Breaking News

အောင်သူငြိမ်း - စီးပွားရေးသုံးသပ်မှုများ၏ နှလုံးသားတွင်းသို့ ခွဲဝေဖြန့်ဖြူးမှုဆိုင်ရာ မေးခွန်းများကို ထည့်သွင်းခြင်း


အောင်သူငြိမ်း - စီးပွားရေးသုံးသပ်မှုများ၏ နှလုံးသားတွင်းသို့ ခွဲဝေဖြန့်ဖြူးမှုဆိုင်ရာ မေးခွန်းများကို ထည့်သွင်းခြင်း

(မိုးမခ) နိုဝင်ဘာ ၂၊ ၂၀၂၂


Thomas Piketty - Capital in the 21st Century (Part 8)


ဤမေးခွန်းက အရေးကြီးပါသည်။ သမိုင်းဆိုင်ရာ ကြောင်းချက်များအတွက်မျှသာ မဟုတ်ပါ။ ၁၉၇၀ ခုနှစ်များမှစတင်၍ ဝင်ငွေအရ ဆင်းရဲ ချမ်းသာကွာဟမှုက ချမ်းသာသောနိုင်ငံများတွင်၊ အထူးသဖြင့် အမေရိကန်ပြည်ထောင်စုတွင် သိသိသာသာ မြင့်မား၍လာနေပါသည်။ ၂၁ ရာစု၏ ပထမဆယ်နှစ်ပိုင်းတွင် ဝင်ငွေအရ သိပ်သည်းစုပုံမှု ပြန်၍ဖြစ်လာပါသည်။ အမှန်ဆိုရလျှင် ပြီးခဲ့သည့်ရာစု၏ ဒုတိယဆယ်စုနှစ်များတွင် ဖြစ်ပေါ်ခဲ့သည့်အဆင့်ထက် အနည်းငယ်ပင် ပို၍မြင့်နေပါသေးသည်။ သို့ ဖြစ်ရာ ကြားကာလတွင် ဆင်းရဲချမ်းသာကွာဟမှု မည်သည့်အတွက်ကြောင့်နှင့် မည်သို့မည်ပုံ ကျဆင်းသွားရသည်ကို နားလည် သဘောပေါက်ရန် လိုအပ်လာပါသည်။ သေချာသည်မှာ ဖြစ်ထွန်းစ စီးပွားရေးစနစ်များ အထူးသဖြင့် တရုတ်နိုင်ငံတွင် လူဆင်းရဲများ အလွန်လျှင်မြန်စွာ ဖွံ့ဖြိုးတိုးတက်မှုရလာသောကြောင့် ကမ္ဘာလုံးဆိုင်ရာ ဆင်းရဲချမ်းသာကွာဟမှု လျှော့နည်းကျဆင်းသွားရခြင်းအတွက် အင်အားတရပ် ဖြစ်စေခဲ့ပါသည်။ ၁၉၄၅-၇၅ ခုနှစ်များအကြား ချမ်းသာသည့်နိုင်ငံများတွင် စီးပွားဖွံ့ဖြိုးမှု ရလာခဲ့သည့်ပုံစံနှင့် အလားတူပါသည်။ သို့သော် ဤလုပ်ငန်းစဉ်က ချမ်းသာသည့်နိုင်ငံများအဖို့ ဖွံ့ဖြိုးဆဲ စီးပွား ရေးစနစ်များအပေါ် နက်ရှိုင်းစွာ စိုးရိမ်ပူပန်မှုများ ပေါက်ဖွားလာစေသည်။ ထို့အပြင် ပြီးခဲ့သည့်ဆယ်စုနှစ်များအတွင်း ငွေကြေး၊ ရေနံ နှင့် အိမ်ရာဈေးကွက်များတွင် သိသာသည့် ဖက်မညီမျှမှုကို လေ့လာတွေ့ရှိခဲ့ကြရပါသည်။ သို့ဖြစ်ရာ ဆိုလိုး နှင့် ကုဇနက်စ်တို့ဖော်ပြခဲ့သည့် “ဖက်ညီမျှသော ဖွံ့ဖြိုးရေးလမ်းကြောင်း” အပေါ် သဘာဝအလျောက်ပင် သံသယများ မြင့်မား စရာ ဖြစ်လာစေပါသည်။ ထိုသူများ၏အဆိုအရ စီးပွားရေးကိန်းရှင်များအားလုံးသည် တူညီသောရှိန်နှုန်းဖြင့် ရွေ့လျားကြလိမ့် မည်ဟု ဆိုထားကြပါသည်။ ဆိုပါစို့ သက္ကရာဇ် ၂၀၅၀ သို့မဟုတ် ၂၁၀၀ တွင် ကုန်သည်ကြီးများ၊ ထိပ်တန်းမန်နေဂျာများ၊ ဧရာမ လူကုန်ထံများက ကမ္ဘာကြီးကို ပိုင်ဆိုင်ကြမည်လား၊ သို့မဟုတ် ရေနံထုတ်လုပ်သည့် နိုင်ငံများက ပိုင်ဆိုင်နေကြမည် လား၊ သို့မဟုတ် တရုတ်နိုင်ငံ၏ဘဏ်က ပိုင်ဆိုင်နေမည်လား။ သို့မဟုတ် ဤသို့သောဇာတ်ကောင်းများက ခိုလှုံနေကြမည့် အခွန်ကင်းလွတ်ရာ နိဗ္ဗာန်ဟုခေါ်ဆိုသော ဒေသငယ်ကလေးများက ပိုင်ဆိုင်နေကြမည်လား။ ဤမေးခွန်းများကို မမေးဘူး ဟုဆိုလျှင်၊ မည်သူက မည်သည့်ကိစ္စများကို ပိုင်ဆိုင်ကြသည်၊ ရေရှည်သဘောတွင် သဘာဝအလျောက် “ဘက်ညီမျှသည့်” ဖွံ့ဖြိုးမှု ဖြစ်ပေါ်လာမည်ဟု ယူဆထားလျှင် အတော့်ကို ကိုးရိုးကားရားနိုင်ပါလိမ့်မည်။ 

တနည်းဆိုရလျှင် မိမိတို့သည် ၂၁ ရာစုအဆန်းပိုင်းတွင် ရှိနေသော မိမိတို့၏အခြေအနေသည် ရှေးလူများတွေ့ကြုံခဲ့ရသည့် ၁၀ ရာစု အစောပိုင်းကာလများနှင့် တူညီနေပါသည်။ ကမ္ဘာတဝန်းလုံး စီးပွားရေးတွင် အပြောင်းအလဲကြီး ဖြစ်ပေါ်နေသည်ကို မျက်မြင်တွေ့ကြုံနေရပြီး၊ မည်မျှနက်ရှိုင်းစွာ ဖြစ်ပေါ်အဖြေထွက်လာမည်ကို သိရှိရန် ခက်ခဲလွန်းပါသည်။ သို့မဟုတ် နိုင်ငံ တခုအတွင်းနှင့် နိုင်ငံများအကြား ကမ္ဘာလုံးဆိုင်ရာ ဓနဥစ္စာခွဲဝေမှု မည်သို့မည်ပုံ ရှိမည်ကိုလည်း သိမြင်ရန် ခက်ခဲလှပါသည်။ အခုအချိန်မှနေ၍ လာမည့် ဆယ်စုနှစ်အချို့တွင်မှ မည်သို့ပုံစံ ရှိမည်ကို သိမြင်နိုင်ပါလိမ့်မည်။ ၁၉ ရာစုရှိ စီးပွားရေးပညာရှင် များက စီးပွားရေးသုံးသပ်မှု၏ အသည်းနှလုံး ဗဟိုချက်မတွင် ခွဲဝေဖြန့်ဖြူးမှုဆိုင်ရာ မေးခွန်း ထည့်သွင်းစစ်ကြောခဲ့ကြသည်မှာ၊ ရေရှည်လားရာတွက် တွက်ဆခဲ့ကြသည်မှာ အထူး ကျေးဇူးထိုက်လှပါသည်။ သူတို့၏အဖြေများမှာ အမြဲတစေ ကျေနပ်စရာ တော့ မဟုတ်ခဲ့ပါ။ အနည်းဆုံးတော့ သူတို့က မေးသင့်သည့်မေးခွန်းကို မေးမြန်းခဲ့ကြပါသည်။ စီးပွားဖွံ့ဖြိုးမှုသည် အလို အလျှောက် ဖက်ညီမျှနေမည်ဟု မိမိတို့ယုံကြည်နေရန် အခြေခံကျကျ မည်သည့်အကြောင်းအချက်မှ ရှိမနေပါ။ 

အတိတ်မှနေ၍ ပြန်ကြည့်လျှင် လူတန်းစားမညီမျှမှုဆိုင်ရာ မေးခွန်းကို စီးပွားရေးသုံးသပ်မှု၏ ဗဟိုချက်မနေရာသို့ ပြန်၍ ထည့်သွင်းရန် အချိန်အတော် ကြာမြင့်နေခဲ့ပြီ ဖြစ်ပါသည်။ ယင်းမေးခွန်းကို ၁၉ ရာစုကတည်းက စ၍ ပထမဦးဆုံးမေးခွန်း ထုတ်ခဲ့ကြပြီ ဖြစ်ပါသည်။ ဓနဥစ္စာ ခွဲဝေဖြန့်ဖြူးမှုနှင့် ပတ်သက်၍ စီးပွားရေးပညာရှင်များက လျစ်လျူရှုထားခဲ့ကြသည်မှာ အတော် ကြာမြင့်နေပေပြီ။ အကြောင်းတစိတ်တပိုင်းမှာ ကုဇနက်စ်၏ အကောင်းမြင်နိဂုံးချုပ်ချက်ကြောင့် ဖြစ်ပြီး၊ ကျန်တပိုင်းအားဖြင့် ကိုယ်စားပြုပါဝင်သူ အေးဂျင့်များ (so-called representative agents) 18 ဟု ဆိုကြသော အလွယ်ကူဆုံး သင်္ချာမိုဒယ်များဖြင့် အခြေခံတွက်ချက်ရန် ပညာရပ်ဆိုင်ရာ အနေဖြင့် အချိန်မတန်သေးသောကြောင့် ဖြစ်ပါသည်။ လူတန်းစား မညီမျှမှုဆိုင်ရာ မေးခွန်းသည် အကယ်၍ ယခုတကြိမ် ဗဟိုချက်မ ပြန်ဖြစ်လာပါက မိမိတို့က ဖြစ်နိုင်သမျှ သမိုင်းကြောင်းဆိုင်ရာ ဒေတာများကို အများဆုံး စုဆောင်းခြင်းဖြင့် စတင်ကြရပါလိမ့်မည်။ သို့မှသာ အတိတ်နှင့် ပစ္စုပ္ပန် ဖွံ့ဖြိုးမှုလားရာများကို သိရှိနိုင်ရန် ဖြစ်သည်။ စိတ်ရှည်စွာ အချက်အလက်များနှင့် လားရာများကို တည်ထောင်စုဆောင်းပြီး ခါမှ မတူခြားနားသည့်နိုင်ငံများကို ယှဉ်၍ကြည့်ရပါလိမ့်မည်။ သို့မှသာ အနာဂတ်အတွက် ပိုမိုရှင်းလင်းသည့် အိုင်ဒီယာ ရရှိ နိုင်ပေမည်။ မည်သို့မည်ပုံ စနစ်များက အလုပ်လုပ်နေကြောင်းလည်း ဖော်ထုတ်နိုင်ရန် မျှော်လင့်ရပါသည်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar