Breaking News

မြန်မာနွေဦး ခရိုနီကယ် - မေ ၁၃ မြင်ကွင်း


မြန်မာနွေဦး ခရိုနီကယ် - မေ ၁၃ မြင်ကွင်း

(မိုးမခ) မေ ၁၄၊ ၂၀၂၂


အာဆီယံ -အမေရိကန် ထိပ်သီးအစည်းအဝေး ရလဒ်၊ တနှစ်ကျော်အတွင်း အရပ်သားသေဆုံးမှု ၅၆၀၀ ကျော်ရှိလာ 

ပြီးခဲ့တဲ့ ၂ ရက်တာအတွင်း အမေရိကန်ပြည်ထောင်စု ဝါရှင်တန်မြို့တော်မှာ ကျင်းပတဲ့ အာဆီယံ-အမေရိကန် ထိပ်သီးအစည်းအဝေးပြီးဆုံးသွားပြီ ဖြစ်ပါတယ်။ ဒီအစည်းအဝေးမှာ အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံအနက် မြန်မာနိုင်ငံတနိုင်ငံတည်းကို တက်ရောက်ဖို့ မဖိတ်ကြားဘဲ ကျန် ၉ နိုင်ငံ တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။ မြန်မာ့အရေးကို အမေရိကန်ပြည်ထောင်စုက အခုထက်ပိုပြီး ကူညီပေးစေလိုသူ၊ မြန်မာစစ်ကောင်စီကို ဖိအားပေးစေလိုသူတွေကတော့ အာဆီယံ-အမေရိကန် ထိပ်သီးအစည်းအဝေးမှာ မြန်မာ့အရေးက အဓိကဆွေးနွေးစရာအကြောင်းဖြစ်လိမ့်မယ်လို့ မျှော်လင့်ကြ၊ ယူဆခဲ့ကြပါတယ်။ ဒါပေမဲ့ ဒီထိပ်သီးအစည်းအဝေးဟာ မြန်မာ့အရေးဆိုတာထက် အမေရိကန်နိုင်ငံရဲ့ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ မဟာဗျူဟာအရေး၊ ယူကရိန်းအရေးမှာ အာဆီယံရဲ့ သဘောထား ရပ်တည်ချက်ဆိုင်ရာ စတာတွေက အစည်းအဝေးရဲ့ အဓိကအာဂျင်ဒါ ဖြစ်တယ်လို့ အမေရိကန်ဘက်က ထုတ်ဖော်ပြောဆိုချက်တွေအရ သိနိုင်ပါတယ်။ 

၁၀ နိုင်ငံနဲ့ ဖွဲ့ထားတဲ့ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ အာဆီယံနိုင်ငံတွေဟာ အမေရိကန်ရဲ့ မဟာဗျူဟာ ပြိုင်ဘက် တရုတ်နိုင်ငံနဲ့ နီးစပ်တဲ့ အိမ်နီးချင်းနိုင်ငံတွေ ပါဝင်သလို စီးပွားရေးအရ ရင်းနှီးတဲ့ဆက်ဆံရေး ရှိကြတဲ့ နိုင်ငံတွေလည်း ပါဝင်နေပြီး အရှေ့တောင်အာရှဒေသမှာတရုတ်နိုင်ငံရဲ့ သြဇာကို ထိန်းညှိဖို့ ကိစ္စတွေ၊ ယူကရိန်း အရေးမှာ အရှေ့တောင်အာရှနိုင်ငံများရဲ့ ပူးပေါင်းရပ်တည်မှုတွေကို ရရှိဖို့ ကိစ္စတွေက အမေရိကန်အတွက် အရေးကြီးတဲ့ အာဂျင်ဒါတွေ ဖြစ်တာ တွေ့ရပါတယ်။ 

မြန်မာနိုင်ငံကို နိုင်ငံရေးရာထူး မဟုတ်သူအဆင့်သာ ဖိတ်မယ်ဆိုတဲ့ သဘော ပြောဆိုခဲ့ပြီး စစ်ကောင်စီဘက်ကလည်း နိုင်ငံခြားရေးဌာနက အရာရှိကြီးအဆင့်တွေ စေလွှတ်မယ့် အရိပ်အယောင် မရှိဘဲ မြန်မာနိုင်ငံအတွက် နေရာထိုင်ခုံကို လှပ်ထားခဲ့ကာ မြန်မာ့အရေးကိုတော့ ၂ ရက်တာမှာ ဆွေးနွေးတဲ့အထဲ တစိတ်တပိုင်း ထည့်သွင်းခဲ့ပုံရပြီး အဓိကအနေနဲ့တော့ NUG နိုင်ငံခြားရေးဝန်ကြီးနဲ့အဖွဲ့ကို အစည်းအဝေးတက်ဖို့ ရောက်ရှိနေတဲ့ အာဆီယံနိုင်ငံ ခေါင်းဆောင်တွေနဲ့ အလွတ်သဘော အစည်းအဝေးတွေအဖြစ် ဆွေးနွေးဖို့ စီစဥ်ခဲ့တဲ့ သဘောမျိုး တွေ့ရပါတယ်။ ဒေါ်ဇင်မာအောင်နဲ့ မလေးရှားဝန်ကြီးချုပ်တို့ တွေ့ခဲ့တဲ့သတင်းတွေ ဖော်ပြထားပြီး အခြား အမည်မဖော်တဲ့ ခေါင်းဆောင်တချို့နဲ့လည်း တွေ့ခဲ့ပုံရပါတယ်။ 

အမေရိကန်ပြည်ထောင်စုအဖို့ မြန်မာ့အရေးထက် ယူကရိန်းအရေးကို ပိုအားစိုက်လုပ်ဆောင်နေတာ ဖြစ်ပြီး မြန်မာ့အရေးမှာ လက်နက်ကိုင်တိုက်ပွဲတွေမှာ ပေါ်ပေါ်ထင်ထင်ကူညီမယ့် အရိပ်အယောင် အစကတည်းက မပြခဲ့သလို အခုချိန်ထိလည်း မတွေ့ရပါဘူး။ သံတမန်ရေးအရ ဖိအားပေးတာ၊ ကုလသမဂ္ဂမှာ နေရာကို ချန်လှပ်ထားတာတွေ လုပ်ဆောင်တဲ့ကိစ္စတွေမှာ ပါဝင်ခဲ့တာရှိပြီး စစ်ကောင်စီပြုတ်ကျရေးအတွက် လက်နက်ကိုင် တိုက်ပွဲတွေမှာ ငွေကြေး၊ လက်နက် ကူညီတဲ့အခြေအနေမျိုး မရှိတာ တွေ့ရပါတယ်။ 

၂ ရက်တာ အစည်းအဝေးအပြီး ထုတ်ပြန်တဲ့ အာဆီယံ-အမေရိကန် ပူးတွဲထုတ်ပြန်ချက် အချက် ၂၇ ချက်အနက် နံပါတ် ၂၆ မှာသာ မြန်မာ့အရေးကို ဖော်ပြထားတယ်လို့ သတင်းဖော်ပြထားကြတာ တွေ့ရပါတယ်။ 

စစ်ကောင်စီဥက္ကဋ္ဌကိုယ်တိုင် လက်ခံထားတဲ့ အာဆီယံ ဘုံသဘောတူညီမူ ၅ ချက်ကို ပြန်ရည်ညွှန်းထောက်ပြခဲ့ပြီး အချိန်ကိုက်အကောင်အထည်ဖော်ဖို့၊ သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံဆွေးနွေးပြီး ယုံကြည်မှုပြန်လည်တည်ဆောက်ရေး၊ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကို ခွဲခြားခြင်းမရှိဘဲ ပေးဝေရေး၊ ငြိမ်းချမ်းတဲ့ အဖြေတရပ်ရရှိအောင် အာဆီယံအထူးကိုယ်စားလှယ်ရဲ့ လုပ်ဆောင်မှုတွေကို အာဆီယံနိုင်ငံတွေက ပံ့ပိုးနေတာကို အမေရိကန်က ထောက်ခံတယ်ဆိုပြီး အဆိုပါ ထုတ်ပြန်ချက်ထဲက စာပိုဒ် ၂၆ မှာ ဖော်ပြထားတယ်လို့ ဆိုပါတယ်။ 

မြန်မာ့အရေးမှာ အမေရိကန်အနေနဲ့ သံတမန်ရေးအရ ဖိအားပေးတာ၊ စိတ်ဓာတ်ရေးအရ NUG ကို ထောက်ခံကြောင်း ပြသတာတွေ ထင်ထင်ရှားရှားရှိသော်လည်း လက်နက်ကိုင် ပဋိပက္ခတွေ စစ်ရေးတိုက်ခိုက်မှုတွေမှာ ပါဝင်ဖို့ ရည်ရွယ်ချက်မရှိတာ ထင်ရှားနေပါတယ်။ စစ်အာဏာရှင် ဖြုတ်ချရေး လက်နက်ကိုင် လှုပ်ရှားတဲ့အဖွဲ့တွေအနေနဲ့ မိမိတို့အင်အားနဲ့ မိမိတို့ တည်ဆောက် တိုက်ခိုက်ရမယ့်အနေအထားလည်း ဖြစ်ပါတယ်။ 

ISP လို့ အင်္ဂလိပ်လို အတိုကောက်အမည်ပေးထားတဲ့ သုတေသနအဖွဲ့ က စုစည်းထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာမှာ စစ်အာဏာသိမ်းပြီး တနှစ်ကျော်ကာလအတွင်း အရပ်သားသေဆုံးမှု ၅၆၀၀ ကျော်ရှိပြီလို့ ဖော်ပြထားပါတယ်။ 

ဒီကိန်းဂဏန်းတွေဟာ လူ့အခွင့်အရေးနဲ့ နိုင်ငံရေးအကျဥ်းသား ကူညီစောင့်ရှောက်ရေး အဖွဲ့ တဖွဲ့ရဲ့ စောင့်ကြည့် မှတ်တမ်းတင်ထားတဲ့ ကိန်းဂဏန်း၊ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူနဲ့ ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌက မီဒီယာကို ပြောဆိုတဲ့ ကိန်းဂဏန်းနဲ့ သတင်းဖော်ပြမှုတွေကို စောင့်ကြည့်မှတ်တမ်းတင်ထားတဲ့ ကိန်းဂဏန်းတွေကို စုစည်းကာ ဖော်ပြထားတာ ဖြစ်ပြီး အရပ်သား သေဆုံးမှု ကိန်းဂဏန်းတွေ ဖြစ်ပါတယ်။ သတင်းဖော်ပြမှုတွေမှာ မပါဝင်ခဲ့တဲ့ ၊ မကောက်ယူနိုင်ခဲ့တဲ့ အရေအတွက်တချို့လည်း ရှိနိုင်ပြီး အမှန်တကယ် သေဆုံးမှုဟာ ခုထက်အနည်းငယ် ပိုနိုင်တဲ့ သဘောလည်း ဖြစ်ပါတယ်။ 

ဒီကိန်းဂဏန်းကို ကြည့်ရင် ဆန္ဒပြမှုနဲ့ စစ်ကြောရေး၊ ဖမ်းဆီးပြီးနောက် အသက်ဆုံးရှုံးရသူ စုစုပေါင်းက ၁၈၀၀ ကျော်ရှိပြီး လက်နက်ကိုင် တိုက်ခိုက် ပစ်ခတ်ကြရာမှာ သေဆုံးရသူ၊ မြို့တွေ ရွာတွေမှာ ဖြတ်သန်းသွားလာစဥ် ပစ်ခတ်လို့ သေဆုံးရသူ ၆၉၀ ဦးနဲ့ ကြံ့ခိုင်ရေးပါတီဝင် ၁၅၀၀ ကျော် နဲ့ သတင်းပေး ဒလန် စွပ်စွဲသတ်ဖြတ်ခံရသူ ၁၅၀၀/ ၁၆၀၀ နီးပါး ပါဝင်တာတွေ့ရမှာ ဖြစ်ပါတယ်။ သတင်းပေး ဒလန်လို့ စွပ်စွဲသတ်ဖြတ်ခံရသူတွေထဲ မြို့နယ်/ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးတွေ ၊ ရာအိမ်မှူးတွေ၊ စီဒီအမ် မလုပ်တဲ့ ဝန်ထမ်းတွေ ပါဝင်လိမ့်မယ်လို့ ယူဆရပါတယ်။ 

ဒီကိန်းဂဏန်းတွေကို ကြည့်ရင် အာဏာသိမ်းပြီးနောက် ဆန္ဒပြပွဲတွေကို ဖြိုခွင်းရာမှာ လက်နက်မဲ့တဲ့ အရပ်သားတွေကို စစ်ကောင်စီက ကျည်အစစ်တွေနဲ့ အသက်ဆုံးရှုံးသည်အထိ ပစ်ခတ်ခဲ့ရာကနေ နောက်ပိုင်း ဖမ်းဆီးသူတွေကို လက်လွန်ခြေလွန် နှိပ်စက်တာ သတ်ဖြတ်တာတွေ လုပ်ဆောင်ပြီး ကြောက်လန့်အောင် ခြိမ်းခြောက် သတ်ဖြတ်မှုတွေနဲ့ နောက်ပိုင်း ဆန္ဒပြသူတွေအနက်က အချို့အင်အားစုတွေက လက်နက်နဲ့ လုပ်ကြံသတ်ဖြတ်မှုတွေ တန်ပြန်လုပ်ဆောင်ကြရာမှာ သေဆုံးမှုက နှစ်ဘက်စလုံးရဲ့ လက်ချက်ကြောင့် မြင့်တက်လာတာ ဖြစ်တာကို တွေ့ရပါတယ်။ 

ဒီကိန်းဂဏန်းတွေထဲမှာ လက်နက်ကိုင် အဖွဲ့အချင်းချင်း တိုက်ခိုက်ကြတဲ့ တိုက်ပွဲတွေ၊ ဖမ်းဆီးရမိတဲ့နောက် သတ်ဖြတ်မှု ကိန်းဂဏန်းအရေအတွက်တွေ မပါသေးဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar