Breaking News

မြန်မာနွေဦး ခရိုနီကယ် - မေ ၂၁ မြင်ကွင်း

မြန်မာနွေဦး ခရိုနီကယ် - မေ ၂၁ မြင်ကွင်း

(မိုးမခ) မေ ၂၂၊ ၂၀၂၂


အပြန်အလှန် လက်စားချေမှု ချောက်ထဲကျရောက်တော့မလား  

မန္တလေးမြို့ ချမ်းအေးသာစံ မြို့နယ်ထဲက နေအိမ်တအိမ်မှာ မိခင်နဲ့ သမီး ၂ ဦးစလုံး လက်ပြန်ကြိုးတုပ်ထားပြီး ဓားထိုးသွင်းဒဏ်ရာတွေနဲ့ သေဆုံးနေတာ မေလ ၂၁ ရက်နေ့ နံနက်မှာတွေ့ကြရပြီး သွေးသောက်အဖွဲ့ရဲ့ လက်ချက်လို့ ယူဆရတဲ့ အမှတ်အသား လည်ဆွဲတွေကို သေဆုံးသူတွေထံမှာ တွေ့ရတယ်လို့ သတင်းတွေမှာ ဆိုပါတယ်။  

ဧပြီလနှောင်းပိုင်းမှာ စတင်ပေါ်ထွက်လာတဲ့ သွေးသောက်အဖွဲ့က NLD ပါတီက တက်တက်ကြွကြွ ပါဝင်လှုပ်ရှားသူတွေ၊ သူတို့ရဲ့ မိသားစုတွေ၊ ပီဒီအက်ဖ်တွေရဲ့ မိသားစုဝင်တွေ၊ ပြည်ပကနေ ပီဒီအက်ဖ်တွေကို အားပေးလှုံ့ဆော်နေသူတွေ၊  ပီဒီအက်ဖ်တွေကို ထောက်ခံအားပေးနေတဲ့ သတင်းမီဒီယာသမားတွေနဲ့ မိသားစုဝင်တွေကို လက်စားချေ သတ်ဖြတ်မယ်လို့ ဆိုရှယ်မီဒီယာ ပလက်ဖောင်းကနေ ခြိမ်းခြောက်ခဲ့သလို မန္တလေးမှာ NLD ပါတီကို တက်ကြွစွာထောက်ခံတဲ့ လက်ဖက်ရည်ဆိုင် ပိုင်ရှင်လင်မယားနဲ့ ဆွေမျိုးသားချင်း တဦး၊ အမရပူရမှာ  NLD ပါတီဝင်အချို့၊ ရန်ကုန်မြို့မှာ မြေးဖြစ်သူက လူသိများတဲ့ ဇာတ်ဆောင်ကနေ PDF အဖြစ် ဝင်ရောက်သွားလို့ အိမ်ရှေ့မှာ သေနတ်နဲ့ လုပ်ကြံခံရသလို အဘိုးတဦး၊ အခုရက်ပိုင်း ရန်ကုန််မြို့ သာကေတက အထည်ဆိုင်မှာ သေနတ်နဲ့ ဝင်ပစ်သွားတဲ့ အဖြစ်အပျက်တွေက သွေးသောက်အဖွဲ့ရဲ့ လက်ချက်တွေလို့ ယူဆရမှာ ဖြစ်ပါတယ်။  

အချို့သော သတင်းဌာနတွေရဲ့ ဖော်ပြချက်အရတော့ ယခုနောက်ဆုံး ချမ်းအေးသာစံမြို့နယ်က အမျိုးသမီး ၂ ဦး အဖြစ်အပျက်မပါ ၁၈ ဦး အသက်ဆုံးရှုံးခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။ သွေးသောက်အဖွဲ့ရဲ့ နောက်ကွယ်မှာ ဘယ်သူ ရှိတယ်ဆိုတာ အငြင်းပွားဖွယ်ရာ မရှိလောက်အောင် ရှင်းလင်းပါတယ်။ တဘက်မှာလည်း ဒီလို တန်ပြန်လက်စားချေမှုတွေ ဖြစ်ပျက်လာစေတဲ့ အချက်တချက်က ဒလန်ရှင်းလင်းရေးလို့ ခေါ်ဆိုကြတဲ့ သတင်းပေး လုပ်ကြံသတ်ဖြတ်မှု ၊ စစ်ကောင်စီဒေါက်တိုင်လို့ ဆိုတဲ့ ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးတွေ၊ ​ရာအိမ်မှူးတွေကို လုပ်ကြံသတ်ဖြတ်မှုနဲ့ အချို့နယ်တွေမှာ စီဒီအမ် မလုပ်တဲ့ အစိုးရဝန်ထမ်းအချို့ပါ ပစ်မှတ်ထား လုပ်ကြံသတ်ဖြတ်မှုတွေ၊ မိသားစုဝင် တချို့ပါ သတ်ဖြတ်ခံကြရတဲ့ အဖြစ်အပျက်တွေက စေ့ဆော်သလို ဖြစ်စေခဲ့တာလည်း ဖြစ်ပါတယ်။  

လုပ်ကြံသတ်ဖြတ်ရေးက ပစ်မှတ်အများစုက အောက်ခြေ ရပ်ကွက်၊ ကျေးရွာအဆင့်၊ ရာအိမ်မှူး၊ ကြံ့ခိုင်ရေးပါတီဝင် စတဲ့ လက်လှမ်းမီပြီး လွယ်ကူတဲ့ ပစ်မှတ်တွေဖြစ်ခဲ့ကြပြီး အရေအတွက်အားဖြင့် ရာဂဏန်းကနေ ထောင်ဂဏန်းထိရှိလာပြီလို့ ကြံ့ခိုင်ရေးပါတီခေါင်းဆောင် ပြောဆိုချက်အရ သိရပါတယ်။  

လုံခြုံရေး အကြောင်းပြချက်အောက်မှာ လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားနေတဲ့ ဒေသတွေတင်မကပဲ လက်နက်ကိုင် တိုက်ပွဲမရှိဘဲ မြို့ပြပြောက်ကျား လှုပ်ရှားမှုရှိတဲ့ မြို့တွေ နယ်တွေအထိ ကျယ်ပြန့်လာခဲ့တာ ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းက အချို့သော ကျေးရွာတွေမှာ အပြန်အလှန်သတ်ဖြတ်မှု အသွင်ဆောင်တဲ့အထိ မိသားစုဝင်တွေကို သတင်းပေးလို့ ယူဆသူနဲ့ တပါတည်း လုပ်ကြံသတ်ဖြတ်မှုတွေ အများအပြားဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်၊ ရဲ တို့ရဲ့ မိဘ၊ ဇနီးလို အမျိုးသမီးတွေ၊ မောင်နှမသားချင်းတွေလည်း သတ်ဖြတ်ခံရတာတွေ ပြီးခဲ့တဲ့လတွေမှာ ဖြစ်ပျက်လာတာလည်း ဖြစ်ပါတယ်။  

စစ်ကောင်စီတပ်တွေရဲ့ ကျေးရွာတွေမှာ သတ်ဖြတ်မှု၊ မဆင်မခြင် ပစ်ခတ်မှုတွေ၊ ပစ္စည်းတွေ ယူဆောင်သွားတာ၊ ဖျက်ဆီးပစ်တာ၊ နေအိမ်မီးရှို့တာတွေကြောင့် ခံစားချက်အမြင့်ဆုံးဖြစ်လာပြီး လက်စားခြေ တုံ့ပြန်တာလို့ ဆိုတဲ့ ဆင်ခြေလည်း ရှိကောင်းရှိနိုင်ပါတယ်။ ကာယကံရှင်နေရာမှာ မခံရလို့ အခုလို လက်စားချေ သတ်ဖြတ်တာတွေကို ကန့်ကွက်နေတာလို့ ဆင်ခြေပေးကောင်း ပေးနိုင်ပါတယ်။ သို့သော် နိုင်ငံရေး ဦးတည်ချက်နဲ့ စနစ်ကို ပြောင်းဖို့ တော်လှန်တဲ့ လှုပ်ရှားမှု၊ လက်နက်ကိုင် တော်လှန်ရေးအနေနဲ့တော့ စည်းမျဥ်းစည်းကမ်းနဲ့ ထိန်းသိမ်းကြဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးလို၊ သွေးသောက်လို လုပ်ကြံသတ်ဖြတ်တဲ့ လက်မရွံ့တပ်ဖွဲ့တွေနဲ့ တန်းမညှိသင့်ပါဘူး။  

မြန်မာနိုင်ငံနဲ့ အခြေအနေချင်း နှိုင်းယှဥ်ဖို့ မသင့်ပေမယ့်လည်း အာဖရိကတိုက်က ပြည်တွင်းစစ် ဖြစ်နေတဲ့ နိုင်ငံတချို့လို သမိုင်းမှာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ လူသတ်ပွဲတွေ၊ ဆိုးရွားလွန်းလှတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းတွေ၊  ရဝမ်ဒါ နိုင်ငံက လူသတ်ပွဲလို အခြေအနေမျိုးဆီ ဦးမတည်ခင်မှာ သက်ဆိုင်တဲ့ တတ်နိုင်တဲ့ အဖွဲ့တွေ ခေါင်းဆောင်တွေ ထိန်းကွပ်ကြဖို့ အရေးတကြီး လိုအပ်လှပါတယ်။  

အဲဒီလို အနေအထားနဲ့ ယှဥ်ပြီး ပြောရတဲ့ သမိုင်းမဖြစ်အောင် နိုင်ငံရေးဦးဆောင် အဖွဲ့အစည်းတွေက နိုင်ငံရေးအရ၊ အယူဝါဒအရ၊ လူ့အခွင့်အရေး စံ ၊ နိုင်ငံတကာစံနှုန်း စည်းမျဥ်းတွေအရ ထိန်းသိမ်းဖို့ အရေးတကြီး လိုအပ်နေပြီလို့ တိုက်တွန်းချင်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar