Breaking News

နေသွင်နိုင်း - ငါ့ကိုသတ်ပေးပါ

နေသွင်နိုင်း - ငါ့ကိုသတ်ပေးပါ
(မိုးမခ) မေ ၁၅၊ ၂၀၂၂

သေခြင်းတရားက အပြေးမြန်ကောင်လား
ရယ်ပွဲဖွဲ့ပါတယ်
စစ်ဖိနပ်ကို တံတွေးထွေး
မိစ္ဆာတွေရဲ့ဦးခေါင်းကို  နင်းချေပစ်ခဲ့တယ်
သွေးနဲ့ဖွင့်ဆိုရတဲ့နွေမှာ ရန်သူကို မေ့မပစ်နဲ့
ဝိညာဥ်တောင်ကုန်းဆီ သွားစို့
မြင်းဇက်ကြိုးကို လွှတ်လိုက်စမ်း
ငါ့ရဲဘော်က ကြွေးကြော်တယ်
စိတ်ရှင်မလားလို့ ရုပ်ရှင်မကြည့်နဲ့
ငါတို့ဟာ အကောင်းဆုံးဇာတ်ဝင်ခန်းတစ်ခုရဲ့
နောက်ဆုံးတေးသွားလည်း ဖြစ်သတဲ့
အနာဂတ်ဆိုတာ သေခြင်းနဲ့အစပြုရတယ် ရဲဘော်ရေ
နောက်ကျိနေတဲ့စမ်းချောင်းတစ်ခုရဲ့ သွေးကိုသောက်ရင်း
ပြေးရင်းလွှားရင်း မင်းပြောခဲ့သေးတာပဲလေ။

အပျိုရည်ပျက်သွားတဲ့ မိန်းမပျိုလေးရဲ့ဝိညာဉ်ရှိုက်သံ
 ငါကြားရတယ်
အိမ်သာခန်းထဲမီးရှို့ခံရတဲ့ အမယ်အိုကြီးရဲ့ 
မီးလောင်ဒဏ်ရာက ရိတွဲကျနေတဲ့ ညှော်နံ့ ငါရတယ်
အရှင်လတ်လတ် မီးရှို့ခံရတဲ့ လူမမည်
နို့နံ့မစင်​သေးတဲ့ သူ့ရဲ့လက်တွေက
ငါ့ကို ဒရွတ်ဆွဲလို့
ဆွမ်းခံကိုယ်တော်လေးတစ်ပါးရဲ့ ရင်ဝက ယမ်းငွေ့
ငါရှူနေရတယ်
မြင့်မြတ်သူတွေသာ ဒီတောင်ကုန်းရောက်တယ်ဆိုတာ
ငါပြောခဲ့တယ်
ငါ့ရဲဘော်က ဦးခေါင်းတစ်ခုလုံး​ စေးပျစ်နေတဲ့သွေးလို
ရဲရင့်လို့သေခြင်းတရားနဲ့ သစ္စာတရားကို လဲလှယ်ဖို့
ကမ်းလှမ်းလို့
စစ်ကြောရေးစခန်းထဲက ငါ့ ရဲဘော်က
ငါ့ကိုသတ်ပေးပါတဲ့
ရယ်သလို ငိုသလို
ငါ့နားတွေလည်း သိပ်မကြား
ခွေးတွေမှာ အကြင်နာတရား မရှိဘူးမဟုတ်လား
စစ်ကြောရေးစခန်းက ငါ့ရဲဘော်ရဲ့သတင်းစကား
ငါကြားယောင်မိ
ငါဘာလုပ်နိုင်မှာလဲ
ကျားငစဉ်းလဲတွေရဲ့ သံပတ်မှာ ဘယ်ဘုရားမှလည်း မရှိ
ဘယ်တရားမှလည်း မငြိ
ရန်သူကို ပစ်သတ်ဖို့ လက်နက်မရှိတဲ့အခါ
ငါတို့အသက်ဟာ ပုစဉ်းပစ်လောင်ချာ
ငါတို့ဟာ အရည်အသွေးအပြည့် 
သဘာဝလူသားကျည်ဆန်
ဆိုတော့
ငါလည်း ဝိညာဉ်ကြိုးကိုဖြတ်ဖို့ တောင်းဆိုလိုက်တယ်
ငါ့ကိုသတ်ပေးဖို့ပေါ့
လျှာပေါ်ပေါက်နေတဲ့ မြက်ခင်းတစ်ခုမှာ
နောက်ထပ်ဘယ်လေပြည်မှ အထိုးမခံတော့ပါ
စစ်ခွေးတွေ ဘာပြောလိုက်သလဲ
 တစ်ယောက်ယောက်ကြားမိလား
ငါ့အတောင်ပံက လေထုထဲ အခိုးအငွေ့လို 
တိုးဝှေ့နေရတာနဲ့
ဘာမှ မသိလိုက်ရပါလေ။ ။

နေသွင်နိုင်း

(စစ်ကြောရေးရောက်ရှိသွားကြတဲ့ ရဲဘော်များရဲ့ ငါ့ကိုသတ်ပေးပါအသံများမှတစ်ဆင့် ခံစားရေးဖွဲ့)

၁၃-၅-၂၀၂၂

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar