Breaking News

မောင်သော်တာ - သတ္တိရှိတဲ့သပြေပင်လေးအကြောင်း


သတ္တိရှိတဲ့သပြေပင်လေးအကြောင်း
မောင်သော်တာ
(မိုးမခ) မေ ၁၄၊ ၂၀၂၂

ဒီဘုရားက နတ်ကြီးတယ်တဲ့
အရှိတရားက သေးငယ်လွန်းနေပြီး မသိတရားက လက်နက်မျိုးစုံနဲ့ပေါ့
အပေါ်ယံတွေ ခွာချလိုက်ပြီးတဲ့နောက် ငါ့သပြေပင်လေး အရွက်တွေညိုမည်းသွားတယ်
ဒီတော်လှန်ရေးရဲ့ အောက်ဆုံးထစ်မှာ ခြေနင်းတုံးလေးလို  တွေ့ရှိကြလိမ့်မယ်
သပြေပင်လေးလို တပင်လုံး ပေးဆပ်ရှင်သန်ရဲတာ လှလိုက်တာနော်
သူတို့ တူးခဲ့တဲ့ ချောက်ကမ်းပါးကို သူတို့ရဲ့အရိုး အသားနဲ့ပဲ ပြန်ဖို့ဖို့
သူတို့ အမှောင်ချခဲ့တဲ့ခေတ်ကို သူတို့ရဲ့ခန္ဓာအဆီအနှစ်တွေနဲ့ပဲ မီးထည့်ထွန်းလင်းဖို့
ငါ့ လက်ထဲက မြေဖြူခဲကို ငါဆက်သွေးနေမယ်ဆိုပြီး
ရုပ်ရှင်ပိတ်ကားထဲ ဝင်ရောက်သွားတဲ့ဇာတ်ကောင်တယောက်လို ည ၈ နာရီ
စာအံသံတွေ တိတ်ဆိတ်
အိမ်ထဲမှာ လက်ခုပ်တီးသံတွေ အသံဖိုင်သိမ်းထား
ရန်ကုန်မြို့ကြီးရဲ့ဟိန်းသံထွက်ရှိခဲ့ရာ ထမင်းပေါင်းအိုးအစုတ်တလုံးနဲ့
နွေဦးဟာ
စာသင်ခန်းတွေရဲ့ရှေ့မှာ 
ကမ္ဘာမကြေသီချင်းသံ အကျယ်လောင်ဆုံး ပြန်သီဆိုကြမယ့်နေ့
ဘာမှမတည်မြဲတဲ့ သဘာဝတရားကြီးထဲမှာ ဘာမှမပျောက် မပျက်သွားဘဲ
ခိုင်ခိုင်မြဲမြဲ 
ရှင်သန်နေဖို့ အသက်ရှင်ခြင်းမှာ အကြောက်တရား 
ဘယ်တော့မှ ကြားခိုမလာစေဖို့ပဲ

May.12 2022
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar