Breaking News

မျိုးအောင်လင်း - မတရားမှုများနဲ့ သမိုင်းကြွေးပေးဆပ်ဖို့

မျိုးအောင်လင်း - မတရားမှုများနဲ့ သမိုင်းကြွေးပေးဆပ်ဖို့
(မိုးမခ) မေ ၁၅၊ ၂၀၂၂

လွန်ခဲ့သည့် ဆယ်စုနှစ် ၂ ခုနီးနီးက တတိယ ဖွံ့ဖြိုးပြီးနိုင်ငံတနိုင်ငံမှာ အလုပ်လုပ်ဖို့ ရောက်ရှိခဲ့ဖူးသည်။ ထိုစဉ်က နအဖစစ်အစိုးရလက် ထက်။ အကယ်၍ အဆိုပါတတိယနိုင်ငံမှာ နေထိုင်လိုပါက မိမိနိုင်ငံကိုပြန်လျင် ဖမ်းဆီး၊ နှိပ်စက်၊ ထောင်ချခံရနိုင်ချေရှိသည်ဟု တရားရေးဝန်ကြီးဌာနတွင် သွားလျှောက်ထားလျင် အတိတ်က နိုင်ငံရေးနှင့်ဆက်နွယ်သည့် အဖြစ်အပျက် အထောက်အထား တခုခုကို ပြသနိုင်ခဲ့လျင် အဆိုပါတတိယနိုင်ငံက ဒုက္ခသည်အဖြစ်နေထိုင်ခွင့်ပေးထားမည့် အနေအထားရှိသည်။ 

ထိုစဉ်က ယင်းသို့ လျှောက်ထားနေထိုင်သည့် မြန်မာနိုင်ငံသား ဒါဇင်နှင့်ချီရှိခဲ့ကြသည်။ သို့ပေမယ့် ကျနော့်အနေနဲ့တော့ ရောက်ရှိစဉ်ကတည်းက မြန်မာနိုင်ငံကို ပြန်မည့်ဆုံးဖြတ်ချက်က ရှိထားပြီးဖြစ်သည်။ စစ်အစိုးရဘယ်တော့ ပြုတ်ကျမလဲဆိုသည့်အချက်ကို မသိနိုင်သော်လည်း စစ်တပ်အုပ်ချုပ်မှု၊ အာဏာရှင်အုပ်ချုပ်မှုကို အာခံဖို့ အရှုံးမပေးဘဲ ဒီမြေကိုပဲပြန်မယ်လို့ စိတ်ထဲမှာ ဆုံးဖြတ်ထားပြီးဖြစ်လို့ အဆိုပါ ဒုက္ခသည်နေထိုင်ခွင့်တွေ မလျှောက်ထားခဲ့ပါ။ စစ်တပ်အုပ်ချုပ်မှု အာဏာရှင်အုပ်ချုပ်မှုတနေ့ လွတ်မြောက်အောင် လုပ်ဆောင်ဖို့အရေးမှာ ကိုယ်လည်း တတ်နိုင်တဲ့နေရာက ပါဝင်ဖို့ အဲဒီလိုအချိန်တွေကို ကိုယ်တိုင်တွေ့မြင်ချင်တဲ့ ခံစားချက်ကြောင့်လည်း ဖြစ်သည်။ အဲလိုနဲ့ နှစ်အတန်ကြာ အလုပ်လုပ်ရင်းနေထိုင်ဖြစ်ခဲ့သော်လည်း တတိယနိုင်ငံမှာ နေထိုင်ဖို့ စိတ်ကူးလုံးဝမရှိဘဲ စစ်အစိုးရအုပ်ချုပ်ဆဲကာလမှာပင် မြန်မာနိုင်ငံကို ပြန်လာခဲ့သည်။ မြန်မာနိုင်ငံမှာ စစ်အစိုးရအုပ်ချုပ်မှုအောက်မှာ နိုင်ငံရေးအလုပ်မဟုတ်သော်လည်း မိမိစိတ်ဝင်စားသည့် အလုပ်ကိုလုပ်ရင်း ဖြတ်သန်းခဲ့သည်။ စာပေလွတ်လပ်ခွင့်၊ လွတ်လပ်စွာပြောဆိုခွင့် စသည့်အရေးများကို အထောက်အပံ့ဖြစ်စေသည့် အလုပ်များကိုလုပ်ကိုင်ရင်း ဖြတ်သန်းခဲ့ရာမှ၊ ၂၀၁၁ ခုနှစ် ပွင့်လင်းစပြုလာသည့်အခါ လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့် အခွင့်အရေးကိစ္စတွေအတွက် အထောက်အကူဖြစ်စေသည့် အလုပ်တွေကို ကူညီလုပ်ဆောင်ဖြစ်ခဲ့သည်။ 

အခုတပြန် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်တွင် နယ်စပ်တိုင်းရင်းသား လက်နက်ကိုင်ဧရိယာ၊ ထိုင်းနိုင်ငံအချို့ကတော့ ထိုမှတဆင့် တတိယနိုင်ငံတွေအထိ တိမ်းရှောင်ခိုလှုံကြပြန်သည်။ အခုတကြိမ် တိမ်းရှောင်ကြသည့် အရေအတွက်က ၁၉၈၈ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ထက်အများကြီးပိုများပြားသည်။ ဆက်သွယ်ရေးစနစ်တွေ တိုးတက်လာသည့်ခေတ်ကြောင့်လည်း ဖြစ်ကောင်းဖြစ်လိမ့်မည်။ နယ်စပ်၊ အိမ်နီးချင်းနိုင်ငံကအခြေအနေ သတင်းအချက်အလက်က နေ့စဉ်နာရီနဲ့အမျှ မိနစ်နဲ့အမျှ အချင်းချင်းဆက်သွယ်ပေးပို့နိုင်သည့် အခြေအနေကြောင့် ဆက်သွယ်ကာ သွားရောက်ကြတာမျိုးလည်း ဖြစ်ပေလိမ့်မည်။ 

ဒီတကြိမ်လည်း အိမ်နီးချင်းနိုင်ငံ တတိယနိုင်ငံကို တိမ်းရှောင်ဖို့ စိတ်မကူး၊ သည်မြေမှာပဲနေပြီး သည်မြေမှာပဲ အများနှင့်အတူ အေးအတူ ပူအမျှနေလိုသည်။ မိမိရဲ့ အလုပ်အကိုင်နှင့် အရင်လုပ်ဆောင်ခဲ့သည့် နောက်ကြောင်းဖြင့်ဆိုလျင် တတိယနိုင်ငံကို သွားခွင့်ရဖို့ လွယ်လွယ်ကူကူနှင့် ရနိုင်သည်၊ သေချာပေါက် ခွင့်ပြုမည်ဆိုသည်ကို မသိ၍မဟုတ် သိရှိပြီးဖြစ်သည်။ စစ်အာဏာသိမ်းခါစက နိုင်ငံခြားက မိတ်ဆွေတချို့နှင့် တိုင်းရင်းသားလက်နက်ကိုင်နယ်မြေက အသိမိတ်ဆွေက စိုးရိမ်သဖြင့် တစုံတရာ တိမ်းရှောင်လိုပါလျင် ၄င်းတို့ကို အသိပေးပါ ကူညီမည်ဟု ကမ်းလှမ်းဖူးသည်။ မလိုအပ်သေးပါဟုသာ ပြန်ပြောလိုက်သည်။ လွတ်လပ်စွာပြောဆိုခွင့်အတွက် လူသိရှင်ကြားပြောဆိုနေသည်မှာ မှန်သော်လည်း မိမိအလုပ်က လက်နက်ကိုင်တိုက်ခိုက်သည့် အလုပ်လည်းမဟုတ်၊ နိုင်ငံရေးအာဏာအတွက် အဖွဲ့အစည်းထဲ ဝင်လုပ်နေသူလည်း မဟုတ်သဖြင့် လုံခြုံရေးအရ မဖြစ်မနေ တိမ်းရှောင်ရမည့်အနေအထားမဟုတ်ဟုယူဆသည်ကတကြောင်း၊ တတိယနိုင်ငံထက်စာလျင် ဖမ်းဆီးခံရသည်ကမှ ပြန်လွတ်လာသည့်အခါ မိမိနိုင်ငံတွင်နေထိုင်ကာ ဆက်လက်လုပ်ကိုင်နိုင်မည်ဟု ယူဆသည်ကတကြောင်းကြောင့် သွားဖို့ တိမ်းရှောင်ဖို့ စိတ်မကူး။ 

မိမိတို့လောက် အန္တရာယ်မရှိသူတွေ အများအပြားလည်း မိသားစုအလိုက် နယ်စပ်ကတဆင့် ထိုင်းနိုင်ငံကို တိမ်းရှောင်သွားကြကာ တတိယနိုင်ငံသွားခွင့်ရဖို့ စာရင်းပေးတန်းစီထားကြသည်၊ အချို့လည်း မြန်မြန်ရောက်သွားကြသလို အချို့လည်း ၅လ ၆ လမက ထိုင်းနိုင်ငံမှာ ကြာ ရှည်စွာသောင်တင် နေကြသူတွေလည်း ရှိသည်။ ယခုတကြိမ် စစ်အာဏာသိမ်းပြီးနောက် ခုခံတိုက်ခိုက်မှု၊ အာခံမှုကလည်း ၁၉၈၈ ခုနှစ်ကထက် အရှိန်ကောင်းသလို စစ်ကောင်စီရဲ့ ဖမ်းဆီးမှုအရေအတွက်ကလည်း သောင်းဂဏန်းထိ ရောက်ရှိနေပြီး ဖမ်းဆီးစဥ်၊ စစ်ဆေးစဥ် အသက်ဆုံးရှုံးရသည့် အရေအတွက်ကလည်း ရာဂဏန်းကျော်နေပြီ ဖြစ်သည်။ ယင်းသို့ ဖမ်းဆီးစဥ် ရိုက်နှက် ညှင်းပန်းမည်ကို ကြောက်ရွံ့ခြင်းကြောင့်သော်လည်းကောင်း၊ အသက်ဆုံးရှုံးမည်ကို မခံလို၍သော်လည်းကောင်း တိမ်းရှောင်သည့်နည်းလမ်းကို မည်သူကမျှ မဝေဖန်ကြ မကန့်ကွက်ကြ။ 

သို့ရာတွင် ပြည်တွင်းတွင် ရပ်တည်၍ ဆက်လက်လုပ်ဆောင်မည့်သူတွေ လျော့နည်းသွားမည့်အရေးကိုလည်း ထည့်တွက်သင့်သည်ဟု မြင်ပါသည်။ ဦးဆောင်သူတွေက အဖမ်းမခံရရေး တိမ်းရှောင်ကြရာမှ နယ်စပ် ထိုမှတဆင့်အိမ်နီးချင်းနိုင်ငံတွင် တရားဝင်နေထိုင်ခွင့်အခက်အခဲရှိခြင်းကြောင့်သော်လည်းကောင်း လုံခြုံရေးကြောင့်သော်လည်းကောင်း တတိယနိုင်ငံသို့ ထွက်ခွာသွားကြရပြီဆိုပါက တော်လှန်ရေးကို အသက်စွန့် အန္တရာယ်ကြားမှ လုပ်နေသူတွေနှင့် ခေါင်းဆောင်သူတွေအကြား ကွာဟမှုက တဖြည်းဖြည်းကျယ်လာမည့် အရေးလည်း ရှိနေသည်ကို ငြင်းမရပါ။ 

လီနင်က ဥရောပမှနေ၍ အောက်တိုဘာတော်လှန်ရေးကိုဦးဆောင်ခဲ့သည်ဟု ဆင်ခြေပေးကောင်းလည်း ပေးနိုင်ပါသည်။ သို့သော် မြန်မာ့နိုင်ငံရေးတွင် ၁၉၈၈ နောက်ပိုင်း အမျိုးသားညွန့်ပေါင်းအစိုးရအဖွဲ့ဝင်တွေ တတိယနိုင်ငံသို့ရောက်သွားပြီး အာဏာရှင်ဖြုတ်ချရေးလှုပ်ရှားမှု ရေရှည်တိုက်ပွဲအဖြစ် အသွင်ပြောင်းသွားသည့် သာဓကလည်း ရှိသည်ကို ပြန်သုံးသပ်ဖို့ လိုအပ်မည်ဖြစ်သည်။ 

မတရားမှုတွေကို လက်မခံ၊ ရပ်တန့်အောင် လုပ်ဆောင်လိုပါလျင် ဒီမိုကရေစီနှင့် တရားမျှတမှုရှိသည့် တတိယနိုင်ငံများသို့ သွားရောက်နိုင်သူတွေ သွားရောက်ကြပြီး ပြည်တွင်းက တိုက်ပွဲက ရေရှည်တိုက်ပွဲဖြစ်ပြီး အရှိန်လျော့သွားမည့်အရေးကို အလေးထားစဥ်းစားသင့်သည်ဟု မြင်ပါသည်။ နိုင်ငံရေးအောင်ပွဲများသည် ငွေကြေးနှင့်ဝယ်ယူ၍ ရသည့်အရာမျိုးမဟုတ်သည်ကိုလည်း သတိပြုသင့်ပါသည်။ အရင်းရှင်စနစ် ငွေကြေးအင်အားကြီးသည့် နိုင်ငံများအနေဖြင့် ငွေကြေးဖြင့်တော်လှန်ရေးကို အားပေးခြင်းဖြင့် အောင်မြင်နိုင်သည်ဟု ယူဆခြင်းသည်လည်း အချို့သောနိုင်ငံများ အခြေအနေများတွင် မှန်ကောင်းမှန်မည်ဖြစ်သော်လည်း အများစုတွင်တော့ ပိုင်းဖြတ်မှု၊ ရပ်တည်ခုခံမှု၊ ထောင်ကျတန်းကျ ရဲဘော်ရဲဘက်စိတ်များဖြင့် ခေါင်းဆောင်ရော နောက်လိုက်ပါ တိုက်ပွဲဝင်ဖို့ လိုအပ်သည့်အချက်က အဓိကကျသည်ကို မမေ့ဖို့လိုပါသည်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar