Breaking News

စောဝေ - မေ့မရရပြီ စိတ်မှာစွဲ (အခန်းဆက် ဝတ္ထုတို) (ဇာတ်သိမ်းပိုင်း)

စောဝေ - မေ့မရရပြီ စိတ်မှာစွဲ (အခန်းဆက် ဝတ္ထုတို) (ဇာတ်သိမ်းပိုင်း)
(မိုးမခ) ဇန်န၀ါရီ ၁၆၊ ၂၀၂၂

(၇)
မနက်လမ်းလျှောက် ရေမိုးချိုးပြီး သမီးကြီးကို မူကြိုပို့ဖို့ အိမ်ရှေ့ထွက်လိုက်သည်။ ဟင်းနုနွယ်တို့ ကျူးဂေဟာမှာ ရွာပျက်လို့ နေသည်။ ရဲတွေလည်း အများကြီး တွေ့ရသည်။ အဘွားဟင်းနုနွယ်အသံက ညစ်ညမ်း ကျယ်လောင်စူးရှ။

“စောက်လူဝါးလာမဝနဲ့၊ စောက်တရုတ်မက ချမ်းသာတယ်ဆိုပြီး ရဲပိုင်တာနဲ့ ငါတို့ကို အနိုင်ကျင့်မယ်ပေါ့ ဟုတ်လား။ နင့်ပစ္စည်းမှ မဟုတ်ဘူး၊ ဘယ်သူပစ္စည်းမှ မခိုးဘူး။ ခိုးတဲ့လူလည်း ငါတို့က လက်မခံဘူး။ စားစရာမရှိရင် အလုပ်အဆင်မပြေရင် တောင်းစားတယ်၊ ငါ ကောက်တွေ့လို့ ငါ့မြေးမလေးကို လှလို့ ပေးပတ်တာ၊ သူဌေးကျွန် စောက်ရဲတွေ ကြိုက်သလိုရှာကြ၊ မြေလှန်ကြ၊ ရဲတွေ နင်တို့ကို တခါတည်း ပြောမယ်။ မရှိရင် တောင်းစားမယ် မခိုးဘူးဟေ့”

အဖေလည်း ထွက်ကြည့်နေသည်။ မြို့ထဲဈေးက ရွှေဆိုင် နာရီဆိုင်ပိုင်ရှင်လည်း တွေ့သည်။ ပြဿနာ တစ်ခုခုတော့ ရှိနေပြီ။ ဒါနဲ့ ဒရိုင်ဘာကို ခေါ်ပြီး သမီးကြီးကို မူကြိုပို့ခိုင်းလိုက်သည်။ အဖေ့ကိုခေါ်၍ အရှေ့ခုံတဲသို့ သွားလိုက်သည်။ သံလမ်းပေါ်ရောက်တော့ အဖေက…
“ဟေ့ ဟင်းနုနွယ် ဘယ်လို ဖြစ်နေကြတာလဲ၊ ခဏ တိတ်နေစမ်း၊ ပြောနိုင်တဲ့လူ ငါ့ဆီ လာစမ်း”
ဆိုတော့ ကမ္ဘာပျက်သလို ဆဲဆိုအော်ဟစ်နေသော တဲစုလေးသည် မီးကို ရေများများနဲ့ ငြှိမ်းလိုက်သလို တိတ်သွားသည်။

စခန်းမှူးကြီးက အဖေ့ဆီသို့လာပြီး…
“နေကောင်းလား အန်ကယ်” ဟု နှုတ်ဆက်သည်။
“ဘာဖြစ်တာလဲ၊ စခန်းမှူးကြီး ပြောပါဦး”
“ဟို လက်ထိတ်နဲ့ ငိုနေတဲ့ ကလေးမလေး ဈေးထဲ ဟင်းရွက်လာရောင်းတော့ သူ့လက်မှာပတ်ထားတဲ့ နာရီက သူတို့ဆိုင်က နာရီ ဖြစ်နေတယ်။ စခန်းကို အကြောင်းကြားတော့ ခေါ်မေးတော့ သူ့အဘွား ပေးထားတာလို့ ကလေးမလေးက ပြောတယ်။ ဒါနဲ့ ရောက်လာကြတာ။ ပြီးခဲ့တဲ့လကမှ သူတို့ဆိုင် အဖောက်ခံထားရတာ အန်ကယ်လည်း အသိပဲလေ”
“ကလေးမလေးက အသက်မပြည့်သေးဘူး။ စခန်းမှူး လက်ထိတ်ဖြုတ်ပေးပါ၊ ဒီမြို့မှာ တစ်နှစ်ကို နှစ်ခါလောက် ဖောက်ထွင်းခံနေရတာ၊ အမှုမပေါ်တာ ကြာပြီ၊ ခုမှ ဘာဖြစ်လို့ ဒီမိသားစုနဲ့ လာပတ်သက်နေရာတာလဲ၊ မြေနိမ့်ရာတော့ လှံမစိုက်ကြပါနဲ့”

အဖေ ပါနေသည်မို့ တင်းတင်းမာမာ မလုပ်ဝံ့။ စခန်းမှူး ကလေးမလေး လက်ထိတ်ဖြုတ်ပေးသည်။ ဈေးထဲက ဆိုင်ရှင် တရုတ်မက အဖေ့ကို တိုင်တည်သည်။

“ကျွန်မဆိုင်က တံဆိပ်နဲ့မို့ပါ အန်ကယ်၊ ရှာတွေ့တော့လည်း ဆိုင်တံဆိပ်နဲ့ အိတ်တွေ့တယ်။ အဘွားကြီးက သူ ကောက်တွေ့တာက ဟိုပေါက်ပင်အောက်လို့ ပြောတယ်။ အိပ်လေးနဲ့ ထည့်ရက်တွေ့လို့ ယူလာတာတဲ့။ ကျွန်မတို့ မတရား မလုပ်ပါဘူး။ အမှုဖွင့်ထားတယ်လေ၊ ရဲက လုပ်ပါလိမ့်မယ်။ ကျွန်မကို ဆဲတာ မိုးမွှန်နေတာပဲ၊ ရဲလည်း မကြောက်ဘူး၊ အန်ကယ် လာမှ ရပ်သွားတာ”
“စခန်းမှူး ဘာလုပ်မလဲ”
“အဘွားကြီးနဲ့ ကလေးမလေးတော့ စခန်းကို ခေါ်ရလိမ့်မယ်၊ ဖောက်တွင်းမှုတွေ ဒီမြို့မှာမပေါ်လို့ ကျွန်တော့် အရင်စခန်းမှူးတွေ အဝေးကို အပြောင်းခံရတာလေ။ မ.ဝ.တ ဥက္ကဋ္ဌ ဗိုလ်မှူးကလည်း သေချာလုပ်ဖို့ အမိန့်ပေးထားတယ်”
“တရားဥပဒေအတိုင်းတော့ လုပ်ကြပါဗျာ၊ ကျွန်တော် သိသလောက် ဒီအုပ်စုက ဘယ်တုန်းကမှ ခိုးတာ မရှိဘူးဗျ”
မြေးဟင်းနုနွယ် ဘေးနား ရောက်လာသည်။ ကယ်ပါဦး ဆိုတဲ့ မျက်နှာပေးနဲ့။ ခေါင်းကိုပွတ်ပြီး…
“အမှန်အတိုင်း ဖြစ်အောင် ငါ ကြိုးစားပါမယ်”

လို့ ပြောလိုက်တော့ ရဲခေါ်သွားသော အဘွားဟင်းနုနွယ်ကို ပြေးပြောသည်။

မြို့ထဲတွင်ရှိသော မြို့နယ် NLD ဥက္ကဋ္ဌ ဦးစိုးမောင်နှင့် သွားတွေ့ရန် ဆိုင်ကယ်ဖြင့် ထွက်သည်။ သူက ဒီမြို့မှာ နာမည်ကြီးရှေ့နေ ဥပဒေပညာရှင်။ ၁၉၉၀ လွှတ်တော်ကိုယ်စားလှယ်။ ကိုယ်စားလှယ်များကတော့ ထောက်လှမ်းရေးက ပဲခူးရိုးမပေါ်က စစ်တပ်မှာ ခေါ်နှိပ်စက် ဖိအားပေးသဖြင့် နုတ်ထွက်ထားသူ။ သူ့ကို ဖြစ်ကြောင်းကုန်စင် ပြောပြလိုက်သည်။

“ရတယ် ဒီအမှုကို လိုက်မယ်၊ ဒါပေမဲ့ ခင်ဗျားက NLD  မြို့နယ်သတင်းပြန်ကြား၊ ကျွန်တော်က ဥက္ကဋ္ဌ၊ ခုရောက်လာတဲ့ ရဲမြို့နယ်မှူး သူ့အစ်ကိုက တပ်မမှူးတဲ့။ ကျွန်တော် ရှေ့ထားပြီး စခန်းမှူးကို ဘာပြောသလဲ ဆိုတော့ ရဲစခန်းထဲမှာ ဘယ် NLD ထီး  NLD အမမှ မမြင်ချင်ဘူးတဲ့။ ကျွန်တော်တို့ လူလုံးပြပြီး ဖိအားပေးလိုက်ရင် ပိုဆိုးကုန်လိမ့်မယ်။ ဒါ ဥပဒေအထောက်အကူပြုအဖွဲ့က လုပ်ရမှာ၊ ကျွန်တော့်တပည့် တစ်ယောက်ကို ပါဝါပေးပြီး လိုက်မယ်”

ဘယ်လိုပဲ ကျွန်တော်တို့ အစွမ်းကုန်ကြိုးစားပေမယ့် ခိုးရာပါပစ္စည်းလက်ခံမှုဖြင့် အဘွားဟင်းနုနွယ်ကို ထောင် ၇ နှစ် ချပစ်လိုက်သည်။ မြေးဟင်းနုနွယ်လည်း အပ်ထားသော ပိုက်ဆံတောင်း၊ အလုပ်က ထွက်၍ တမိသားစုလုံး အရှေ့ဘက်သင်္ချိုင်းသို့ ရွှေ့သွားကြသည်။

ဖြူးမြို့ထဲမှာတော့ တစ်နှစ်ကို နှစ်ကြိမ် ဖောက်ထွင်းခံရတာတော့ မပျက်၊ မိလည်း မမိ။ ရုပ်ရှင်ရုံမှာ ရုပ်ရှင်ပြနေရင်း ဗုံးပေါက်ကွဲသည်။ လူတွေ ဆေးရုံရောက်။ ဘူတာရုံမှာ ဗုံးကွဲသည်။ ဘယ်တရားခံမှ မမိ။ စစ်တပ်ကြီး တခုလုံးက မြို့ထဲမှာ တရားဥပဒေစိုးမိုးရေးပျက်အောင် အုပ်ချုပ်သူတွေ လုပ်နေသလားတောင် ထင်ရသည်။

အဘွားဟင်းနုနွယ် ထောင်ကျတာ နှစ်နှစ်ပြည့်တဲ့လမှာတော့ ဆရာဝန်ကြီးအိမ် ဖောက်တာ မိသည်။ ရဲက ဖမ်းလို့ မဟုတ်။ ဆရာဝန်ကြီး မိသားစုက နွေကျောင်းပိတ်လျှင် ရန်ကုန်အိမ်ကို သွားနေကြသည်။ ဆရာဝန်ကြီး တစ်ဦးတည်းသာ ရှိသည်။ အပြင်ဆေးခန်းနှင့် အိမ်ကတွဲရက်။ ဆရာကြီး ဆေးရုံဂျူတီချိန်ဆို အိမ်ကို သော့ပိတ် သွားသည်။ အဲဒီအချိန်မှာ မီးက ပျက်သည်။ ဖြူးမှာ လျှပ်စစ်မီး မလာတာ၊ ပျက်တာကလည်း နေ့စဉ်။ ည သန်းခေါင်ကျော်မှာ ဆရာဝန်ကြီးအိမ်က မီးရောင် လင်းလိုက် မှိတ်လိုက်ကို လမ်းခြားမျက်နှာချင်းဆိုင်က ဘုန်းကြီးကျောင်းက ဦးဇင်းက ဖျတ်ခနဲ ဖျတ်ခနဲ တွေ့သည်။ ဘုန်းကြီး၊ သီလရှင်များကို ဆရာဝန်ကြီးက ဆေး အလကားကုပြီး ကုသိုလ်ယူနေကျဆိုတော့ ဦးဇင်းတွေ အိမ်ကိုဝိုင်းပြီး လက်နက်များကိုင်ကာ ဖမ်းတော့ ဖောက်ထွင်းသူတစ်ယောက် ခုန်ချ ထွက်ပြေးသည်။ အိမ်ထဲတွင် ကျန်သောတစ်ယောက်ကို မိတာပဲ ဖြစ်သည်။ ဆရာဝန်ကြီးရဲ့ အစ်ကိုအရင်းကလည်း ဗိုလ်ချုပ်တစ်ယောက်ဆိုတော့ ပြေးတဲ့လူပါ တစ်လအတွင်း မိသည်။ စစ်ကြောရေးလုပ်တော့ နှစ်တိုင်း အိမ်တွေ ဖောက်ထွင်းခိုးနေတာ သူတို့ပဲ ဖြစ်တာ ပေါ်သည်။ အဘွားဟင်းနုနွယ် ထောင်ချခံရတဲ့ ရွှေဆိုင် နာရီဆိုင်ဖောက်တာလည်း သူတို့ပဲ ဖြစ်သည်။ ရလာတဲ့ ပစ္စည်းတွေကို အဘွားဟင်းနုနွယ်တို့ ကျူးတဲစုနားက ပေါက်ပင်အောက်မှာ ခွဲဝေယူကြတာလည်း ပေါ်ပြီ။ အဲဒီမှာ ကျန်ခဲ့တာကို အဘွားဟင်းနုနွယ် ကောက်ရတာ။

ဆရာစိုးနဲ့ တိုင်ပင်တော့ ဘယ်လိုလုပ်ရင် အဘွားဟင်းနုနွယ် ထောင်က လွတ်မလဲဆိုတော့...သူရဲ့ စီနီယာ ရန်ကုန်က ဥပဒေပညာရှင် နိုင်ငံရေးအကျဉ်းသားဟောင်း ဆရာဦးကြီးမြင့်ကို ဖုန်းဖြင့်လှမ်းတိုင်ပင်သည်။ ဆရာဦးကြီးမြင့်က “၁၉၆၂ ခုနှစ်ထဲက ယခုအချိန်ထိတော့ တရားရုံးက လွဲမှားအပြစ်ပေးတယ်လို့ ဝန်ခံပြီး လွှတ်ပေးတာ မရှိဖူးဘူး။ ဒါပေမဲ့ ဥပဒေပညာရှင်က ရဲစခန်းရဲ့ တရားဝင်တရားခံရဲ့ ထွက်ဆိုချက်နဲ့ အကျဉ်းဦးစီး ဌာနကို စာပို့ရင်တော့ အနီးစပ်ဆုံး လွတ်ငြိမ်းသက်သာနဲ့ လွှတ်ပေးတယ်”ဆိုသဖြင့် အဘွားဟင်းနုနွယ်အတွက် ဝမ်းသာရသည်။

ဆရာစိုးက အမြန်ပင် သူ့တံဆိပ်တုံးများဖြင့် ရဲစခန်းသို့ တရားဝင်စာများ အပြန်အလှန်ရေးပြီး စာထုတ်ပေးသဖြင့် ထောင်ပိုင်ကြီး အကျဉ်းဦးစီးဌာန တောင်ငူမြို့ လိပ်စာတပ်ထားသောစာ လက်ထဲမှာ ရပြီ။ ဆိုင်ကယ်နဲ့ မြို့အရှေ့ဘက်က သင်္ချိုင်းကို သွားသည်၊ တစ်ယောက်မျှ မတွေ့၊ အနောက်သင်္ချိုင်းလည်း မတွေ့၊ ဇေယျဝတီသင်္ချိုင်း ပြေးသည် မတွေ့။ ဆယ့်တစ်မိုင်လောက်ဝေးတဲ့ ကညွတ်ကွင်းသင်္ချိုင်းလည်း မတွေ့၊ အပြန်မှာ စိတ်မောရသည်။

ညောင်ပင်သာသင်္ချိုင်း ရောက်တော့ ကုက္ကိုပင်ကြီးရဲ့အောက်မှာ ဗီနိုင်းအစုတ်များနဲ့ ကာထားသော ကြံရွက်မိုးတဲများ၊ တော်သေးရဲ့လို့ စိတ်မှာ ဖြစ်သည်။

ဆိုင်ကယ် ဟွန်းတီးလိုက်တော့။ ဂီတာကိုင်ရက်နဲ့ အစ်ကိုလေးဆို ပြီး မြေးဟင်းနုနွယ် ထွက်လာသည်။

“အစ်ကိုလေး၊ အစ်ကိုလေး သူငယ်ချင်း ထူးအိမ်သင် သီချင်းတွေ တော်တော်များများရနေပြီဗျ၊ အစ်ကိုလေးနဲ့ တွေ့သေးလား”
“ရန်ကုန်ရောက်ရင် တွေ့ကြပါတယ်ကွာ”
“မင်းတို့ အမျိုးတွေ အခုဘယ်နှစ်ယောက်”
“လေးယောက်တော့ သေသွားပြီ၊ ဒါပေမဲ့ သင်္ချိုင်းကိုလာပစ်သွားတဲ့ ကလေးတွေ မွေးထားတော့ အရင်အတိုင်းပါပဲ၊ အစ်ကိုလေး ဟိုမှာလေ ကျွန်တော့်တူ၊ အရူးမ မွေးထားခဲ့တာလေ ဖြူဖွေးနေတာပဲ”
နှစ်နှစ်ကျော် ကလေး ထွက်လာပြီး သူ့နားကပ်သည်။ ဘယ်သူ ဦးဆောင်လဲ ဆိုတော့ ....
“အဘွားကြီးမောင် အဖိုးလေးလေ”
“ခေါ်စမ်းပါဦးကွာ ပြောစရာရှိလို့”
ဟင်းနုနွယ် အဘိုးလေးနဲ့အတူ အားလုံးလိုက်လာကြပြီး ဝိုင်းနားထောင်ကြသည်။

“နာရီဆိုင်ဖောက်တဲ့ သူခိုးတွေ မိပြီ။ အဲဒါရှေ့နေကြီးက စာရေးပေးလိုက်တယ်၊ ထောင်ပိုင်ကြီးကို ဒီစာပေးလိုက်ရင် သီတင်းကျွတ်လပြည့်၊ သင်္ကြန်အကြိုနေ့၊ နှစ်ဆန်းတစ်ရက်၊ လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့ နေ့ကြီး ရက်ကြီး တရက်ရက်မှာ အဘွားဟင်းနုနွယ် ထောင်ကလွတ်ပြီ”
“ဟေး အဘွားကြီး ထောင်က လွတ်မယ်တဲ့ဟေ့။ ခုနစ်နှစ် မနေရဘူးတဲ့ဟေ့”
ဆိုပြီး မြေးဟင်းနုနွယ် အပါအဝင် အော်သူအော်၊ ကသူက သီချင်းဆိုသူဆိုဖြင့် သင်္ချိုင်းတခုလုံး အပျော်တွေ ဖုံးသွားတော့သည်။ မြေးဟင်းနုနွယ်ကို ဆိုင်ကယ်နဲ့ ခေါ်လာ။ မနက်ကျတော့ ပိုက်ဆံ ပိုပိုသာသာပေးပြီး…
“မင်း သွားတတ်၊ လုပ်တတ်ရဲ့လား” ဆိုတော့ ...
“အစ်ကိုလေးကလည်း အဘွားကြီး ထောင်ကျပြီး တလနေတော့ ကျွန်တော် ထောင်ဝင်စာ သွားတွေ့သေးတယ်လေ။ အဘွားကြီးက ဆဲပြီး အရက်လည်း ပေးလို့မရဘဲနဲ့ နောက်မလာနဲ့ မသာလေး ဆိုပြီး ဆဲတာ မွှန်နေတာဘဲ။ ငါ ထောင်ထဲမှာ လေလုံမိုးလုံနဲ့ အဆင်ပြေတယ်။ နင်တို့သာ အဆင်ပြေအောင်နေ၊ နောက်မလာနဲ့ဆိုလို့ မသွားတော့တာ။ ထောင်ပိုင်ကြီးလက်ထဲ ဒီစာထည့်ပြီးတော့ အဘွားကြီးအတွက် ငါးပိထောင်း၊ ငါးခြောက်ဖုတ်၊ ခေါက်ဆွဲကြော် တောင်ငူက ဝယ်ပေး။ ဒါပဲ မဟုတ်လား၊ အစ်ကိုလေးကလည်း ကျွန်တော် ရန်ကုန်နေလာတာပါ စိတ်ချ မပူနဲ့”
* * *

“ဘုရားရေ ... အဖြစ်ဆိုးလှချည်းလား၊ အဘွားဟင်းနုနွယ်ရယ်”
“အစ်ကိုလေး အစ်ကိုလေး ဝမ်းနည်းသွားတာလားဟင်၊ ထောင်ပိုင်ကြီးက သူများသတ်လို့လို့တော့ မပြောပါဘူး။ ထောင်ထဲမှာ လူမိုက်တွေအပြည့်ဆိုတော့ ကျွန်တော် ထင်တာ ပြောတာပါ။ ထောင်က လူလွှတ်ပြီး ဆက်သွယ်သေးတယ်တဲ့။ ကျွန်တော်တို့ဘဝတွေကလည်း အဆင်ပြေရာ ပြောင်းနေရတာလေ၊ အစ်ကိုလေးတောင် အတော်ရှာရတာ မဟုတ်လား။ စိုက်ခင်းထဲမှာ အလုပ်လုပ်ရင်း ဖြစ်သွားတာ၊ စစ်ကြည့်တော့ သွေးတိုးပြီး ဦးနှောက်သွေးကြော ပြတ်သွားတာတဲ့၊ စာရွက်ပြတယ်။ ကျွန်တော်လည်း နားမလည်တော့ မယူခဲ့တော့ပါဘူး။ အဘွားကြီးက တော်တော်အသက်ကြီးပါပြီ အစ်ကိုလေးရာ။ အပြင်မှာလည်း အရက်က သိပ်သောက်တော့ သေမယ့်အရွယ် ရောက်နေပါပြီ၊ အစ်ကိုလေး ဝမ်းမနည်းနဲ့နော်”

ဒီနွေနေလောက်ပူတာ ဘယ်နွေမှမရှိ။ ပေါက်ပန်းတွေရဲ့ အလှဟာလည်း ဆိတ်သုဉ်းခဲ့လေပြီ။ မြေးဟင်းနုနွယ် သူတို့ နေထိုင်ခဲ့ရာ စားကျက်ကုန်းလေးကို လှမ်းကြည့်ပြီး…

“အဘွားကြီးက ဒီနေရာလေး သိပ်ကြိုက်တာ၊ ရေလည်း ပေါတယ်၊ ရှမ်းလူမျိုးတွေ ချက်တဲ့ အရက်ကလည်း သူ သိပ်ကြိုက်တာ” 
သူ ငေးရီပြောသံတွေဟာ နားဆီမှ နှလုံးသားဆီ မီးပူရည်လို စီးဝင်ခဲ့။

“အစ်ကိုလေး ပိုက်ဆံတွေ အများကြီးပိုသေးတယ်၊ ရော့လေ”
“မင်း ယူသွားပါကွာ၊ အဘွားဟင်းနုနွယ်အတွက် အလှူလုပ်လိုက်ပေါ့”
“ဘုန်းကြီးတွေနဲ့ ပတ်ပတ်သက်သက် တခါမှ မလုပ်ဖူးဘူး အဟ်ကိုလေးရာ၊ ဒုက္ခပဲ”
“မင်းအဘွားကြီး အဘွားဟင်းနုနွယ် ဘာကြိုက်လဲ”
“အစ်ကိုလေးတို့ ဆိုင်က ဝက်ခေါက်ဆွဲကြော်”
“မင်းအခု လူဘယ်နှယောက် လောက်လဲ”
“နှစ်ဆယ်လောက် ထင်တာပဲ၊ မရေမိဘူး”
“ဝက်ခေါက်ဆွဲကြော် နှစ်ဆယ့်ငါးထုပ် ကြော်ပေးလိုက်မယ်၊ ဆိုင်ကယ် ကယ်ရီငှားပေးလိုက်မယ်၊ အဲဒီပိုက်ဆံလည်း မင်းယူသွား၊ မစားခင်နဲ့ စားပြီး ဒီလို အော်ရမယ်၊ အားလုံး”
“ဘယ်လိုလဲ အစ်ကိုလေး”
“အဘွားကြီး လွတ်လပ်စွာ ကောင်းရာသုဂတိလားပါစေ”
“အဘွားကြီး လွတ်လပ်စွာ ကောင်းရာသုဂတိလားပါစေ”
“အဘွားကြီး လွတ်လပ်စွာ ကောင်းရာသုဂတိလားပါစေ”
“အဘွားကြီး လွတ်လပ်စွာ ကောင်းရာသုဂတိလားပါစေ၊ မှန်လား အစ်ကိုလေး”
ခေါက်ဆွဲထုပ်တွေ အိတ်ကြီးနဲ့ လက်နှစ်ဖက်ကဆွဲ၊ ပါးစပ်ကလည်း ပွစိပွစိနဲ့..
“အဘွားကြီး လွတ်လပ်စွာ ကောင်းရာသုဂတိ လားပါစေ” လို့ မမေ့သွားအောင် တတွတ်တွတ်ရွတ်ရင်း ဆိုင်ကယ်နောက် ထိုင်လိုက်သွားတဲ့ မြေးဟင်းနုနွယ်ကို ကြည့်ပြီး အဘွားဟင်းနုနွယ် လွတ်လပ်စွာ ကောင်းရာသုဂတိလားပါစေဟု စိတ်မှာ အကြိမ်ကြိမ် ရေရွတ်မိသည်။

(၈)
အဘွားဟင်းနုနွယ်တို့ လူတစုသည် လူမျိုးကို အခြေပြုသည် မဟုတ်။ လူဖြစ်ခြင်းမှာ ရိုးသားသည်ဟု စိတ်မှာ ရသည်။ ရိုးသားစင်ကြယ်ခြင်းဟာ ပိုင်ဆိုင်မှုတွေမှာ ကိန်းဝပ်နေခြင်းမဟုတ် ဆိုတဲ့ အတွေးဒဿနကို ကျူးကျော် အဘွားဟင်းနုနွယ်တို့ လူစုက ပေးသည်။ သူ သေသေချာချာ ဆုပ်ကိုင်မြဲမြဲ ကျင့်ကြံခဲ့သည်က သူများဥစ္စာ မခိုးမဝှက် ခြင်း၊ ရာထူးတွေယူ၊ ရာထူးတွေနဲ့ ခိုးဝှက်နေတဲ့ စနစ်ကြီးက လူတွေအတွက် အသက်ရှင်ဖို့နေရာ မပေးနိုင်ကြတော့ ပြီဘဲ။ အဘွားဟင်းနုနွယ် ဦးဆောင်တဲ့ လူအစုဖွဲ့လေးက နိစ္စဓူဝတည့်ရင် သီချင်းဆို၊ မတည့်ရင် ရန်ဖြစ်ပြန်ချစ်။ နေ့ည အရက်သောက် ဆဲဆို။ ဒါပေမဲ့ လောကကြီးထဲ ဘာသာ၊ လူမျိုး၊ အသားအရောင်၊ အဆင့်အတန်း၊ ဘာဆိုဘာမှ မခွဲဘဲ ရှင်သန်ဖို့ သူတို့ကိုယ်သူတို့ ရုန်းကန်ရတယ်၊ ပေးဆပ်ရတယ်လို့ကို မသိထားဘဲ ဖြူစင်စွာ ပေးဆပ်နေကျ။ အဲဒီလိုလူ အဘွားဟင်းနုနွယ်က ဘာအပြစ်မှမရှိဘဲ ထောင်ထဲမှာ သေဆုံးခဲ့ရပြီ။

စာမျက်နှာပေါ်သို့ ရေပေါက်လေးတစ်ပေါက် ကျသည်။ ရေးနေသော မင် ပျယ်သွားသည်။ မျက်နှာကြက်ကို မော့ကြည့်လိုက်သည် အိမ်မြှောင် သေးပေါက်ချသလားပေါ့။ အိမ်မြှောင် မတွေ့။ အခါမဟုတ် မိုးရွာသဖြင့် တရုတ်ကတ်က စင်သည်ထင်၍ ကြည့်သည်၊ မိုးလည်း မရွာ။ စာမျက်နှာပေါ် ပြန်ကြည့်တော့ တပေါက်ကျလိုက် စက္ကူပေါ် မင်ပြန့်သွားလိုက်၊ နောက်တပေါက် နောက်တပေါက်။ မျက်စိကို တင်းတင်းပိတ်လိုက်ပြီး ခေါင်းကိုမော့၊ ကိုယ်ကို ဆန့်လိုက်၍ ထိုင်ခုံကျောကို မှီထားလိုက်ရသည်။

စစ်စနစ်ဆိုးဆိုတာကသတ်လိုက်တဲ့ မသာတွေထဲ ကိုယ်မပါသေးရပါလားလို့ စိတ်မှာ ဆို့နင့်စွာ ခံစားနာကျင်နေမိတော့သည်။

စောဝေ

ပြီးပါပြီ။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar