထဲမှာ တစ်ခုခုလိုနေသလိုလို ခံစားနေရလေ၏။ အရေးထဲယင်ကောင်တွေက ဘယ်ကဘယ်လိုရောက်လာသည်မသိ။ မိုးရာသီရောက်ခါနီး၍ ယင်ကောင်တွေကိုတွေ့ရသည်လား။

မန္တလေး၏ရာသီဥတုကား ပြတ်သား၏။ မိုးရွာသည့်အချိန်ကလေးမှာပဲ အေး၏။ မိုးမရွာ နေထွက်လာသည်နှင့် ကော့နေအောင်ပူပြင်းသည်။ တခါတရံတော့ မိုးအုံ့နေသော်လည်း လေမတိုက်လျှင် အုံ့အိုက်ကြီးဖြင့် အနေခက်လှသည်။ အမှန်တော့ နှစ်စဉ်နှစ်တိုင်း သည်လိုပဲကြုံတွေ့နေရသဖြင့်ထူးဆန်းသည်ဟု မဆိုသာ။ အရွေ့မြန်သောခေတ်မှာ မန္တလေးသည်ပြောင်းလဲနေသော်လည်း ရာသီဥတုကတော့ ယခင်အတိုင်းပါပဲဟုဆိုရတော့မည်။

မေ၂၀ ရက်ဆိုရင် မိုးရွာမယ်လို့ မိုးလေဝသသတင်းကြေညာထားတာပဲဆရာဟု ထားဝယ်သား စာရေးဆရာကပြောသည်။ ယခုတော့ သူသည်လည်း မန္တလေးမှာအနေကြာလာခဲ့၍ မိုးရာသီမှာရွာမည့်မိုးကို မျှော်တတ်နေရှာလေပြီ။ 

နေ့လည်ခင်းချိန် လက်ဖက်ရည်ဆိုင်သို့ရောက်သွား၏။ ရာသီဥတုကပူပြင်း၏။ လျှပ်စစ်မီးမလာ၍ မီးစက်မောင်းသံတဒုန်းဒုန်းဆူညံနေ၏။ဆိုင်ထဲမှာလည်း စကားပြောသံတွေပွက်လောရိုက်နေ၏။ 

သည်မျှ ပူအိုက်ဆူညံနေရသည့်အထဲ ပျံဝဲနေသည့် ယင်ကောင်အချို့ကိုတွေ့လိုက်ရသည်။ လက်ဖက်ရည်ဆိုင်ပိုင်ရှင်က ကွန်ကရစ်ကြမ်းပြင်ပေါ်မှာ ယင်သတ်စက္ကူချပ်ပြားကိုချထားသည်။ ယင်ကောင်တွေ အတုန်းအရုန်းကပ်ညိ သေနေကြသည့်စက္ကူချပ်ပြားကို အမှတ်တမဲ့ကြည့်ရင်းစိတ်ပျက်သွားသည်။ ဆိုင်ရှင်သည်  ယင်သတ်စက္ကူချပ်ပြားကို နောက်ထပ်အသစ်လဲဖို့ စိတ်ကူးရှိဟန်မတူ။ ယင်းသမို့ကြောင့် သဟာကိုမမြင်ချင်ယောင်ဆောင်ပြီး စားစရာရှိတာတွေကိုစားနေရ၏။ စားရင်းတန်းလန်းဖြင့် လက်ဖက်ရည်ပန်းကန်ပြားအနီးမှာဝဲပျံနေသည့်ယင်ကောင်ကိုလည်း လက်ဖြင့်ခါရမ်းထုတ်လိုက်ရပြန်၏။

သည်နှစ်ထဲမှ ာယင်ကောင်တွေက တယ်လည်းပေါလှသည်။ လက်ဖက်ရည်ဆိုင်ထဲမှာ ယင်ကောင်တွေရှိသည်။ စားသောက်ဆိုင်တွေထဲမှာလည်းယင်ကောင်တွေ။ လေအေးပေးစက်ဖွင့်ထားသည့်အခန်းတွေမှာလည်း အဆင်မသင့်လျှင် ယင်ကောင်တွေကိုတွေ့ရတတ်သည်။ လမ်းတွေမှာလည်းယင်ကောင်တွေရှိသည်။

လက်ဖက်ရည်ဆိုင်မှာထိုင်နေသည့် ကျွန်တော်တို့စကားဝိုင်းသည် ညည်းငွေ့စရာကောင်းလှသည်။ ပြောစရာအကြောင်းကိစ္စတွေ သိပ်မရှိ။ လျှပ်စစ်မီးပျက်တာ လောင်စာဆီစျေးတက်တာစသည့်အကြောင်းအရာတွေကိုပဲ အပ်ကြောင်းထပ်အောင်ပြောနေမိသည်။ သို့ရာတွင် ပြောရင်းဖြင့် အတိတ်ကာလဆီသို့ရောက်သွားတော့ ကျွန်တော်တို့၏ မျက်နှာပေါ်တွင် အကြည်ဓာတ်တွေဖုံးလွှမ်းသွားခဲ့သည်။ အဲသည်အတိတ်ကာလမှာ ကျွန်တော်တို့ပျော်ရွှင်ခဲ့သည့် မန္တလေးရှိခဲ့သည်ပဲ။ ဆိုရလျှင် ကျွန်တော်တို့သည် မန္တလေးမှာနေရင်း အတိတ်ကမန္တလေးကိုပဲလွမ်းနေကြရပြန်သည်။

မန္တလေးသည် ၂၀၀၀ ခုနှစ်အကုန်၂၁ ရာစုဝင်ကတည်းက အရွေ့မြန်သည့်ခေတ်နှင့်အတူ လျင်မြန်စွာပြောင်းလဲသွားခဲ့သည်။ တစ်နှစ်ပြီးဆုံးသွားသည်နှင့် သူ့ကိုယ်ပေါ်က ဝတ်ရုံကိုခွာချလိုက်ပြီး နောက်ထပ်အသစ်တစ်စုံဝတ်ဆင်ထားလိုက်သည်။ ပွင့်ပွင့်လင်းလင်းပြောရလျှင် သည်လိုအပြောင်းအလဲမျိုးကို ကျွန်တော်သဘောမကျပါ။ ထို့ပြင် လက်ရှိဖြတ်သန်းနေရသည့် ခေတ်ကာလနှင့် မန္တလေးမြင်ကွင်းသည်သဟဇာတမဖြစ်လှ။ အတိတ်သမိုင်းစာမျက်နှာတွေထဲက မန္တလေး၏ယဉ်ကျေးမှု မန္တလေး၏ဓလေ့စရိုက် မန္တလေး၏နိုင်ငံရေးကို ယနေ့မန္တလေး၏ စီးပွားရေးပုံရိပ်တွေက ဖုံးလွှမ်းသွားခဲ့သည်ကို သတိပြုမိလိုက်သည်။

အရှေ့မြောက်ဒေသက တရုတ်တွေက မန္တလေးကိုအများကြီးရောက်လာပြီကိုးဗျာ။ သူတို့အတွက်တော့ စီးပွားရေးကအသက်လေ။ သူတို့က ရပ်သံယောဇဉ် ရွာသံယောဇဥ်ဆိုတာကို နားမလည်သလို နားလည်စရာလည်းမလိုဘူး။ သူတို့ရဲ့အတွေးနဲ့ သူတို့ရဲ့ခံယူချက်တွေကလည်း ဟိုတုန်းကတည်းက မန္တလေးမှာ လက်ရည်တပြင်တည်းနေထိုင်ကြတဲ့ မန္တလေးရွာနေ ပြည်ထိုင်တရုတ်တွေနဲ့ကွဲပြားနေတယ်။ တကယ်တော့ မန္တလေးဟာ စီးပွားရေးအတွက် အကွက်အကွင်းကောင်းပြီး အချက်အချာကျတဲ့နေရာမှာရှိနေခဲ့လို့ ရောက်လာကြတာပဲဗျ။ ဒါတွေကို ကျွန်တော်တို့မြင်နေရဲ့သားနဲ့ မသိလိုက်ဘာသာပဲနေကြတယ်။ ဆိုတော့ မန္တလေးရဲ့အရွေ့ဟာ ဘယ်ကိုဦးတည်နေလဲ။ ကိုယ်ဖြစ်စေချင်တဲ့အနေအထားမဟုတ်လို့ အားမလိုအားမရဖြစ်ပေမယ့် မန္တလေးဟာ မြင်းခြံနဲ့မုံရွာတို့လိုမှမဟုတ်ဘဲဗျာဟု မိတ်ဆွေတစ်ယောက်ကပြောလိုက်သည်။ ကျွန်တော် မည်သို့မျှမှတ်ချက်မပေးမိပါ။ အနီးဝန်းကျင်မှာပျံဝဲနေသည့်ယင်ကောင်တစ်ကောင်ကိုပဲ အထူးအဆန်းသဖွယ်ငေးမောနေမိသည်။

လွန်ခဲ့သည့်နှစ်နှစ်ဆယ်လောက်က မန္တလေးရဲ့မိုးကောင်းကင်ကို ဘယ်သူပိုင်သလဲဟု ကဗျာဆရာတစ်ယောက်က မေးခွန်းထုတ်ခဲ့ဖူးသည်။မန္တလေးသည် ကိန်းခန်းကြီး၏။ ဝံ့ကြွားဂုဏ်ယူစရာလည်းဖြစ်၏။ သို့ရာတွင် ယနေ့မန္တလေး၏မိုးကောင်းကင်ကို ဘယ်သူတွေအုပ်စိုးနေကြပါသလဲ။ ကျွန်တော်မသိပါ။ ရုတ်တရက်သတိလက်လွတ်ပြီ မိုးကောင်းကင်ဆီသို့မော့ကြည့်လိုက်သည်။ နေသည် ဝင်းဝင်းတောက်ပူပြင်းနေ၏။ ယင်ကောင်တွေကလည်း ပျံဝဲနေကြသည်။

ညိုထွန်းလူ

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar