မြန်မာနွေဦး ခရိုနီကယ် - ဇွန် ၁၂ မြင်ကွင်း
မြန်မာနွေဦး ခရိုနီကယ် - ဇွန် ၁၂ မြင်ကွင်း
(မိုးမခ) ဇွန် ၁၃၊ ၂၀၂၂
မြန်မာ့အရေး အင်ဒို-ပစိတ်ဖိတ်ဒေသ မဟာဗျူဟာနဲ့ ပထဝီနိုင်ငံရေး ရှုထောင့်
ခုရက်ပိုင်း စင်္ကာပူနိုင်ငံမှာ ကျင်းပတဲ့ IISS ဆိုတဲ့ Think Tank အဖွဲ့က ကမကထလုပ်တဲ့ နှစ်စဥ် လုံခြုံရေးဆိုင်ရာ အစည်းအဝေး ဖြစ်တဲ့ ရှန်ဂရီလာ အစည်းအဝေးမှာ မြန်မာနိုင်ငံရေး အကျပ်အတည်းနဲ့ ပတ်သက်တဲ့ အကြောင်းကိစ္စကလည်း ဆွေးနွေးစရာ ကိစ္စတရပ်ဖြစ်ခဲ့ပြီး ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ရဲ့ ဆွေးနွေးချက်နဲ့ ထိုင်းအစိုးရရဲ့ မြန်မာ့အရေး အထူးကိုယ်စားလှယ်ရဲ့ ဆွေးနွေးချက်တွေက သတင်းမီဒီယာတွေမှာ သတင်းအဖြစ် ဖော်ပြကြတာ တွေ့ရပါတယ်။
ခုရက်ပိုင်းအတွင်း အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ အတိုင်ပင်ခံ ရဲ့ မှတ်ချက်ကလည်း မြန်မာ့အရေးနဲ့ ပတ်သက်လို့ အမေရိကန်ရဲ့မူဝါဒကို ထင်ဟပ်နေပြီး တရုတ်-အမေရိကန် ရဲ့ စစ်အင်အား ၊ မဟာမိတ်စုဖွဲ့မှုအခင်းအကျင်း၊ ဒေသတွင်း လုံခြုံရေးတွေအပေါ်မူတည်ပြီး ချမှတ်တဲ့ မဟာဗျူဟာလို့ ကောက်ချက်ချရမယ့် သဘောဖြစ်ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ အတိုင်ပင်ခံ ဒဲရစ်ချိုလက်က မြန်မာစစ်တပ်အနေနဲ့ ပြည်တွင်းကထွက်ပေါ်လာတဲ့ PDF လက်နက်ကိုင်တွေကို အနိုင်တိုက်ခိုက်နိုင်မယ့် အခြေအနေမရှိဘူးဆိုတဲ့ မှတ်ချက် နဲ့ တပြိုင်နက်ထဲမှာပဲ မြန်မာစစ်တပ်ကို လက်နက်ကိုင်တိုက်ခိုက်နေတဲ့ အဖွဲ့တွေကိုလည်း လက်နက်ကူညီဖို့ စဥ်းစားထားမှုမရှိကြောင်း လည်းထုတ်ပြောခဲ့တာ ဖြစ်ပါတယ်။
ယမန်နှစ် စစ်အာဏာသိမ်းမှု ဖြစ်ပွားခါစမှာလည်း အမေရိန်ကန် နိုင်ငံခြားရေးဌာနရဲ့ မှတ်ချက် နဲ့ သဘောထားမှာ လက်နက်ကိုင် တိုက်ပွဲတွေကို ကူညီဖို့ တနည်းအားဖြင့် စစ်ရေးကိစ္စရပ်တွေမှာ ကူညီဖို့ မရှိဘူးဆိုတာရှင်းရှင်းလင်းလင်း ပြောခဲ့ဖူးပြီး အဲလိုအကူအညီတွေက အရင်းအနှီးကြီးမားပြီး ရလဒ်အားဖြင့် မကောင်းတဲ့ သာဓကတွေ ရှိခဲ့တယ်လို့ ဆိုဖူးပါတယ်။
တဖက်မှာလည်း တရုတ်နိုင်ငံက မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုဖြစ်ပြီးခါစမှာပဲ မြန်မာ့အရေးမှာ ဘယ်နိုင်ငံမှ စစ်ရေးအရ ဝင်မပါဖို့ သတိပေးတဲ့ သဘောမျိုး သဘောထားမှတ်ချက်တွေ ပြောဆိုခဲ့ဖူးပါတယ်။
တရုတ်နိုင်ငံအနေနဲ့ မြန်မာ့အရေးကို ဒီမိုကရေစီ ပေါ်ထွန်းရေး စစ်အာဏာရှင်သက်တမ်းရှည်ရေး တို့ထက် သူ့အိမ်နီးချင်းနိုင်ငံ နယ်နိမိတ်ချင်းထိစပ်တဲ့ နိုင်ငံမှာ အခြားသောနိုင်ငံတနိုင်ငံက စစ်ရေးအရ ဝင်ရောက်ပတ်သက်တာမျိုးကို လက်မခံနိုင်ဘူးဆိုတာ ရှင်းရှင်းလင်းလင်း ကြေညာထားတဲ့ သဘောလို့ ယူဆရပါတယ်။
ဒါကြောင့် အမေရိကန် အနေနဲ့ မြန်မာ့နိုင်ငံရေးမှာ စစ်ရေးအရ ပါဝင်ပတ်သက်တာမျိုး မလုပ်ဖို့ စဥ်းစားဆုံးဖြတ်ထားတာ ဖြစ်ပါတယ်။ အရှေ့တောင် အာရှ၊ အင်ဒို-ပစိဖိတ်ဒေသတွေမှာ အမေရိကန် အနေနဲ့ တရုတ်နိုင်ငံနဲ့ ခေါင်းချင်းတည်ဖို့ တရုတ်ရဲ့ စစ်အင်အား မဟာမိတ် စုဖွဲ့မှု အခြေစိုက်စခန်း ချမှုတွေကို တားဆီးမယ်ဆိုတဲ့ ရည်ရွယ်ချက်အတွက် ရင်ဆိုင်ရမယ့်နေရာ အဖြစ် ထိုင်ဝမ်အရေး၊ တောင်တရုတ်ပင်လယ် ပိုင်ဆိုင်မှု ကိစ္စတွေ စတာတွေနဲ့တင် လုံလောက်နေပြီဖြစ်ပြီး အခြားစစ်ရေး စာချုပ် မဟာမိတ်အဖြစ် AUKUS လို QUAD လို အဖွဲ့တွေလည်း အင်အားကြီးနိုင်ငံတွေနဲ့ ဖွဲ့စည်း ခင်းကျင်းထားပြီဖြစ်ပါတယ်။
ဒါကြောင့်မြန်မာ့အရေးဟာ တရုတ်နဲ့ ရင်ဆိုင်ရေး မဟာဗျူဟာထဲမှာ အဓိကကျတဲ့ ဒေသတခုတော့မဟုတ်ပါဘူး။ ဒီမိုကရေစီ စနစ်ကို တန်ဖိုးထားကြောင်း ပြသဖို့ ဒေသတွင်းမတည်မငြိမ်ဖြစ်မှုတွေ များလာရင် အိမ်နီးချင်းနိုင်ငံတွေ အဖို့ ဝန်ပိုလာမယ့်အရေး မျှော်လင့်မထားတဲ့ အကျိုးဆက်တွေ ရလဒ်တွေ ထွက်ပေါ်လာမှာကို မလိုလားတဲ့ စဥ်းစားမှုမျိုးသာ ရှိကောင်းရှိနိုင်မယ်လို့ ခန့်မှန်းရပါတယ်။
လက်တွေ့ကျကျ ပြောရရင်တော့ မြန်မာ့ဒီမိုကရေစီအရေးအတွက် အင်အားကြီးနိုင်ငံတနိုင်ငံက ကူညီစေချင်တာက ရိုးရှင်းတဲ့ ဖြစ်လိုတဲ့ ဆန္ဒဆိုတာ နားလည်ပေမယ့် မြန်မာ့ဒီမိုကရေစီ ပေါ်ထွန်းရေးအတွက် မြန်မာ့အရေးကို ကမ္ဘာလုံးဆိုင်ရာ အမေရိကန်-တရုတ် အားပြိုင်မှု အခင်းအကျင်းထဲ ရောယှက်မသွားဖို့လည်း အရေးကြီးပါတယ်။
အဲဒီလို ရောယှက်သွားခဲ့ရင် ပြဿနာက မြန်မာ့ဒီမိုကရေစီပေါ်ထွန်းရေး တခုထဲမဟုတ်တော့ဘဲ အင်အားကြီးနိုင်ငံ ၂ခုရဲ့ အားပြိုင်မှုကြားထဲရောက်သွားနိုင်တာ ဖြေရှင်းရခက်တဲ့ ပြဿနာဖြစ်သွားနိုင်ခြေတွေလည်း ရှိတယ်လို့ ထင်မြင်မိပါတယ်။
လတ်တလောကမ္ဘာပေါ်မှာ အင်အားပြိုင်ဆိုင်မှုတွေ စစ်ရေးနည်းလမ်း အသုံးပြုမှုတွေ အုပ်စုဖွဲ့စည်းမှုတွေ တန်ပြန်အုပ်စုဖွဲ့စည်းမှုတွေ နဲ့ စီးပွားရေး ဖွံ့ဖြိုးရေး အကူအညီအထောက်အပံ့တွေထက် စစ်ရေး အကူအညီ အထောက်အပံ့တွေသာ ပိုပြီးပေးဖို့ စိတ်အားထက်သန်ကြတဲ့ အနေအထား ဘက်ဆီဦးတည်နေပြီး နိုင်ငံတွေမှာ အာဏာရှင် အစိုးရတက်လာတာလား ဒီမိုကရေစီ အစိုးရတက်လာတာလား ဆိုတာထက် ဒေသလုံးဆိုင်ရာ မဟာဗျူဟာမှာ ဘယ်အစိုးရက ဘယ်ခေါင်းဆောင်က အံဝင်ခွင်ကျ ဖြစ်မလဲ ၄င်းတို့ကို ထောက်ခံမလဲဆိုတဲ့အချက်ကိုသာ ပထမဦးစားပေး စဥ်းစားကြတာမျိုး ဖြစ်ပါတယ်။
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် နိုလင်းဟေဇာက မြန်မာ့အရေးက ပြည်တွင်းရေးဆိုတာထက် ပြည်တွင်းပဋိပက္ခရဲ့ အကျိုးဆက်တွေက ဒေသတွင်းနိုင်ငံတွေဆီ ရောက်လာနေပြီလို့ နှိုးဆော်လိုက်ပြီး ဒေသတွင်းနိုင်ငံတွေ တက်တက်ကြွကြွနဲ့ ဝိုင်းဝန်း အဖြေရှာကြဖို့ တိုက်တွန်းလိုက်တယ်လို့ သတင်းတွေမှာ ဖေါ်ပြထားပါတယ်။ ကုလ ကိုယ်စားလှယ်က မူးယစ်ဆေးဝါးကိစ္စ၊ လူမှောင်ခိုကိစ္စ၊ တရားမဝင် သစ်တင်ပို့မှု စတာတွေကို ထောက်ပြပြီး ပြည်တွင်းမတည်ငြိမ်မှု ပဋိပက္ခကြောင့် အဆိုပါ အကျိုးဆက်တွေက နယ်နိမိတ်မျဥ်းအပြင်ဘက်ထိ ကျော်လွန် ရိုက်ခတ်လာနေပြီလို့လည်း ဆိုပါတယ်။
ဒီရှန်ဂရီလာ ဆွေးနွေးပွဲမှာပဲ ထိုင်းနိုင်ငံက မကြာခင်က ခန့်အပ်ခဲ့တဲ့ မြန်မာ့အရေး ကျွမ်းကျင်သူကိုယ်စားလှယ် ဖြစ်သူက မြန်မာ့နိုင်ငံရေး အဖြေရှာရာမှာ စစ်တပ်မပါတဲ့ စဥ်းစားမှုမျိုးကလည်း လက်တွေ့မကျဘူးလို့ ဆိုလိုက်ပါတယ်။ စစ်အာဏာသိမ်းမှု မကြာခဏဖြစ်ပွားလေ့ရှိတဲ့ ထိုင်းနိုင်ငံ၊ စီးပွားရေး နဲ့ အာဏာမှာ စစ်တပ်အခန်းကဏ္ဍက အစဥ်အမြဲအချိုးအစားကြီးကြီးမားမား ပါဝင်လေ့ရှိတဲ့ ထိုင်းနိုင်ငံအနေဲ့ အခုလို ချဥ်းကပ်တာဟာ အံ့အားသင့်စရာမဟုတ်ပေမယ့် မြန်မာပြည်တွင်းမှာတော့ အဲဒီလို မှတ်ချက်ကို အများစုက ဆန့်ကျင်ကြမှာဖြစ်ပါတယ်။
ချုံ့ပြီးပြန်ကောက်ရမယ်ဆိုရင် မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှမှာ ပထဝီနိုင်ငံရေးအရ အရေးကြီးတဲ့ နေရာဖြစ်တယ်ဆိုတဲ့ အချက်ကလည်းမှန်ကန်ပြီး တရုတ်နိုင်ငံနဲ့ နယ်နိမိတ်ချင်းဆက်စပ်တာ ပြည်တွင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိတာ တရုတ်ရဲ့ စွမ်းအင်အတွက် ပင်လယ်ထွက်ပေါက် အဖြစ်နဲ့ လက်ရှိ အနေအထားမှာ ရှိနေတာတွေက ထည့်သွင်းစဥ်းစားစရာ အချက်တွေဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ မဟာဗျူဟာတွေအကြားထဲ နယ်ရုပ် ဖြစ်မသွားဖို့လည်း အရေးကြီးတဲ့အချက်ကို နိုင်ငံရေးခေါင်းဆောင်သူတွေ နားလည်သဘောပေါက်ဖို့ အရေးကြီးလှပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar