အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) ကိုးကန့်လက်နက်ကိုင် အဖွဲ့လက်ထဲ ကျရောက်၊ တိုင်းမှူးအပါအဝင် ထောင်နဲ့ချီတဲ့ လက်နက်ချသူ/ သုံ့ပန်းတွေရှိ
မြန်မာနွေဦး ခရိုနီကယ် - သြဂုတ် ၄ မြင်ကွင်း
(မိုးမခ) ဩဂုတ် ၅၊ ၂၀၂၄
အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) ကိုးကန့်လက်နက်ကိုင် အဖွဲ့လက်ထဲ ကျရောက်၊ တိုင်းမှူးအပါအဝင် ထောင်နဲ့ချီတဲ့ လက်နက်ချသူ/ သုံ့ပန်းတွေရှိ
ပြီးခဲ့တဲ့ သီတင်းပတ်လောက်ကတည်းက လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကို သိမ်းပိုက်နိုင်ပြီ၊ လားရှိုးမြို့ အုပ်ချုပ်ရေး ဖော်ဆောင်တော့မယ်ဆိုတဲ့ MNDAA ကိုးကန့် လက်နက်ကိုင် အဖွဲ့က ထုတ်ပြန်ကြေညာခဲ့ပေမယ့်လည်း သြဂုတ်လ ၂ ရက်နေ့နဲ့ ၃ ရက်နေ့တွေမှာမှ ရမခ ရဲ့ ခုခံမှု ကို အပြီးတိုင်အနိုင်ရပြီး သိမ်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဇူလိုင်လရဲ့ နောက်ဆုံး သီတင်းပတ်တွေမှာ တိုက်ခိုက်မှု အပြင်းထန်ဆုံးဖြစ်ခဲ့ပြီး ဇူလိုင်လလယ်လောက်ထိ မြို့ထဲမှာ ကျန်နေခဲ့ကြသေးတဲ့ မြို့ခံတွေ ပရဟိတ အကူအညီပေးရေး အဖွဲ့တွေ ကိုယ်တိုင် ဇူလိုင် ၂၇ ရက်ဝန်းကျင်မှာ မြို့ကိုစွန့်ခွာခဲ့ကြပြီး မြို့မှာ အကြောင်းအမျိုးမျိုးကြောင့် မထွက်ခွာနိုင်တဲ့ မထွက်ခွာတဲ့ မြို့နေလူထု အနည်းငယ်မျှသာ ကျန်နေခဲ့ပြီး နောက်ဆုံး သီတင်းတပတ်အတွင်း အကျဥ်းထောင်၊ တိုင်းစစ်ဌာနချုပ်နဲ့ ကျန်ရှိတဲ့နေရာတွေကို ပြင်းပြင်းထန်ထန် တိုက်ခိုက်သိမ်းယူခဲ့တာ ဖြစ်ပါတယ်။
နယ်စပ်ကုန်သွယ်ရေးရဲ့ အချက်အချာ ကျတဲ့မြို့၊ ရှမ်းမြောက်ဒေသရဲ့ အကြီးဆုံးမြို့ နဲ့အတူ တိုင်းစစ်ဌာနချုပ်ပါ ကိုးကန့်လက်နက်ကိုင်အဖွဲ့က သိမ်းယူခဲ့တာ ဖြစ်ပါတယ်။
သြဂုတ်လ ၄ ရက်နေ့ ညမှာတော့ စစ်ကောင်စီဘက်က စစ်တိုင်းမှူးအပါအဝင် အခြား စစ်ဗိုလ်ချုပ် ၂ ဦး ကိုးကန့်တပ်လက်ထဲ ရောက်သွားကြောင်းကို ဝန်ခံလိုက်ပြီး လားရှိုးမြို့ တမြို့လုံးနဲ့ ရမခ ကျသွားတာကို သွယ်ဝိုက် အတည်ပြုပေးလိုက်တဲ့ သဘောလည်း ဖြစ်ပါတယ်။ ရမခ က ဆေးတပ်ရဲ့ ဆေးရုံကို တိုက်ခိုက် သတ်ဖြတ်တာ၊ လူနာတွေနဲ့ အခြားဝန်ထမ်းတွေကို ဖမ်းဆီးခေါ်ဆောင်သွားတဲ့ အဖြစ်အပျက်တွေကို ပြောဆိုခဲ့သလို စစ်ရာဇဝတ်မှု ကျူးလွန်တဲ့ စွပ်စွဲချက်သဘောမျိုး စွပ်စွဲပြောဆိုခဲ့တာ ဖြစ်ပါတယ်။
စစ်ဆေးရုံကို တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ဘယ်လို သေဆုံးသလဲ၊ ဘယ်လို သတ်ဖြတ်သလဲဆိုတဲ့ အချက်အလက်တွေက အခုလို အခြေအနေမှာ အတည်ပြုဖို့ ခက်ခဲနေဦးမှာ ဖြစ်ပြီး တဖက်မှာလည်း စစ်ကောင်စီတပ်က စစ်ကိုင်းမှာ၊ မကွေးတိုင်း မြောက်ပိုင်းမှာ နဲ့ မြန်မာနိုင်ငံ အခြားဒေသတွေမှာ အရပ်သားတွေ ကို စွပ်စွဲသတ်ဖြတ်မှုတွေ၊ လေကြောင်းက တိုက်ခိုက်ပြီး အရပ်သားတွေ ဆယ်ဂဏန်းမက ရာဂဏန်းအထိ ပါ သေဆုံးခဲ့ရတဲ့ အဖြစ်အပျက်တွေ နဲ့ နှိုင်းယှဥ်ပြီး အခုလို ဖြစ်ရပ်မျိုး အမှန်တကယ် ကြုံတွေ့ရတယ်ဆိုရင်တောင် ပရိသတ်အများရဲ့ စာနာမှုကို ရဖို့ မလွယ်ကူတဲ့ သဘောလည်း ဖြစ်ပါတယ်။
ရမခ ဆုံးရှုံးပြီး စစ်တိုင်းမှူး အပါအဝင် သုံ့ပန်းအဖြစ် ဖမ်းဆီးခံရကာ ထောင်နဲ့ချီတဲ့ လက်နက်ကိုင်နဲ့ မိသားစုဝင်တွေ သုံ့ပန်းအဖြစ်ကျရောက်ခြင်းက ရှမ်းပြည်နယ်ရဲ့ သမိုင်းတင်မက မြန်မာ့သမိုင်းမှာပါ ထင်ရှားတဲ့ အဖြစ်အပျက်တခု အဖြစ် မှတ်တမ်းတင်ရမယ့် ဖြစ်ရပ်ဖြစ်ပါတယ်။
အခုလို တိုင်းမှူးအပါအဝင် ဖမ်းဆီးခံရတာ သို့မဟုတ် လက်နက်ချတဲ့ အဖြစ်အပျက်က မဖြစ်နိုင်ဘူးလို့ ယူဆထားတဲ့ အနေအထားကို ဖြစ်အောင်လုပ်ဆောင်နိုင်ခဲ့လို့ စစ်ကောင်စီတပ်၊ တနည်းအားဖြင့် ဆယ်စုနှစ် ၇ ခုကျော်ကြာ စစ်အင်အားနဲ့ စိုးမိုးလာခဲ့တဲ့ မြန်မာပြည်မက စစ်အာဏာ ကျဆုံးဖို့ နီးနေပြီဆိုတဲ့ လက္ခဏာက ထင်ထင်ရှားရှား ဖြစ်လာတဲ့ သဘောလည်း ဖြစ်ပါတယ်။
ဒီစစ်တိုင်းဌာနချုပ်တခု တဖက်တိုက်ခိုက်သူလက်ထဲ ကျရောက်ရတဲ့အတွက် အာဏာသိမ်းစစ်ကောင်စီ အတွင်းမှာ ဆုံးရှုံးမှု အတွက် တာဝန်ခံရမယ့်သူက ဘယ်သူ ဖြစ်မလဲ၊ နံပါတ် ၁ မင်းအောင်လှိုင်နဲ့ နံပါတ်နှစ် ဖြစ်တဲ့ စိုးဝင်းတို့က အခုလို ကြီးမားတဲ့ အရှုံးအတွက် တာဝန်ခံတဲ့ သဘောနဲ့ တစုံတရာ အပြောင်းအလဲ လုပ်မလား သို့မဟုတ် ၄င်းတို့ရဲ့ ခေါင်းဆောင်မှုကို လက်မခံတဲ့ စစ်ခေါင်းဆောင် အပြောင်းအလဲ လုပ်ဖို့ ကြိုးပမ်းမှုတွေ စစ်ကောင်စီ အတွင်းမှာ ပေါ်ထွက်လာမလား ဆိုတဲ့ ဖြစ်နိုင်ခြေတွေလည်း ရှိကောင်း ရှိနိုင်ပါတယ်။ အဲလိုမှ မဟုတ်ပဲ စစ်ကောင်စီထဲက စစ်ဗိုလ်ချုပ်တွေထဲမှာ မင်းအောင်လှိုင် နဲ့ စိုးဝင်းတို့လို ခေါင်းဆောင်နောက်ကပဲ လိုက်မယ် ဆိုတဲ့ သူက အများစုဖြစ်နေတဲ့ သဘောလား ဆိုတာအထိတော့ သက်သေပြဖို့ခက်ခဲမှာ ဖြစ်ပါတယ်။
လားရှိုးမြို့နဲ့ ရမခ ကျဆုံးသွားတဲ့ အဖြစ်အပျက်ကို ကိုးကန့်အဖွဲ့ရဲ့ နောက်ကွယ်မှာ တရုတ်နိုင်ငံ ရှိနေပြီး ဒီလို နယ်မြေလက်လွှတ်ဆုံးရှုံးရခြင်းက ကျူးကျော်စစ်ပွဲ ဆင်နွှဲခံရခြင်း သဖွယ် ဝါဒဖြန့်တာတွေလည်း ခုရက်ပိုင်းမှာ စစ်တပ်ထောက်ခံတဲ့ တယ်လီဂရန်တွေမှာ ကျယ်ကျယ်ပြန့်ပြန့်ရေးသား နေကြတာ တွေ့ရပါတယ်။ ယခင် ၁၀၂၇ စစ်ဆင်ရေး စတင်ပြီး ၂ လ ကျော် ၃ လအကြာမှာ တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်ညှိနှိုင်းမှုနဲ့ နှစ်ဖက် လက်နက်ကိုင်တပ်တွေအကြား ယာယီအပစ်ရပ်စဲမှု ရခဲ့စဥ်က စစ်ကောင်စီအနေနဲ့ တရုတ်နိုင်ငံကို အားကိုးခဲ့ပေမယ့် အခု ၁၀၂၇ စစ်ဆင်ရေးရဲ့ ဒုတိယအကျော့မှာတော့ တရုတ်နိုင်ငံအနေနဲ့ အပစ်ရပ်ဖို့ ထိရောက်တဲ့ သြဇာမသုံးတာ သို့မဟုတ် အခုလို အဖြစ်အပျက်တွေကနေ စစ်ကောင်စီကို သင်ခန်းစာပေး ဆုံးမလိုတဲ့ သဘောရှိတာကြောင့် စတဲ့ ဖြစ်နိုင်ခြေ တခုခုကြောင့် ဒုတိယအသုတ်စစ်ဆင်ရေးက အပစ်ရပ်နိုင်ခြင်း မရှိတော့ဘဲ လားရှိုးမြို့နဲ့ ရမခ ကျရှုံးတဲ့အထိ ဖြစ်လာခဲ့တာပါ။
ခု သီတင်းပတ်အတွင်း တရုတ်နိုင်ငံက ကမ်းလှမ်းတဲ့ ကမကထ လုပ်တဲ့ ဒုတိယအကျော့ ဆွေးနွေးမှုကိုလည်း မြန်မာစစ်ကောင်စီဘက်က မတက်ရောက်တော့ဘဲ ငြင်းပယ်ခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။
မြန်မာ့အရေးမှာ တရုတ်နိုင်ငံဟာ အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိတယ်ဆိုတာကို စစ်ကောင်စီ အနေနဲ့ လက်ခံချင်သည် ဖြစ်စေ၊ လက်မခံချင်သည် ဖြစ်စေ ပကတိ အခြေအနေအဖြစ် ရှိနေမှာဖြစ်ပြီး တရုတ်နိုင်ငံကို တန်ပြန်တဲ့ အနေနဲ့ အခြားအင်အားကြီးနိုင်ငံ တနိုင်ငံဖြစ်တဲ့ ရုရှားနိုင်ငံကို အောက်ကျို့ ဆက်ဆံနေခြင်းက စစ်ကောင်စီ အတွက် ပြည်တွင်းက နယ်မြေတွေ လက်လွှတ်ဆုံးရှုံးနေရတဲ့ အနေအထား၊ စစ်ရေးအရ ဆက်တိုက်အရှုံးနဲ့ ရင်ဆိုင်နေရတဲ့ အခြေအနေကို ဘာအထောက်အကူမှ ဖြစ်စေမှာ မဟုတ်တာကို တွေ့ရမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ စစ်ပွဲတွေ၊ လက်နက်ကိုင် တိုက်ခိုက်မှုတွေဟာ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ ဆန္ဒမရှိရာက အစပြုခဲ့ပြီး ဆယ်စုနှစ် ၇ ခုကျော်ရှည်ကြာလာတဲ့ ပြည်တွင်းစစ်က အခုအချိန်မှာ အနက်ရှိုင်းဆုံး နဲ့ အဆိုးဆုံးအခြေအနေကို ဆက်လက်ဦးတည်ဖို့ လက္ခဏာတွေ မြင်တွေ့နေရတာပါ။ အခုအခါမှာတော့ အဖွဲ့အသီးသီး၊ အင်အားစု အသီးသီးမှာ စစ်အင်အား၊ စစ်ရေး အသာစီးရရှိမှုသည်သာ အဆုံးအဖြတ်ဖြစ်တယ်ဆိုတဲ့ အယူအဆကို ပိုမိုအားကောင်းစေခဲ့ပြီ ဖြစ်ပါတယ်။ စစ်ရေးအင်အား တခုထည်းနဲ့ အခြားသော နိုင်ငံရေးအင်အားစု၊ သေးငယ်တဲ့ စစ်ရေးအင်အားစု တွေ အဖွဲ့တွေကို နိုင်ထက်စီးနင်း ပြုမူဆက်ဆံခဲ့တဲ့ မြန်မာစစ်တပ်ရဲ့ အဆုံးပိုင်းကို ရောက်လာနေပြီလို့ ဆိုရမယ့် အနေအထားလည်း ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar